ဆိုမာလီပင်လယ်ဓားပြများ ပြန်ပေးဆွဲထားသော ကုန်တင်သင်္ဘောကို အိန္ဒိယရေတပ် ထိန်းချုပ်

နယူးဒေလီ၊ မတ် ၁၈

ဆိုမာလီ ပင်လယ်ဓားပြများက ပြန်ပေးဆွဲထားသော ကုန်တင်သင်္ဘောတစ်စင်းကို ထိန်းချုပ် လိုက်ပြီဖြစ်ကြောင်းနှင့် သင်္ဘော အမှုထမ်းများကို အန္တရာယ် ကင်းစွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း အိန္ဒိယရေတပ်က ပြောသည်။ ဆိုမာလီယာ ကမ်းလွန်တွင်တွေ့ရှိသော ပြန်ပေးဆွဲသင်္ဘောကို ကြားဖြတ်ဟန့်တားရန် သောကြာ နေ့က ဖျက်သင်္ဘောတစ်စင်း စေလွှတ်ခဲ့ကြောင်း အိန္ဒိယရေတပ်ကပြောသည်။  အဆိုပါကုန်တင် သင်္ဘောကို လွန်ခဲ့သည့် ဒီဇင်ဘာလတွင် ပင်လယ်ဓားပြများက ပြန်ပေးဆွဲထားခြင်းဖြစ်သည်။

ရေတပ်က ထုတ်ပြန်သော ရုပ်သံဖိုင်တွင် ကုန်တင်သင်္ဘော ကုန်းပတ်ပေါ်မှ ရဟတ်ယာဉ်ကို ပစ်ခတ်နေကြောင်း ဖော်ပြထားသည်။ ပင်လယ်ဓားပြ ၃၅ ဦးစလုံး လက်နက်ချခဲ့ပြီး သင်္ဘောအမှု ထမ်း ၁၇ ဦးကို ဘေးအန္တရာယ် ကင်းစွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း ရေတပ်က ပြောသည်။  ဆိုမာလီယာ ကမ်းလွန်ပင်လယ်ပြင်နှင့် အေဒင်ပင်လယ်ကွေ့တို့တွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်ကြား နှစ်စဉ်ပင်လယ်ဓားပြမှု ၂၀၀ ကျော် ဖြစ်ပွားမှုရှိကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် နှောင်းပိုင်းတွင် ဆိုမာလီပင်လယ်ဓားပြများ၏ တိုက်ခိုက်မှုများ ပြန်လည် မြင့်တက်လာခဲ့သည်။  နိုဝင်ဘာနောက်ပိုင်း ယီမင်နိုင်ငံအတွင်းရှိ အီရန်ကျော ထောက်နောက်ခံပြု ဟူသီများကလည်း ပင်လယ်နီတွင် ကုန်တင် သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်မှု လုပ်ဆောင်လျက်ရှိသည်။ 

အင်န်အိတ်ချ်ကေ