ရီယာ့ဒ် ၁၇ မတ်
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို တားဆီးကာကွယ်သည့်အနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံရှိ အစိုးရရုံးဌာနများ အားလုံးတို့တွင် အလုပ်ခွင်သို့ တက်ရောက်မှုကို ၁၆ ရက်ကြာ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဆော်ဒီအစိုးရက မတ် ၁၆ ရက်တွင် ကြေညာ လိုက်သည်။ ။
လုပ်ငန်းခွင် သွားရောက်မှုကို ရပ်ဆိုင်းမည့် ဆုံးဖြတ်ချက်၌ ကျန်းမာရေး၊ လုံခြုံရေးနှင့် စစ်ဘက်ဌာနများ၊ လျှပ်စစ်လုံခြုံရေးဌာနနှင့် ပညာရေးဌာနများ ပါဝင်ကြောင်း ဆော်ဒီပြည်ထဲ ရေးဝန်ကြီးဌာန အာဏာပိုင်တစ်ဦးက ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။ အများပြည်သူသွားလာသည့် ဈေးများ၊ ဈေးဝယ်ကုန်တိုက်များကိုလည်း ပိတ်ထားမည်ဖြစ်ပြီး ဆေးဝါးရောင်းချသည့်ဆိုင်များနှင့် အစားအသောက်ဖြန့်ဖြူးသည့် လုပ်ငန်းများကိုမူ ဆက်လက် ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားဆံသဆိုင်များနှင့် အမျိုးသမီးအလှပြင်ဆိုင်များကိုပါ ပိတ်ထားရန် အစိုးရက အမိန့်ထုတ်ထားကြောင်း သိရသည်။ အစားအသောက်နှင့် အအေးဆိုင်များတွင်လည်း ဝယ်ယူပြီး ထွက်သွားရန် မေတ္တာရပ်ခံထားသည့် ဝန်ဆောင်မှုစနစ်ကိုသာ ခွင့်ပြုထားပြီး စားသုံးသူများသည် ဆိုင်ထဲတွင်ထိုင်ကာ စားသုံးခွင့်ကို တားမြစ်ထားကြောင်း အာဏာပိုင်များက ဖြည့်စွက် ပြောကြားခဲ့သည်။
ဆော်ဒီအစိုးရ၏ အဆိုပါ ဆုံးဖြတ်ချက်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ကာကွယ်တားဆီးရန် ကြိုးပမ်းသည့် လုပ်ဆောင်ချက် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။
ဆော်ဒီအာရေဗျနိုင်ငံအတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ အရေအတွက်မှာ မတ် ၁၅ ရက်က ၁၅ ဦး ထပ်မံတိုးလာခဲ့ပြီး ၁၁၈ ဦး အထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးဖော်ပြခဲ့သည့် အချက်အလက်များအရ သိရသည်။
ဆင်ဟွာ


