ဘေရွတ် ၁၁ ဇန်နဝါရီ

 

ဆီးရီးယားနိုင်ငံအရှေ့ပိုင်း၌ ညအချိန် လေကြောင်းတိုက် ခိုက်မှုတစ်ခုတွင် ဟာရှဒ် အယ်လ်-ရှားဘီ အီရတ်ပြည်သူ့စစ် အဖွဲ့ဝင်ရှစ်ဦး သေဆုံးခဲ့ကြောင်း စစ်ပွဲစောင့်ကြည့်သူအဖွဲ့ က သောကြာနေ့က ပြောကြားသည်။ အမျိုးအမည်မသိ လေယာဉ်သည် အယ်လ်ဘူကာမယ်ဒေသရှိ မော်တော် ယာဉ်များနှင့် လက်နက်သိုလှောင်ရုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ ကြီးမားသည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း၊ အီရတ် ဟာရှဒ် တိုက်ခိုက်ရေးသမား အနည်းဆုံး ရှစ်ဦး သေဆုံးခဲ့ကြောင်း၊ အခြားသူများလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားရှိ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ခေါင်းဆောင် ရာမီအက် ဘဒယ်ရာမန်က ပြောကြားသည်။

 

အေအက်ဖ်ပီက ဆက်သွယ်ခဲ့သည့် ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်တစ်ဦးမှတစ်ဆင့် ဆီးရီးယားနှင့် အီရတ်တွင် လှုပ်ရှားနေသည့် အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က ယင်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းမရှိဟု ငြင်းဆိုသည်။ အီရန်နိုင်ငံကို သစ္စာခံသည့် လက်နက်ကိုင် အဖွဲ့များကို လက်ခံထားသည်ဟု သိရသည့် အယ်လ်ဘူ ကာမယ် ဒေသရှိ ကျေးရွာသုံးရွာသည် ဗုဒ္ဓဟူးနေ့မှစ၍ ဒရုန်းယာဉ်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်းခံရ ကြောင်း၊ အသေအပျောက်မရှိခဲ့ကြောင်း အက်ဘဒယ် ရာမန်က ပြောကြားသည်။

 

လူသေဆုံးမှုရှိခဲ့သည့် ယခုတိုက်ခိုက်မှုသည် အမေရိကန် နှင့် အီရန်တို့အကြား တင်းမာမှုများ မြင့်တက်လာသည့် အခြေအနေတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့် နှစ်နှောင်းပိုင်းက အီရတ်နိုင်ငံရှိ အမေရိကန်၏ လေကြောင်း တိုက်ခိုက်မှုတွင် အီရန်နှင့် အနီးစပ်ဆုံးအဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည်ဟု ယူဆကြသည့် ကာတက် ဟဇ်စ်ဘိုလာ ပြည်သူ့စစ်အဖွဲ့မှ ဟာရှဒ် လက်နက်ကိုင်တိုက်ခိုက်ရေး သမား ၂၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ကိုးကား-အေအက်ဖ်ပီ၊ ဘာသာပြန်-အောင်ဇော်လင်း