စစ်တွေ ၁၇ ဧပြီ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ မြန်မာသက္ကရာဇ် ၁၃၈၁-ခု၊ မြန်မာနှစ်ဆန်းတစ်ရက် ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည့် (၅၅)ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီး ပူဇော်ပွဲသို့တက်ရောက်ပြီး သက်ကြီးဘိုး၊ ဘွားများအား ပူဇော်ကန်တော့ပြီး လှူဖွယ်ပစ္စည်းများလှူဒါန်းသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ ဌာနဆိုင်ရာများ၊ သက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော လူပုဂ္ဂိုလ်များက အပူဇော်ခံ အဘိုး၊ အဘွားများအား လက်အုပ်ချီမိုး ဦးချကန်တော့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သက်ကြီး အဘိုး၊ အဘွားများအား မင်္ဂလာရေစင်ဖြင့် ပက်ဖျန်းပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များ၊ ပင်တိုင်အလှူရှင်များက အဘိုး၊ အဘွားများကို အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းကြသည်။ ယင်းနောက် အပူဇော်ခံ အဘိုး၊ အဘွားများကိုယ်စား အသက် ၈၅ နှစ်ရှိ အဘိုး ဦးကျော်သာက မေတ္တာပို့ကျေးဇူး တင်စကားပြန်လည်ပြောကြားပြီး ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီ၊ ယဉ်ကျေးမှုကော်မတီမှ “ရက္ခိတအားမာန် ပြိုင်လောင်းဟန်” “ရခိုင်စည်တီးပြည်ရွာအီး” ယိမ်းအကများဖြင့် ဂါရဝပြု ဖျော်ဖြေပူဇော်ကြသည်။
သက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီမှ ယနေ့ခန်းမအတွင်းသို့ လာရောက်အပူဇော်ခံ အဘိုး၊ အဘွား ၁၀၈ ဦးကို ပူဇော်ကြပြီး ရပ်ကွက်အသီးသီးရှိ အဘိုး၊ အဘွား ၉၈၆ ဦးကိုလည်းလှည့်လည် ပူဇော်သွားမည်ဖြစ်သည်။ စစ်တွေမြို့တွင် ရခိုင်ရိုးရာသက်ကြီး ပူဇော်ပွဲကျင်းပရေးကော်မတီမှ အသက် ၈၀ နှင့်အထက် အဘိုး၊ အဘွားများနှင့် အသက် တစ်ရာအထက် အဘိုး၊ အဘွား ၅ ဦးအပါအဝင် စုစုပေါင်း ၁၀၉၄ ဦးကို ငွေကျပ် ၄၉၂၃၀ဝ၀ဝ ကျပ်ဖြင့် တစ်ဦးလျှင် ငွေကျပ် ၄၅၀ဝ၀ ကျပ်စီ ပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။
လုံးကျွတ် သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီဝင်များ၊ မြို့မိ၊ မြို့ဖများ စေတနာရှင်အလှူရှင်များနှင့် ရခိုင်ယဉ်ကျေးမှုဖွဲ့ လူငယ်များ တက်ရောက်ကြကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ- တင်ထွန်း(ပြန်/ဆက်)


