စစ်တွေမြို့ ဘိုးဘွားရိပ်သာသို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

စစ်တွေ မတ် ၄

 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စစ်တွေဘိုးဘွားရိပ်သာသို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို မတ် ၄ ရက် မွန်းလွဲပိုင်းက ဘိုးဘွားရိပ်သာဓမ္မာရုံ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက “ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အဘိုးအဘွားများ စားရေရိက္ခာများ အဆင်ပြေစေရန် ဆန်၊ ဆီနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများကို လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း၊ အဘိုးအဘွားများအနေဖြင့်လည်း ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့ပြည်နယ်၏ အကျိုးအတွက်  မေတ္တာပို့သကာ မိမိတို့အတွက် တရားဘာဝနာများ ပွားများအားထုတ်နိုင်ပါစေကြောင်း” နှုတ်ခွန်းဆက် ဆုတောင်းစကား ပြောကြားသည်။ ထို့နောက် စစ်တွေမြို့ ဘိုးဘွားရိပ်သာ ကြီးကြပ်မှုကော်မတီ ဘဏ္ဍာရေးမှူးက ဘိုးဘွားရိပ်သာ၏ လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘိုးဘွားရိပ်သာအတွက် ဆန်နှင့် ဆီများကို ပေးအပ်လှူဒါန်းသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အဘိုးအဘွားများအား ဆေးဝါးနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းကြပြီး ဘိုးဘွားရိပ်သာအတွင်း ထမင်းစားဆောင်၊ စားဖိုဆောင်များအား လှည့်လည်ကြည့်ရှုကာ အခမ်းအနားသို့ မတက်ရောက်နိုင်သည့် ဘိုးဘွားများအား ဆေးဝါးနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြသည်။

 

တင်ထွန်း(ပြန်/ဆက်)