၂၇ နိုဝင်ဘာ
ကျွန်မသည် ရန်ကုန်တက္ကသိုလ်တွင် ၁၉၇၄ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ ၁၆ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အင်းလျားဆောင်တွင်လည်း "Hall Tutor" အဖြစ် တာဝန်ထမ်းဆောင်ခဲ့သဖြင့် ထိုကာလများကို ပြန်လည် တမ်းတလွမ်းနေမိပါသည်။
ကျွန်မသည် တက္ကသိုလ်ဝင်တန်းကို ဟင်္သာတ အ.ထ.က (၁)မှ အောင်မြင်ခဲ့ပြီး မန္တလေး ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်တွင် ရုက္ခဗေဒ အဓိကကျောင်းသူဖြစ်ခဲ့ပါသော်လည်း တတိယနှစ်အထိ မပျော်ခဲ့မိတာ အမှန်ပါ။ စတုတ္ထနှစ် ရောက်သောအခါတွင် ဘာသာခွဲ ရှစ်ခုယူခဲ့ ရရာ “ဆေးဝင်ပင်များ”အကြောင်း သင်ပေးသော ဆရာမ ကြီး ဒေါ်တင်မျိုးငွေ၏ ကျေးဇူးကြောင့် ရုက္ခဗေဒ ဘာသာရပ်ကို စိတ်ဝင်စားလာခဲ့ပါတော့သည်။
“ကတိသစ္စာ၊ တည်သောခါတွင်
ဩဇာလေးနက်၊ ပေါ်ဆီတက်၍
နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏”
ဆရာမကြီးသည်အရပ်မြင့်မြင့်အသံဩဇာပြည့်ဝပြီး ကျက်သရေရှိလှသောကြောင့် ရန်ကုန်တက္ကသိုလ်မှ ပြောင်းလာသော ဆရာမကြီး၏ "Lecture" တိုင်းဘယ်သူမှ အတန်းမလစ်ရဲဘဲ အားကြိုးမာန်တက် တက်ရောက်ခဲ့ကြပါသည်။ “စွမ်းအားပြည့်” သင်ပေးနေသော ဆရာမကြီး၏ ဟန်ပန်အမူအရာ၊ စေ့စပ်သေချာ မှုများမှာ ကျောင်းသား ကျောင်းသူတိုင်း အတုယူဖွယ် ဖြစ်ခဲ့ရပါသည်။
စား၊ ဝတ်၊ နေရေး၊ ဆေးဝါးများအပြင် လူသားတိုင်း စက္ကန့်မလပ်၊ အသက်ရှူနေရသော အောက်ဆီဂျင်ကို သစ်ပင်များက ထုတ်ပေးနေကြောင်း၊ လူများသည် သက်ရှိများဖြစ်၍ သက်ရှိတို့အကြောင်းသိထား၊ မှတ်သားထား၊ လေ့လာထားမှသာလျှင် မှန်ကန်သည့် လောကအမြင်များ ရှင်သန်လန်းဆန်းနေကြမည်ဖြစ် ကြောင်း၊ ရုက္ခဗေဒနှင့် ပတ်သက်သည့် သုတေသန လုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ကိုင်နေသင့်ကြောင်း တို့ကို နေ့စဉ်မပြတ် ကြားသိနေရသောကြောင့် စိတ်ဓာတ် များ တက်ကြွလာကာကျားကုတ်ကျားခဲကြိုးစားအားထုတ် ခဲ့ပါတော့သည်။
နောက်ဆုံးနှစ်တွင် paper ရှစ်ခုလုံးအမှတ်များ ကောင်းခဲ့၍ ကျွန်မ M.Sc. တက်ရောက်ခွင့်ရခဲ့ပါသည်။ F.I ကျောင်းသူဘဝတွင် ငါးကြိမ်မြောက် မြန်မာနိုင်ငံလုံး ဆိုင်ရာသုတေသန ဆွေးနွေးပွဲကြီးကို ၁၉၇၀ ပြည့်နှစ်၌ ရန်ကုန်တက္ကသိုလ်တွင် ကျင်းပခဲ့ရာ ပုပ္ပားတောင်မှ ဆေးဝင်ပင်များ စာတမ်းကို ဆရာမကြီးက ဦးဆောင်၍ ရေးသားပြုစုပြီး အဖွဲ့ဝင် ကျွန်မကို ဖတ်ကြားစေခဲ့ပါသည်။ ဆရာမ မဖြစ်သေးခင်ကတည်းက ကျွန်မကို စင်မြင့်ပေါ်သို့ တင်ပေးခဲ့ခြင်း ဖြစ်ပါသည်။
ကျွန်မတို့ ရုက္ခဗေဒ ဘာသာရပ်တွင် သင်ကြားပေး ကြသော ဆရာကြီး ဆရာမကြီးများ၏ ကျေးဇူးတရားများကား ကြီးမားလှပါသည်။ အပင်များကို ချစ်တတ်ရန်၊ ပတ်ဝန်းကျင်လှပစိမ်းလန်းနေစေရန်၊ ရာသီဥတုဖောက်ပြန်မှု လျော့နည်းစေရန်၊ အပင်များကို အလေးထား ထိန်းသိမ်းစိုက်ပျိုးတတ်စေရန် သွန်သင်ဆုံးမ၊ လမ်းညွှန်ပြ ပေးခဲ့ကြပါသည်။
ဆရာမကြီးဒေါ်တင်မျိုးငွေသည် ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်တို့တွင် တာဝန် ထမ်းဆောင်ခဲ့ပြီး သမီးဖြစ်သူ ဒေါက်တာ မေသင်းဆွေကို ရန်ကုန်မြို့ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးတွင် တာဝန် ထမ်းဆောင်စေခဲ့ပါသည်။ ပါရဂူနှင့် မဟာသိပ္ပံကျောင်းသား ကျောင်းသူများကို မွေးထုတ်ပေးခဲ့သော ဆရာမကြီး တစ်ဦးလည်း ဖြစ်ခဲ့ပါသည်။
ယခုအခါဆရာမကြီးနှင့် သမီးဒေါက်တာ မေသင်းဆွေတို့ တမလွန်ဘဝသို့ ရောက်ရှိသွားကြသော်လည်း နာမည်ကတော့ ရှင်သန်ကျန်ရစ်နေခဲ့ပါသည်။ တပည့်များအပေါ် သံယောဇဉ်ကြီးသော ဆရာမကြီးနှင့် သံဃာတော်၊ သီလရှင်များ လူနာများအပေါ် မေတ္တာတရား၊ စေတနာ စွမ်းပကားများ ကြီးမားစွာ ပြုစုစောင့်ရှောက်ခဲ့သော သမီးဖြစ်သူတို့၏ ကုသိုလ်များကား သံသရာအထိ ပါသွားမည်ထင်ပါသည်။
ယခု ရန်ကုန်တက္ကသိုလ်ကြီး နှစ် ၁၀၀ ပြည့်မြောက်တော့မည်ဖြစ်ရာ တက္ကသိုလ်ကြီးတွင် တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့ကြသည့် ဆရာကြီး ဆရာမကြီးများ၏ ကျေးဇူးဂုဏ်ကို ရည်မှန်းပြီး ပြည်တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ်ဆရာကြီး ဦးမြဝင်း (မောင်လင်းကြည်)၏ “ဆရာရှိသောနေရာ”ကဗျာဖြင့် ဂုဏ်ပြုပူဇော်လိုက်ပါ သည်။
“ဆရာရှိသောနေရာ”
ဤနေရာ၊ ဆရာရှိ၏
ပညာရောင်တန်ဆောင်မီး၊ ထိန်ညီပါဘိ၊
ဤနေရာ၊ ဆရာရှိ၏
စေတနာ မေတ္တာဖျန်း၊ လန်းဆန်းပါဘိ၊
ဤနေရာ၊ ဆရာရှိ၏
ဘေးဘယာ၊ ဝေးကွာပ၊ အေးမြပါဘိ၊
ဤနေရာ၊ ဆရာရှိ၏
အလှစုံ၊ ဘဝဘုံ၊ အမှောင်ခွင်း၊ လင်းလှပါဘိ။
ရန်ကုန်တက္ကသိုလ်ကြီး သက်တမ်းရှည်စွာဖြင့် ကမ္ဘာတည်သရွေ့ ဆက်လက်တည်တံ့ ခိုင်မြဲနိုင်ပြီး သားကောင်း သမီးမွန်များ မွေးထုတ်ပေးနိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါသည်။
ပါမောက္ခ ဒေါက်တာတင်တင်သောင်း


