၃ ဒီဇင်ဘာ

 

ဆီးရီးယားနိုင်ငံ၏ ပြည်တွင်းစစ်အကြမ်းဖက်မှု အရှိန်မြင့်မားလာခြင်းကြောင့် ကလေး ကိုးဦး အပါအဝင် အပြစ်မဲ့အရပ်သား ၂၀ ဦးထက်မနည်းသေဆုံးခဲ့သည်။

 

အတိုက်အခံအဖွဲ့နှင့်ကာ့ဒ်တပ်ဖွဲ့များ ထိန်းချုပ်ထားသော မြောက်ပိုင်းဒေသတွင် အဓိကတိုက်ခိုက်မှုနှစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့သည်။

 

ဆီးရီးယား အနောက်မြောက်ပိုင်းရှိ အတိုက်အခံအဖွဲ့ အမာခံနယ်မြေဖြစ်သော အိုင်ဒလစ်ဘ် ပြည်နယ်ရှိ ဈေးတစ်ခုကို ဆီးရီးယားအစိုးရတပ်များက လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု ယူဆရသည်။

 

ထိုတိုက်ခိုက်မှုတွင် အမျိုးသမီး နှစ်ဦး နှင့် အမျိုးသား ရှစ်ဦး သေဆုံးခဲ့ကြောင်း ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယား လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် ဧပြီလနှောင်းပိုင်းက အိုင်ဒလစ်ဘ်ပြည်နယ်နှင့်အနီးအနား ဒေသများကို အစိုးရတပ်ဖွဲ့များ အရှိန်မြှင့်တိုက်ခိုက်ခဲ့ချိန်မှစ၍ ယခုထိ နိုင်ငံသား ၁၂၂၀ ဦး သေဆုံးခဲ့ကြောင်း ထိုလူ့အခွင့်အရေးဆိုင်ရာ အုပ်စုက ထပ်လောင်းပြောကြားခဲ့သည်။

 

အစိုးရနှင့်အတိုက်အခံအကြား နိုင်ငံရေးအရဖြေရှင်းမှု ဆွေးနွေးပွဲများ ပြီးခဲ့သည့်လက ပျက်ပြယ်ခဲ့ပြီးနောက် နောက်ဆုံးတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

ကာ့ဒ်တို့ထိန်းချုပ်ထားသော တယ် ရီဖာအတ်မြို့ရှိ စာသင်ကျောင်းအနီး တူရကီအမြောက် ကျရောက်ခဲ့ကြောင်း မြောက်ပိုင်း အလက်ပိုမြို့ရှိ ကာ့ဒ်တပ်ဖွဲ့များက ပြောကြားခဲ့သည်။

 

ထိုတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး နှင့် ကလေး ကိုးဦး သေဆုံးခဲ့ပြီး အခြား ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယားလေ့လာစောင့်ကြည့်ရေးအဖွဲ့ က ဆိုသည်။

 

ထိုပစ်ခတ်မှုကို လူမျိုးတုံးပစ်ခတ်မှုဟု ကာ့ဒ်တပ်ဖွဲ့များက ဆိုသည်။ တူရကီဘက်က မှတ်ချက်ပြုပြောဆိုခြင်းမရှိသော်လည်း ယင်းမြို့ကို ထိန်းချုပ်ထားသည့် ကာ့ဒ်အုပ်စုကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ထားသည်။

 

အဆိုပါ မြို့သည် ပြီးခဲ့သည့်နှစ်က တူရကီတို့ ကြီးမားသည့် စစ်ဆင်ရေးစတင်လုပ်ဆောင်ခဲ့သဖြင့် ၎င်းတို့နေအိမ်များမှ ထွက်ပြေးခဲ့ရသော ကာ့ဒ်တို့နေထိုင်နေရာ ဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

 

mdn