ရန်ကုန် ၅  ဧပြီ

 

ရခိုင်ပြည်နယ်အစိုးရနှင့် BXT International Co., Ltd တို့ အကျိုးတူပူးပေါင်း ဖော်ဆောင်နေသည့် စစ်တွေမြို့ရှိ မြေဖို့မြေယာစီမံကိန်း (ဂရန်အမည်ပေါက်) မြေကွက် အရောင်းပြပွဲကို ရန်ကုန်မြို့နှင့် စစ်တွေမြို့တွင် တစ်ပြိုင်တည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းမှ သိရသည်။

 

အဆိုပါအရောင်းပြပွဲကို ဧပြီလ ၆ ရက်နှင့် ၇ ရက်တွင်၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ စစ်တွေမြို့၊ ဦးဥတ္တမခန်းမနှင့် ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်တို့တွင် တစ်ပြိုင်တည်း ပြုလုပ်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

 

“ဒီစစ်တွေ မြေဖို့မြေယာ စီမံကိန်းဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုအဖြစ် ရှိမှာဖြစ်ပါတယ်။ နိုင်ငံတကာ အဆင့်မီဟိုတယ်တွေ စားသောက်ဆိုင်တွေ ကွန်ဒိုအခန်းတွေ စုပေါင်းအိမ်ရာတွေ ကုန်သွယ်မှု စီးပွားရေးဇုန်တွေ ပေါ်ပေါက်လာနိုင်တာကြောင့် ရခိုင်ဒေသရဲ့ အထူးစီးပွားရေးဇုန်အဖြစ် တည်ရှိလာမှာ ဖြစ်ပါတယ်။” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူက ပြောသည်။

 

စစ်တွေမြေကွက် စီမံကိန်းကို ၂၀၁၆ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)၏ ခွင့်ပြုချက်ရပြီးဖြစ်ပြီး စစ်တွေမြေဖို့မြေယာ စီမံကိန်းတွင် စင်ကာပူနိုင်ငံ၏ မြေဖို့ခြင်းနည်းပညာကို အသုံးပြုထား၍ ကွန်ကရစ်ရေတားနံရံ (Retaining Wall) များ ထည့်သွင်းတည်ဆောက်ထားသဖြင့် မြေသားခိုင်မာမှုရှိကြောင်း သိရသည်။

 

ယင်းစီမံကိန်းထဲတွင် စုပေါင်းအိမ်ရာ၊ လက်လီလက်ကားဈေးကွက်၊ အလယ်အလတ်အမြင့်ရှိသော ကွန်ဒိုမီနီယံများ၊ ဂိုဒေါင်နှင့် ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ ကုန်သွယ်မှု စီးပွားရေးဇုန်၊ ငါးစက်ရုံများ အစရှိသော စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

"ဝယ်ယူသူများအတွက် ရခိုင်ပြည်နယ်အစိုးရမှ ဂရန်မြေထုတ်ပေးမှာဖြစ်တယ်။ ဒီစီမံကိန်းက စစ်တွေမြို့လယ် ကောင်နဲ့ ဘေးချင်းကပ်တည်ရှိပြီးတော့ နောက်သုံးနှစ်အတွင်း စစ်တွေမြို့လယ် ဖြစ်လာမှာပါ။ စစ်တွေမြို့လယ် မြေဈေး တစ်စတုရန်းပေ (၂) သိန်းမှ (၅) သိန်းဖြစ်နေတဲ့ အချိန်မှာ ဒီစီမံကိန်းက မြေကွက်တွေကို တစ်စတုရန်းပေ သောင်းဂဏန်းဈေးနဲ့သာ ရောင်းချပေးမှာဖြစ်ပါတယ်။" ဟု ဦးနေမင်းသူက ပြောသည်။

 

စစ်တွေမြေဖို့မြေယာစီမံကိန်း၏ အဓိက အားသာချက်များမှာ မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းများ တင်ပို့ရာ အဓိက ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်လာနိုင်ခြင်း၊ ပင်လယ်ကို မျက်နှာမူထားသည့် အိမ်ရာတိုက်ခန်းများတွင် အဆင့်မီမီ ဇိမ်ရှိရှိ နေထိုင်နိုင်ခြင်း၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများ တိုးများလာနိုင်ခြင်း၊ ရခိုင်ပြည်နယ်အတွင်း အဆင့်မီမြို့တော် တစ်ခုအဖြစ် ထွက်ပေါ်လာခြင်းကြောင့် လာရောက်နေထိုင် ရင်းနှီးမြှုပ်နှံသူများအတွက် စီးပွားရေး အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်ကြောင်း သိရသည်။

 

ထို့အပြင် စက်မှုမြို့ဖြစ်သည့် ပုဏ္ဏားကျွန်းမြို့တော်နှင့် ဆတ်ရိုးကျတံတား ဖွင့်ပြီးပါက နာရီဝက်ခန့်ဖြင့်သာ သွားလာနိုင်ခြင်း၊ လူမှုစီးပွား အားသာချက်များအပြင် MPA ဆိပ်ခံတံတားနှင့် Kaladan Multi-Modal Transit Transp ort Project (KMTTP) စီမံကိန်းတို့ကို ထောက်ပံ့ပို့ဆောင်ရေး မဏ္ဍိုင်ဒေသတစ်ခု ဖြစ်လာနိုင်ကြောင်း သိရသည်။

 

MDN