ဆေးစမ်းတိရစ္ဆာန်အဆောက်အအုံများ ဖွင့်ပွဲကျင်းပ

နေပြည်တော် မတ်

 

မဲခေါင်-လန်ချန်းနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း(၂၀၂၁) အရ တိရစ္ဆာန်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ခြင်းနှင့် ထုတ်လုပ်ပြီး ကာကွယ်ဆေးများ၏ အရည်အသွေးနှင့် အာနိသင်အား စမ်းသပ်စစ်ဆေးနိုင်ရေးအတွက် တည်ဆောက်ခဲ့သည့် ဆေးစမ်းတိရစ္ဆာန်အဆောက်အအုံများ ဖွင့်ပွဲကို မတ် ၃ ရက်က ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရေး ဓာတ်ခွဲခန်း အဆောက်အအုံရှေ့၌ ကျင်းပခဲ့သည်။

 

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူများ၊ တိရစ္ဆာန်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရေး ဓာတ်ခွဲခန်း ပညာရှင်များ၊ တိရစ္ဆာန်ရောဂါ ရှာဖွေရေး ဓာတ်ခွဲခန်းပညာရှင်များ၊ တိရစ္ဆာန် အစာနှင့်ဆေးဝါး အရည်အသွေး စစ်ဆေးရေးဓာတ်ခွဲခန်း ပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီးက မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးလာခြင်းဖြင့် ပြည်တွင်းအသားစားသုံးမှု လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန်နှင့် ပို့ကုန်ကဏ္ဍမြှင့်တင်ရန်အပြင် မွေးမြူသူများနှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန် မွေးမြူရေးဆိုင်ရာ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ခြင်း၊ လက်တွေ့ အသုံးချ မွေးမြူရေးနည်းပညာ ပြန့်ပွားရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်းကို သုတေသီများ၊ ပညာရှင်များနှင့် သက်ဆိုင်ရာ ဌာနများ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း” ပြောကြားကာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က  စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးစမ်းတိရစ္ဆာန် အဆောက်အအုံ ကမ္ပည်းမော်ကွန်းကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကြပြီး ဆေးစမ်းတိရစ္ဆာန်များ မွေးမြူထားရှိမှု၊ ကာကွယ်ဆေးများ စမ်းသပ်နေမှုအခြေအနေများကို ဧည့်သည်များနှင့်အတူ လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

သတင်းစဉ်