၂၆ နိုဝင်ဘာ
ပစိဖိတ်သမုဒ္ဒရာအတွင်းမှ ကျွန်းနိုင်ငံ ဆာမိုအာတွင် ပြီးခဲ့သည့်လအတွင်းမှစပြီး ဝက်သက်ရောဂါ ကူးစက်ပျံ့နှံ့ခဲ့ပြီး လူပေါင်း ၂၅ ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်။
ဆာမိုအာအစိုးရသည် ယခုလအစောပိုင်းက အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပြီး စာသင်ကျောင်းများ အားလုံးကို ပိတ်ပစ်ခဲ့သည်။
ဝက်သက်ရောဂါဖြစ်ပွားမှုပေါင်း ၂၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ကလေးငယ်များအပါအဝင် သေဆုံးမှု ၂၅ မှုတွင် ၂၄မှုမှာ ဝက်သက်သက်ရောဂါကြောင့်ဖြစ်ကြောင်း တနင်္လာနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ကမ္ဘာလုံးဆိုင်ရာ ဝက်သက်ရောဂါဖြစ်ပွားမှုမှာ သိသိသာသာမြင့်တက်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်ကထက် အလားတူကာလနှင့်နှိုင်းယှဉ်လျင် ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ဆာမိုအာ အပါအဝင် ပစိဖိတ်အနောက်ပိုင်းဒေသများတွင် ဝက်သက်ရောဂါဖြစ်ပွားမှုနှုန်းမှာ သုံးဆခန့်မြင့်တက်လာကြောင်း ခန့်မှန်းလျက်ရှိသည်။
ကြိုတင်ကာကွယ်ဆေးထိုးမှုအပေါ်တွင် မိဘများမှ စိုးရိမ်မှုဖြစ်ပေါ်ပြီး ကာကွယ်ဆေးထိုးမှု နောက်ကျသဖြင့် ဆာမိုအာနိုင်ငံတွင် ရောဂါဖြစ်ပွားပြီး သေဆုံးမှုများခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဒေသတွင် နေထိုင်သူများနှင့် ခရီးသွားလာသူအားလုံးကို သတိထားနေထိုင်ကြရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


