ဆီဆိုင်မြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူများက ဆီဆိုင်-စံကားလမ်း (ဆီဆိုင်မြို့နှင့် ဝိန်းကောင်ရွာကြား) ရှိ တံတားအမှတ် ၅/၅  ဝိန်းကောင် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

 

နေပြည်တော် မေ ၅

ဒေသအတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများ  ခရီးသွားလာမှု  လွယ်ကူမြန်ဆန် စေရေးအတွက် အခြေခံအဆောက်အအုံဖြစ်သည့် လမ်း/တံတားများ  ဖောက်လုပ်တည်ဆောက်ပေးလျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများက လမ်း/ တံတားများအား လက်လုပ်မိုင်း၊  လက်လုပ်ဗုံးများဖြင့်  မိုင်းထောင် ဖောက်ခွဲ၊ တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားနည်းပါးစွာဖြင့် ကျူးလွန်ပြုလုပ်လျက်ရှိသည်။

ထိုသို့   မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများ  ပြုလုပ်လျက်ရှိရာ ဧပြီ ၂၈ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်ခန့်တွင်  ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ်၊ ဆီဆိုင်-စံကားလမ်း (ဆီဆိုင်မြို့နှင့် ဝိန်းကောင် ရွာကြား) ရှိ တံတားအမှတ် ၅/၅ ဝိန်းကောင်သံကူကွန်ကရစ်တံတားအား KNDF အဖွဲ့နှင့် PDF အမည်ခံ  အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ဆီဆိုင်ဘက်ခြမ်း တံတားအဝင်ကြမ်းခင်းနှင့် တံတားယက်မပျက်စီးခဲ့မှု ကြောင့်  မော်တော်ယာဉ်များ  ဖြတ်သန်း  သွားလာနိုင်ခြင်းမရှိကြောင်း သိရှိရသည်။

ထိုသို့ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် သံကူကွန်ကရစ်တံတားအား မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား  ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။     

သတင်းစဉ်