၂၅ ဇူလိုင်
ကိုဗစ်-၁၉ ကူးစက်ရောဂါသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ မှစ၍ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့ရာ ယခုအခါ ကမ္ဘာအနှံ့သို့ ပျံ့နှံ့ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၄ ရက်နေ့အထိ စာရင်းအရ ပိုးတွေ့လူနာ စုစုပေါင်း ၁၅၇၁၆၀၄၃ ဦးနှင့် သေဆုံးသူ ၆၃၇၆၁၈ ဦး ရှိနေပါသည်။ ရောဂါပိုးရှိသူများတွင် ၈၀ ရာခိုင်နှုန်းကျော်မှာ ရောဂါလက္ခဏာ လုံးဝမပြသသူ သို့မဟုတ် သာမန် အဖျား-သာမန် အသက်ရှူလမ်းကြောင်း ရောဂါလက္ခဏာ ပြသူများဖြစ်ပြီး ၁၄ ရာခိုင်နှုန်းခန့်မှာ ရောဂါပြင်းထန်သူများ ဖြစ်သည်။ ငါးရာခိုင်နှုန်းခန့်သာ အသည်းအသန် ရောဂါပြင်းသူများဖြစ်ကြောင်း တွေ့ရပါသည်။ ရောဂါပြင်း ထန်မှုသည် အရွယ်မရွေးမည်သူမဆို ဖြစ်ပွားနိုင်သော်လည်း ဖြစ်နိုင်မှု အန္တရာယ်အများဆုံးအုပ်စု ဖြစ်သည့် အသက်ကြီးသူများ (အသက် ၆၅ နှစ်နှင့်အထက်)၊ နှလုံး ရောဂါ၊ သွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုး ရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်ကျောက်ကပ်ရောဂါရှိသူများတွင် ရောဂါပြင်း ထန်မှုနှင့် သေဆုံးမှုအများဆုံး ဖြစ်နိုင်ပါသည်။ အထက် ဖော်ပြပါရောဂါများအား မကူးစက်တတ်သော ရောဂါများ (Non-Communicable diseases) ဟုခေါ်ဆိုပါသည်။ မကူးစက်တတ်သောရောဂါများ ဖြစ်ပွားမှု၏ အဓိက အကြောင်းရင်းတစ်ခုမှာ ဆေးလိပ်ဆေးရွက်ကြီး သောက်သုံးမှုပင် ဖြစ်ပါသည်။
အဆုတ်ကို ပို၍ပျက်စီးစေ
ဆေးလိပ်ငွေ့သည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်အတွင်းသို့ ရှူသွင်းရသဖြင့် အသက်ရှူ လမ်းကြောင်းနှင့် အဆုတ်ကို များစွာထိခိုက်စေပါသည်။ ဆေးလိပ်ငွေ့တွင်ပါသော ကတ္တရာဓာတ်အမှုန်များ၊ နီကိုတင်းဓာတ်၊ ကာဗွန်မိုနောက်ဆိုက်ဓာတ်၊ ဟိုက်ဒရိုဂျင် ဆိုင်ယာနိုက်၊ အောက်ဆီဂျင်ဓာတ်ပြုပစ္စည်းများ (Oxidizing chemicals)၊ သတ္တုဓာတ်များသည် အဆုတ်၏ အကာအကွယ်စနစ်ကို ယိုယွင်းစေခြင်း၊ နာတာရှည်အဆုတ် ပြွန်ရောင်ခြင်း(Chronic Bronchitis)၊ နာတာရှည် အဆုတ်လမ်းကြောင်းကျဉ်းရောဂါ (Chronic Obstructive Pulmonary Disease)၊ အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ သွေးကြောကျဉ်းရောဂါများ စသည်တို့ကို ဖြစ်စေပါသည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည်လည်း အသက်ရှူလမ်း ကြောင်းမှတစ်ဆင့် ကူးစက်ဝင်ရောက်လာခြင်းကြောင့် ရောဂါရရှိလာသူများတွင် ဆေးလိပ်သောက်သူ ဖြစ်ပါက မူလကတည်းက ရောဂါအကာအကွယ်စနစ် ယိုယွင်းနေ ပြီး အဆုတ်ပျက်စီးမှု ရှိနေပြီဖြစ်သဖြင့် ပျက်စီးနေသော အဆုတ်အတွင်းသို့ ရောဂါပိုးများအလွယ်တကူ ထိုးဖောက် ဝင်ရောက်နိုင်ပြီး အဆုတ်ကို ပို၍ပျက်စီးစေပါသည်။
ဆေးလိပ်အရေအတွက် များပြားပါက ပို၍အန္တရာယ်များ
ဆေးလိပ်သောက်သူများသည် တုပ်ကွေးရောဂါ၊ နမိုးနီးယား စသော ရုတ်တရက် ဖြစ်ပွားသည့် အဆုတ်ရောဂါများ အလွယ်တကူ ရရှိခံစားရနိုင်ပါသည်။ ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများထက် ရောဂါပြင်း နမိုးနီးယားရရှိရန် နှစ်ဆမှ လေးဆအထိ အန္တရာယ်ရှိပြီး နေ့စဉ် သောက်သုံးသည့် ဆေးလိပ်အရေအတွက် များပြားပါက ပို၍အန္တရာယ်များပါသည်။ ဆေးလိပ်သောက် သုံးသူများသည် တုပ်ကွေးရာသီချိန်တွင် တုပ်ကွေးရောဂါ ရရှိရန် လွယ်ကူပါသည်။ ဆေးလိပ်သောက်ခြင်းသည် ကိုဗစ်-၁၉ ရောဂါအခြေအနေကိုလည်း ဆိုးရွားစေကြောင်း သုတေသနတွေ့ရှိချက်များက အထောက်အထားဖြင့် ဖော်ပြကြသည်။ ၂၀၂၀ ပြည့်နှစ် မေလ ၁၁ ရက်နေ့ထုတ် Nicotine & Tobacco Research ဂျာနယ်၊ Smoking is associated with COVID-19 Progression: A meta-analysis စာတမ်း၌ သုတေသနစာစောင် ၁၉ ခု အား လေ့လာထားရာ စုစုပေါင်း ကိုဗစ်-၁၉ လူနာ ၁၁၅၉၀ တွင် ၂၁၃၃ ဦး(၁၈.၄%) သည် ရောဂါပြင်းလူနာများဖြစ်ပါသည်။ လူနာစုစုပေါင်း၏ ၆.၃%(၇၃၁ ဦး)သည် ဆေးလိပ်သောက် သူများ ဖြစ်ကြသည်။ ဆေးလိပ်သောက်သူ လူနာ ၇၁၃ ဦး အနက် ၂၁၈ ဦး(၂၉.၈%) မှာ ရောဂါပြင်းထန်သော အဆင့် သို့ ပြောင်းလဲသွားပါသည်။ ထိုအချိန်တွင် ဆေးလိပ် မသောက်သူများတွင် ရောဂါပြင်းထန်သောအဆင့်သို့ ပြောင်းလဲသွားသော ရာခိုင်နှုန်းမှာ ၁၇.၆% သာရှိပါသည်။ ထိုတွေ့ရှိချက်အရ ဆေးလိပ်သောက်ခြင်းသည် ကိုဗစ်-၁၉ လူနာများတွင် ရောဂါပြင်းထန်မှုသို့ ပြောင်းလဲသွားရန် အခွင့်အလမ်း ပို၍များစေကြောင်းထင်ရှားပါသည်။
၂၀၂၀ ပြည့်နှစ် မေလ ၁၁ ရက်နေ့ထုတ် Plos ONE ဂျာနယ်၊ Prevalence, Severity and Mortality associated with COPD and Smoking in Patients with COVID-19: A Rapid Systematic Review and Meta-Analysis စာတမ်းတွင် ဆေးလိပ်သောက်သူ ကိုဗစ်-၁၉ လူနာများ သည် ဆေးလိပ်မသောက်သူ လူနာများထက် ဆိုးရွားသော နောက်ဆက်တွဲ ကျန်းမာရေးအခြေအနေများ (Severe Complications) ဝင်ရောက်ရန် ၁.၄၅ ဆ ပို၍ အခွင့်အလမ်း ရှိကြောင်း ဖော်ပြထားပါသည်။
အမျိုးသားသေဆုံးမှု အချိုးအစား ပို၍များ
ကိုဗစ်-၁၉ ရောဂါဖြင့် ကျား-မ သေဆုံးမှု အချိုးအစား မှာ နိုင်ငံတိုင်း၌ အမျိုးသားများတွင် သေဆုံးမှုများပါသည်။ အမျိုးသားများ ဆေးလိပ်သောက်နှုန်း ပို၍များသောနိုင်ငံ များတွင် ကိုဗစ်-၁၉ ရောဂါဖြင့် အမျိုးသားသေဆုံးမှု အချိုးအစား ပို၍များသည်ကို တွေ့ရပါသည်။ ယခုဖော်ပြ မည့် ကိုဗစ်-၁၉ လူနာ သေဆုံးမှုစာရင်းမှာ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၃ ရက်နေ့အထိ စာရင်းဖြစ်ပြီး နိုင်ငံအလိုက် ဆေးလိပ် သောက်နှုန်းမှာ ၂၀၁၆ ခုနှစ် စာရင်းဖြစ်ပါသည်။ ထိုင်းတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုမှာ စုစုပေါင်း ၅၉ ဦးရှိရာ ကျား ၇၆% ၊ မ ၂၄% ပါဝင်ပါသည်။ ထိုင်းတွင် ဆေးလိပ် သောက်နှုန်းမှာ ကျား ၃၈.၈% ဖြစ်ပြီး မ ၁.၉% ဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် စုစုပေါင်း သေဆုံး သူ ၉၆၆ ဦးအနက် ကျား ၆၄%၊ မ ၃၆% ရှိပြီး ဆေးလိပ် သောက်နှုန်းမှာ ကျား ၄၀.၈% ၊ မ ၇.၈% ရှိပါသည်။ အမျိုးသားများတွင် ဆေးလိပ်သောက်နှုန်းများသည့် အလျောက် သေဆုံးမှုအချိုးအစားလည်း များပြားပါသည်။ အီတလီနိုင်ငံတွင် ကိုဗစ်-၁၉ ဖြင့် သေဆုံးသူ ၃၁၆၇၆ ဦး (ကျား ၅၉%၊ မ ၄၁%) ရှိပါသည်။ အီတလီနိုင်ငံ၏ ဆေးလိပ်သောက်နှုန်းမှာ ကျား ၂၇.၈%၊ မ ၁၉.၈% ဖြစ်ပါ သည်။ အာဂျင်တီးနားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူပေါင်း ၅၈၃ ဦး (ကျား ၅၈%၊ မ ၄၂%) ရှိပြီး ဆေးလိပ်သောက်နှုန်းမှာ ကျား ၂၇.၇% ၊ မ ၁၆.၃% ဖြစ်ပါသည်။ အီတလီနှင့် အာဂျင်တီးနားတွင် အမျိုးသမီး များ ဆေးလိပ်သောက်နှုန်းမှာ (အမျိုးသားများလောက် မမြင့်သော်လည်း) ထိုင်း၊ ဖိလစ်ပိုင်အမျိုးသမီးများနှင့် ယှဉ်လျှင် များနေကြောင်းနှင့် ကိုဗစ်-၁၉ ကြောင့် အမျိုးသမီးများ သေဆုံးမှုအချိုးမှာလည်း ထိုင်းနှင့် ဖိလစ်ပိုင်နှင့် ယှဉ်လျှင် များနေကြောင်း တွေ့ရပါသည်။ ယခုတွေ့ရှိချက်အရ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးမှုကို အားပေးသည့် အကြောင်းများစွာရှိသော်လည်း ဆေးလိပ်သောက်ခြင်း သည် အကြောင်းတရားတစ်ခုဖြစ်မည်ဟု ယူဆရပါမည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ဆေးလိပ်သောက်သူများသည် ပြင်းထန်သော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားရန်နှင့် သေဆုံးမှု ဖြစ်ပွားရန် အန္တရာယ်ပို၍များကြောင်း ၎င်း၏ Website- “ဆေးရွက်ကြီးနှင့်ကိုဗစ်-၁၉ အမေးအဖြေ ကဏ္ဍ”တွင် ဖော်ပြထားပါသည်။
ဆေးလိပ်သောက်သူသည် ဆေးလိပ်နှင့်ပါးစပ်၊ လက်ချောင်းနှင့်နှုတ်ခမ်းတို့ မကြာခဏ ထိတွေ့နေရသဖြင့် ဆေးလိပ်နှင့်လက်ချောင်းများတွင် ကိုဗစ်-၁၉ ရောဂါပိုးရောက်ရှိနေပါက အလွယ်တကူ ရောဂါကူးစက် ရရှိနိုင်ပါသည်။ ထို့အတူ အဖွဲ့လိုက် ရေပြောင်းရှူသူများ တွင်လည်း ရေပြောင်းမှ တစ်ဆင့် ကိုဗစ်-၁၉ ရောဂါပိုး သည် တစ်ဦးမှ တစ်ဦးသို့ အလွယ်တကူ ကူးစက်သွားနိုင် ပါသည်။ ကွမ်းစားသောသူများသည်လည်း အကယ်၍ ကိုဗစ်-၁၉ ရောဂါပိုးသယ်ဆောင်နေသူဖြစ်ပါက ၎င်းမှ မကြာခဏထွေးထုတ်လိုက်သော ကွမ်းတံတွေးများမှ တစ်ဆင့် အခြားသူများသို့ ရောဂါကူးစက်သွားနိုင်သော အခွင့်အလမ်းများရှိနေပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ဖြစ်ပွားနေချိန် သည် ဆေးလိပ်ဖြတ်ရန် အသင့်လျော်ဆုံး အချိန်အခါ ဖြစ်ပါသည်။ အိမ်မှာနေသော အချိန်များသည့်် ကာလဖြစ်သည့်အတွက် ဆေးလိပ်ဖြတ်လိုက်ပါက အတူနေ မိသားစုအား အထူးသဖြင့် ကလေးငယ်များအား မိမိ ဆေးလိပ်မှ ထုတ်လွှတ်သော ဆေးလိပ်ငွေ့ (တစ်ဆင့်ခံ ဆေးလိပ်ငွေ့) အန္တရာယ်မှ အကာအကွယ်ပေးပြီးသကဲ့သို့ ဖြစ်သွားပေမည်။ ဆေးလိပ်ဖြတ်လိုက်သဖြင့် ချက်ချင်း လက်ငင်းအကျိုးတရားများလည်း ရရှိနိုင်ပါသည်။ ဆေးလိပ်ဖြတ်ပြီး မိနစ် ၂၀ အတွင်း မြန်နေသော နှလုံးခုန် နှုန်းနှင့် မြင့်တက်နေသော သွေးပေါင်ချိန်ကျဆင်း သွားပါမည်။ နှစ်ပတ်မှ ၁၂ ပတ်အတွင်း သွေးလှည့်ပတ်မှုနှင့် အဆုတ်၏ လုပ်ဆောင်မှုများ ကောင်းမွန်လာပါမည်။ တစ်လမှ ကိုးလကြာလျှင် ချောင်းဆိုးခြင်း၊ အသက်ရှူကျပ် ခြင်းများ သက်သာလာမည်ဖြစ်ပါသည်။ ။
ဒေါက်တာသိန်းထွန်း (ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း)


