စစ်တွေ ၁၅ ဧပြီ

 


၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်ကာလ၊ ယနေ့ မဟာသင်္ကြန်အကြတ်နေ့တွင် စစ်တွေမြို့ရှိ ကျောင်းတိုက်အသီးသီး၌ ကုသိုလ်ကောင်းမှု ပြုလုပ်သူများ၊ သီလဆောက်တည်သူများဖြင့် စည်ကားလျက်ရှိသည်။

 


“ကျွန်တော်ကတော့ နှစ်စဉ်နှစ်တိုင်း အခါကြီးနေ့ကြီးတွေဆိုရင် ဥပုသ်သီလဆောက်တည်ပြီးတော့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်လေ့ရှိပါတယ်၊ ဒါဘယ်မယ့် ဒီလိုသင်္ကြန်တွင်းဆိုရင်တော့ သူငယ်ချင်းတွေနဲ့ သင်္ကြန်လည်ကြတာပေါ့၊ ကျွန်တော်တို့သူငယ်ချင်းတွေနဲ့ သင်္ကြန်လည်ကြပြီး နှစ်ဆန်းတစ်ရက်နေ့မှ အခုလိုသီလဆောက်တည်ကြတယ်၊ ဒီနှစ်တော့ ကျွန်တော်တို့ စစ်တွေမြို့မှာ သင်္ကြန်မဏ္ဍပ်တွေလည်း မရှိဘူး၊ တခြားမြို့နယ်တွေမှာလည်း ရှိမှာမဟုတ်ဘူး၊ ဒါကြောင့် ကျွန်တော်တို့သူငယ်ချင်းတွေနဲ့ ဥပုသ်သီလဆောက်တည်ဖို့ လာရောက်တာဖြစ်တယ်” ဟု ဝိမလဓမ္မနာဒ(ဓာတ်လယ်) ကျောင်းတိုက်ဓမ္မရိပ်သာတွင် ဥပုသ်သီလဆောက်တည်ရန် လာရောက်သော စစ်တွေမြို့ မင်းဂံရပ်ကွက်မှ မောင်မောင်တင်က ပြောသည်။  

 


စစ်တွေမြို့ ဝိမလဓမ္မနာဒ(ဓာတ်လယ်) ကျောင်းတိုက်ဓမ္မရိပ်သာ၌ မဟာသင်္ကြန်အကြတ်နေ့တွင် သီလရှင်များ၊ လူကြီးများနှင့် လူငယ်လူရွယ်များပါ ဥပုသ်သီလဆောက်တည်သူများဖြင့် စည်ကားလျက်ရှိရာ ဓမ္မာရုံအတွင်းပြည့်လျှံပြီး ကျောင်းတိုက်အတွင်း သစ်ရိပ်၊ ဝါးရိပ်အောက်များတွင်ပင် သီလဆောက်တည် တရားတော်နာကြားနေကြသည်ကို တွေ့ရသည်။ 

 


ထို့အပြင် စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းတိုက်အသီးသီး၌ ဥပုသ်သီလဆောက်တည်ခြင်း ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ 

 


သင်္ကြန်သည် တစ်နှစ်ပြီးတစ်နှစ် ရွေ့လျားပြောင်းလဲလာခြင်းကို သတိရစေသဖြင့် ရွေ့လျားခြင်း သင်္ခါရဓမ္မကို ဆင်ခြင်သော ဗုဒ္ဓဘာသာ မြန်မာများသည် ဥပုသ်သီတင်း ဆောက်တည်၍ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းလေ့ရှိကြကြောင်း၊ မိမိတို့၏ သားသမီးမြေးမြစ် ငယ်ရွယ်သူတို့ကို ဦးဆောင်၍ ကျောင်းကန်၊ ဘုရားသွားကာ ဥပုသ်သီတင်းဆောက်တည်ကြကြောင်းနှင့် အလှူဒါန ပြုကြကြောင်း ဆရာတော်ဘုရားများ၏ ဟောပြောမှုများကို ကြားသိရသည်။ 

 


တင်ထွန်း(ပြန်/ဆက်)