ဆီဆိုင် ၂၂ မတ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ပူးပေါင်းစီစဉ် ကျင်းပသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက ဆီဆိုင်မြို့နယ် ကုန်းဆွတ်ကျေးရွာအုပ်စု မြေနီကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူးက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်သန်းဦးက ဒီမိုကရေစီခေတ်တွင် အစိုးရနှင့် ပြည်သူများအကြား ဆွေးနွေးတိုင်ပင်နိုင်ရန်၊ ပြည်သူတို့၏ ဘဝဖြတ်သန်းမှု အကြောင်းကိစ္စများ ဆွေးနွေးပြောကြားနိုင်သော အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်၊ လူထု၏စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရန်နှင့် အစုအဖွဲ့ အတွင်း ပါဝင်ဆွေးနွေးတတ်သော အလေ့အထကောင်းများ လေ့ကျင့်ပေးရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ဆီဆိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများကို ဦးဆောင်ဆွေးနွေးပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပတ်သက်သည့် လုပ်ငန်းများကို လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသီဟန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးဆိုးကျိုးအကြောင်းကို လည်းကောင်း၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်နိုင်ဝင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျားမတန်းတူအခွင့်အရေးရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ် စိုက်ပျိုးမွေးမြူထုတ်လုပ်ရေး၊ ကျေးလက်ရေပေးရေးနှင့် မီးလင်းရေးလုပ်ငန်းများကို လည်းကောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ကြင်က စိုက်ပျိုးရေးနည်းစနစ်များနှင့် ပိုးမွှားရောဂါကာကွယ်ရေးအကြောင်းများကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာစိုင်းသက်နောင်က တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့်ရောဂါများ၊ စားကျက်မြေဆိုင်ရာများ၊ ကျွဲ၊ နွားများတွင် လက်ရှိဖြစ်ပေါ်နေသည့် ရောဂါများအကြောင်းတို့ကို လည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ကုန်းဆွတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၂၃)ရွာမှ ပြည်သူများက လမ်း၊ တံတားများ အဆင့်မြှင့်တင်ပေးရေး၊ ကျောင်းဆောင်သစ်တိုးချဲ့ တည်ဆောက်ပေးရေးနှင့် လိုအပ်နေသည့် ဆရာ၊ ဆရာမများ ဖြည့်ဆည်းပေးနိုင်ရေး၊ တောင်သူများ၏ စိုက်ပျိုးသော သီးနှံများ ဈေးကွက်ရရှိရေး၊ (၂၄)နာရီ လျှပ်စစ်မီးရရှိရေး၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်း ဆောင်ရွက်ပေးရေး စသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ်ချက်များ ဆွေးနွေးတင်ပြမှုအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ဌာနဆိုင်ရာများ၊ လူမူရေး အသင်းအဖွဲ့များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၂၀ဝ ခန့် တက်ရောက် ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


