၁၀ မတ်

အမေရိကန်အထူးကိုယ်စားလှယ် ဂျိမ်းစ်ဂျက်ဖရီသည် ဆီးရီးယားအရေးနှင့်ပတ်သက်ပြီး အင်္ဂါနေ့တွင် ပြုလုပ်မည့်  နေတိုးဌာနချုပ်အစည်းအဝေး တက်ရောက်ရန်  ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့သို့ သွားရောက်မည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

 

ဂျက်ဖရီသည် ဆီးရီးယားအနောက်မြောက်ပိုင်း အီဒလစ်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့် ပတ်သက်ပြီး အခြားသော နေတိုးမဟာမိတ်အဖွဲ့များနှင့် ဘရပ်ဆဲလ်မြို့တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

 

ဂျက်ဖရီသည် ဆီးရီးယားနိုင်ငံ အထူးသဖြင့် အီဒလစ်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေကို အီးယူတာဝန်ရှိသူများနှင့် ဆွေးနွေးမည် ဟုလည်း ထိုထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။

 

ဆီးရီးယားအရေးကိစ္စနှင့်ပတ်သက်ပြီး တူရကီနိုင်ငံ၏ တောင်းဆိုမှုအားလုံးကို အမေရိကန်ပြည်ထောင်စုက ချိန်ဆနေသည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားခဲ့သည်။ တူရကီနိုင်ငံအနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အပြည့်အဝရှိသည်ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။

 

မတ်လ ၆ ရက်နေ့တွင် စတင်သက်ဝင်ခဲ့သော အပစ်အခတ်ရပ်စဲရေးသည် အီဒလစ်ပြည်နယ်ရှိ စစ်ရေးလှုပ်ရှားမှု အားလုံးကို အဆုံးသတ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

 

ဆီးရီးယားစစ်တပ်များက အီဒလစ်ပြည်နယ်ရှိ သူပုန်အုပ်စုများကို ကျောထောက်နောက်ခံပေးသော တူရကီ တပ်များကိုစတင်တိုက်ခိုက်ခဲ့ကြသည်။

 

ထိုအချိန်မှစတင်ကာ အီဒလစ်ပြည်နယ်တွင် တူရကီနှင့်ဆီးရီးယားတပ်ဖွဲ့များအကြား ပြီးခဲ့သည့်နှစ်လက တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် ထိုအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- မြင့်မြင့်ချို