ရီဟာ့ဒ်  ၁၀  မတ်

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ဆော်ဒီအာရေဗျမှ နိုင်ငံသားများကို နိုင်ငံကိုးနိုင်ငံသို့ ခရီးသွားလာခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

ဆော်ဒီအာရေဗျက ခရီးသွားလာ ခွင့်ပိတ်လိုက်သည့် နိုင်ငံများမှာ ယူအေအီး၊ ကူဝိတ်၊ ဘာရိန်း၊ လက်ဘနွန်၊ ဆီးရီးယား၊ တောင်ကို ရီးယား၊ အီဂျစ်၊ အီတလီနှင့် အီရတ် နိုင်ငံတို့ပင်ဖြစ်သည်။

အဆိုပါနိုင်ငံများမှ နိုင်ငံသားများ ဆော်ဒီသို့ လာရောက်ခွင့်ကိုလည်း ဆိုင်းငံ့ထားရန် ဆုံးဖြတ်ထားသည်။ ယင်းနိုင်ငံများနှင့် ဆော်ဒီနိုင်ငံတို့အကြား လေကြောင်း၊ ရေကြောင်း ပြေးဆွဲမှုများကိုလည်း ရပ်တန့်ရန် ဆော်ဒီဘက်မှ ဆုံးဖြတ်ထားသည်ဟု ဆော်ဒီပြည်ထဲရေးဝန်ကြီးက ပြောသည်။

နိုင်ငံသားများ၏ လုံခြုံစိတ်ချရေးနှင့် ကျန်းမာရေးအတွက် ယင်းသို့ ဆုံးဖြတ်လိုက်ရခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

ထူးခြားသောအခြေအနေများနှင့်လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများအတွက်မူ ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့အတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။ ဆော်ဒီနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ်လေးဦး တွေ့ရှိထားသည်။ ၎င်းလေး ဦးအနက် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသည့်လူနာကို အယ်ကာတစ်ဖ် နယ်မြေရှိ ဆေးရုံတွင် သီးခြားထားရှိသည်။ ဒုတိယနှင့် တတိယတွေ့ရှိရသည့် လူနာများမှာ ဘာရိန်းအမျိုးသမီးများဖြစ်ပြီး ၎င်းတို့သည် အီရတ်မှ လာခဲ့ကြခြင်း ဖြစ်သည်။ စတုတ္ထမြောက် ဗိုင်းရပ်စ်ကူးစက်ခံရသည့် လူနာမှာ အမေရိကန်တွင် နေထိုင်သူဖြစ်ပြီး ဆော်ဒီအာရေဗျသို့ မရောက်မီဖိလစ်ပိုင်နှင့် အီတလီတို့ကို သွားရောက်ခဲ့ကြောင်း သိရသည်။ ဆော်ဒီတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်းမှာ ၁၅ ဦး ရှိသည်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုအတွက် တရုတ်နိုင်ငံ၏ လုပ်ဆောင်မှုများကို အထူးလေးစားကြောင်း ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ်ဘင်ဆတ်ဒ်က ပြောသည်။

ဆင်ဟွာ