၂၈ ဖေဖော်ဝါရီ

ဆီးရီးယားအနောက်မြောက်ပိုင်း အီဒလစ်ပြည်နယ်တွင် ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ် ၏ တပ်ဖွဲ့များ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တူရကီစစ်သား ၂၉ ဦး သေဆုံးခဲ့သည်ဟု တူရကီတာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

တူရကီနိုင်ငံ ဟတ်တီပြည်နယ်အုပ်ချုပ်ရေးမှူး က သတင်းထောက်များကို ယနေ့တွင် ပြောကြားခဲ့သည်။ ဆီးရီးယားအတိုက်အခံများအား ထောက်ပံ့ရန်စေလွှတ်ထားသည့် တူရကီစစ်သားများအား အာဆတ်၏ တပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။ ယင်းတိုက်ခိုက်မှုဖြစ်ပွားသော ပြည်နယ်သည် ဆီးရီးယားနယ်နိမိတ်နှင့် ထိစပ်လျက်ရှိသည်။

 

ဖေဖော်ဝါရီလကုန်ပိုင်းတွင် အာဆတ်၏တပ်ဖွဲ့များ အီဒလစ်ပြည်နယ်မှ ထွက်ခွာခြင်းမပြုပါက ဆီးရီးယားတပ်ဖွဲ့များကို ထိုးစစ်ဆင်မည်ဖြစ်ကြောင်း တူရကီတို့က အာဆတ်ကို သတိပေး ပြောကြားခဲ့သည်။

 

အာဆတ်၏တပ်ဖွဲ့များသည် ထိုဒေသတွင် ၎င်းတို့၏တပ်ဖွဲ့အင်အားကို တိုးချဲ့ခဲ့ကြသည်။ ထိုဒေသသည် အတိုက်အခံတပ်ဖွဲ့များ၏ နောက်ဆုံး အမာခံနယ်မြေဖြစ်သည်။

 

ဆီးရီးယားတပ်ဖွဲ့များက တူရကီတပ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်မှာ ငါးကြိမ်မြောက်ရှိပြီဟု တူရကီက ဆိုသည်။နောက်ဆုံးတိုက်ခိုက်မှုတွင် သေဆုံးသူဦးရေ ၂၀ ဦး အထက်ရှိကြောင်း ဖော်ပြထားသည်။

 

တူရကီသည် အဓိက ထိုးစစ်တစ်ခုကို စတင်နိုင်သည်ဟု လေ့လာသူများက ဆိုသည်။ ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုသည် ဒေသတွင်း တင်းမာမှုများကို တိုးပွားစေမည် ဖြစ်သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို