ဒမတ်စကတ် ၁၆ ဖေဖော်ဝါရီ
ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ သူပုန်များ နောက်ဆုံးခြေကုပ်ယူထားရာ ဧရိယာတွင် ဖေဖော်ဝါရီ ၁၄ ရက်က ဆီးရီးယား စစ်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရကြောင်း သိရသည်။ တူရကီ နှင့် တင်းမာမှုများ မြင့်တက်နေသည့် ရက်သတ္တပတ်အတွင်း ထိုသို့စစ်လေယာဉ်ပစ်ချခံရမှုသည် ဒုတိယအကြိမ်ဖြစ်သည်။
မော်စကို၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို သတိထားသည့်အနေဖြင့် အနောက်မဟာမိတ် နိုင်ငံများကို စောင့်ကြည့်ရန် အမေရိကန်က တူရကီကို တိုက်တွန်းလျက်ရှိချိန် တူရကီတပ်ဖွဲ့ဝင်များနှင့် ရုရှားထောက်ခံသည့် အစိုးရတပ်ဖွဲ့တို့ တိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ်အတွင်း ဆီးရီးယား စစ်လေယာဉ် ပစ်ချခံရမှု ဖြစ်ပေါ်လာခဲ့သည်။
ဆီးရီးယားနှင့် ရုရှားတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက စတင်ကာနိုင်ငံ အနောက်မြောက်ပိုင်းရှိ သူပုန်များကို တိုက်ခိုက်လျက်ရှိပြီး တိုက်ခိုက်မှုများကြောင့် ယမန်နေ့က အရပ်သားကိုးဦး သေဆုံးခဲ့ရသည်။ အလက်ပိုမြို့ အနောက်ဘက်အစွန်အဖျား၌ ရန်သူ့ဒုံးကျည် တစ်စင်း ထိမှန်မှုကြောင့် ဆီးရီးယားစစ်လေယာဉ် ပျက်ကျခဲ့ရကြောင်း ဆီးရီးယားနိုင်ငံပိုင် ဆာနားသတင်းအေဂျင်စီက ဖော်ပြသည်။
လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်အမှုထမ်းများအားလုံး သေဆုံးခဲ့ကြောင်း သိရသည်။ တူရကီ ကျောထောက်နောက်ခံပေးထားသည့် သူပုန်များရှိရာ ယူရမ်အယ်လ်ကူဘရာမြို့အနီးတွင် လေယာဉ် ပစ်ချခံခဲ့ရခြင်းဖြစ်ကြောင်း ဆာနားသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
အေအက်ဖ်ပီ


