စစ်တွေ စက်တင်ဘာ ၂၂
အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ဆောင်ရွက်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ အငြိမ်းစားဝန်ထမ်းများအား မြန်မာ့စီးပွားရေး ဘဏ်ဝန်ထမ်းများက ပင်စင်လစာထုတ်ပေးနိုင်ရန်အတွက် လိုအပ်သောစိစစ်မှုများဆောင်ရွက်ကာ ပင်စင်လစာထုတ်ပေးနေမှု၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှဝန်ထမ်းများ၊ စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်နှင့် သူနာပြုများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး အငြိမ်းစားဝန်ထမ်းများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်သည်။
ယမန်နေ့မွန်းလွဲပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါခန်းမ၌ကျင်းပသည့် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သည့်အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပြီး တပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေကျပ် ၄၀၅၀၀၀၀ ပေးအပ်ချီးမြှင့်ကာ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


