ဆော ၂၈ မတ်
မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ၂၀၁၉-၂၀၂၈ ရေးဆွဲရန် ဦးစားပေးလုပ်ငန်း ရွေးချယ်ခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ ဥပဒေပါ အခွင့်အရေး ရပိုင်ခွင့်များနှင့် စပ်လျဉ်းသည့် စစ်တမ်းကောက်ယူခြင်း ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး ဆောမြို့ ယောမင်းကြီး ဦးဘိုးလှိုင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှထွန်းနှင့် မကွေးတိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်၊ တိုင်းရင်းစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့် တို့က အမှာစကားပြောကြားပြီး တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းလင်းက ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ စစ်တမ်းကောက်ယူမည့် အချက်အလက်များနှင့် ပတ်သက်၍ လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်သဲစုမွန်က တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင့်ခွင့်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသည့် ဥ(ပ်)ပူး၊ ချိုး၊ ဒိုင်(ခ)ယင်ဒူး တိုင်းရင်းသားများဆိုင်ရာ အချက်အလက်များအား ကောက်ယူခြင်းနှင့် တိုင်းရင်းသား အခွင့်အရေးများ စောင့်ရှောက်သည့် ဥပဒေပါ ရသင့်ရထိုက်သည့် အခွင့်အရေးတို့နှင့် စပ်လျဉ်း၍ စကားဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမူကော်မတီ အဖွဲ့ဝင်များ၊ ဥ(ပ်)ပူး၊ ချိုးနှင့် ဒိုင်(ခ) ယင်ဒူး တိုင်းရင်းသား တိုင်းရင်းသူ ၁၁၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
MDN


