နာမည်ကြီး  ဘယ်လာရုစ်တင်းနစ်မယ်  အရွိုင်နာ ဆာဘယ်လင်ကာသည်    ဘရစ္စဘိန်း    အင်တာနေရှင်နယ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ယူကရိန်းတင်းနစ်မယ် မာတာကော့စ်ယူခ်ကို ၆-၄၊ ၆-၃ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ သုံးကြိမ်မြောက် ဖလားဆွတ်ခူးနိုင်ခဲ့သည်။

ကမ္ဘာ့နံပါတ်တစ်တင်းနစ်မယ် ဆာဘယ်လင်ကာသည် ပြိုင်ပွဲတစ်လျှောက်တွင် ဘူစကာ၊ ဆိုရန်နာ၊ ကီးစ်၊ မူချိုဗာတို့ကို အနိုင်ယူကျော်ဖြတ်ကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းလာသူဖြစ်သည်။ ၎င်းသည် ဗိုလ်လုပွဲတွင်လည်း ပြိုင်ဘက်ကော့စ်ယူခ်ကို ထပ်မံအနိုင်ယူကျော်ဖြတ်ကာ ဖလား ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ဆာဘယ်လင်ကာသည် ကော့စ်ယူခ်ကို အနိုင်ရရှိရန် ၇၉ မိနစ်ကြာ ယှဉ်ပြိုင်ကစားခဲ့ရကြောင်း သိရသည်။

ဆာဘယ်လင်ကာသည်  ဘရစ္စဘိန်း အင်တာနေရှင်နယ်ပြိုင်ပွဲသို့  လေးကြိမ်ဆက်   ဗိုလ်လုပွဲတက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး ယခင် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင်လည်း ဖလားဆွတ်ခူးထားနိုင်သည်။

ယခုအကြိမ် ဖလားဆွတ်ခူးနိုင်ခြင်းမှာ စက်တင်ဘာလက ယူအက်စ်အိုးပင်းပြိုင်ပွဲ၌ စတုတ္ထအကြိမ် မြောက်  ဂရင်းဆလမ်းဖလား  ဆွတ်ခူးရရှိပြီးနောက် ၂၂ လုံး မြောက်ရရှိသည့်  WTA  ဆုဖလားဖြစ်သည်။

ဆာဘယ်လင်ကာသည် လာမည့်ဇန်နဝါရီ  ၁၈ ရက်တွင်   စတင်ကျင်းပတော့မည့်  ဩစတြေးလျအိုးပင်းပြိုင်ပွဲတွင်လည်း ဖလားဆွတ်ခူးရန် ရည်မှန်းထားသည်။

မိုးဇက် - ရေးသားသည်