စစ်တွေခရိုင် ပုဏ္ဏားကျွန်းမြို့နယ်၌ တတိယအကြိမ်မြောက် ခမီနှစ်သစ်ကူးပွဲတော် ကျင်းပမည်

စစ်တွေ ၂ ဒီဇင်ဘာ 

 

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် ခမီတိုင်းရင်းသားတို့၏ တတိယအကြိမ်မြောက် နှစ်သစ်ကူးနေ့ပွဲတော်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စမ္မတီးချောင်းကျေးရွာ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ခမီတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌ ဦးလေကျော်အောင်က ပြောသည်။

 

“ခမီတိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့၊ အစဉ်အလာတွေ မပျောက်ပျက်အောင်၊ အခုခေတ် လူငယ်၊ လူရွယ်တွေအနေနဲ့ ဘိုးဘွားတွေလက်ထက်ကနေ ဆင်ယင်ကျင်းပလာတဲ့ ပွဲတော်တွေ၊ ယဉ်ကျေးမှုတွေကို လက်ဆင့်ကမ်းထိန်းသိမ်းတတ်စေဖို့၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေဖို့၊ ခမီတိုင်းရင်းသားများ နှစ်သစ်ကူးနေ့မှာ တစ်စုတစ်ပေါင်းတည်း တွေ့ဆုံပြီးတော့ စည်းလုံးညီညွတ်မှု ခိုင်မြဲလာစေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ နှစ်သစ်ကူးပွဲတော်နေ့ကို ကျင်းပခြင်းဖြစ်ပါတယ်” ဟု ဦးလေကျော်အောင်က ပြောသည်။

 

ခမီတိုင်းရင်းသားများအနေဖြင့် ပထမအကြိမ်နှင့် ဒုတိယအကြိမ် နှစ်သစ်ကူးပွဲတော်ကို မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ဝါးခုတ်ချောင်းကျေးရွာ၌ ကျင်းပခဲ့ပြီး တတိယအကြိမ်မြောက် ပွဲတော်ကို ပုဏ္ဏားကျွန်းမြို့နယ်၊ စမ္မတီးချောင်းကျေးရွာ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

 

ရခိုင်ပြည်နယ်တွင် ခမီတိုင်းရင်းသား (၈)သောင်းကျော်ရှိပြီး စစ်တွေမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပေါက်တောမြို့နယ်၊ မင်းပြားမြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် နေထိုင်ကြကြောင်း သိရသည်။ 

 

တင်ထွန်း(ပြန်/ဆက်)