တောင်ကြီး စက်တင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် နယ်မြေဒေသ အခြေအနေအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစ၍ ယာယီရပ်ဆိုင်းထားခဲ့ရသည့် မြန်မာ့စီးပွားရေး ဘဏ်ခွဲကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက် နံနက် ၉ နာရီက ပြန်လည်ဖွင့်လှစ်ပြီး ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများအား စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြန်မာ့စီးပွားရေးဘဏ်(ဆီဆိုင်) ပြန်လည်ဖွင့်လှစ်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ ရှမ်းပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ တပ်မတော်မှ တာဝန်ရှိသူများ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်းနှင့်တာဝန်ရှိသူများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပအိုဝ်းစာပေယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကားပြောကြားရာ တွင် နယ်မြေဒေသအခြေအနေအရ ယာယီရပ်ဆိုင်းထားခဲ့ရသည့် ဆီဆိုင်မြို့နယ်ရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲအား ယခုလိုပြန်လည်ဖွင့်လှစ်ပေးသည့်အတွက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ရေးကို များစွာအထောက်အကူပြုစေမည်ဖြစ်ပါကြောင်းနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာထုတ်ယူမှုများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၏ လစာထုတ်ယူမှုတို့ကို အဆင်ပြေစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်းက ဘဏ်လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဆီဆိုင်မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်ခွဲ ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာ ကြသည့် ယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား ကျောင်းသူအကအဖွဲ့တို့အား ဂုဏ်ပြုငွေများ ချီးမြှင့် ပေးအပ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ဘဏ်အတွင်း၌ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇင်(ပြန်/ဆက်)


