ဆိုမာလီယာနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုတို့ကြောင့် ရေဘေးသင့်သူ ၁ ဒသမ ၇ သန်းရှိ

နိုဝင်ဘာ ၂၁

ဆိုမာလီယာနိုင်ငံတွင် အောက်တိုဘာလအစောပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့ကြောင့် ရေဘေးသင့်သူ ၁ ဒသမ ၇ သန်းရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားရေးအဖွဲ့က  ယမန်နေ့က ပြောကြားသည်။

လွန်ခဲ့သောသီတင်းပတ်ခြောက်ပတ်အတွင်းဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့်  ကလေး ၁၂ ဦးအပါအဝင် ၄၁ ဦးထက်မနည်းသေဆုံးခဲ့ပြီး  ၆၄၀၀၀၀ ကျော် ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည်။

နိုင်ငံ၏နေရာဒေသအနှံ့အပြားတွင် လမ်း၊ တံတားနှင့် လေယာဉ်ကွင်းများ ပျက်စီးခဲ့ပြီး အခြေခံလူသုံးကုန်ပစ္စည်း ဈေးနှုန်းများမြင့်တက်ကာ လူများသွားလာရာတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့သည်။ ရေဘေးသင့်ဒေသများတွင် ဝမ်းပျက်ဝမ်းလျောရောဂါ ထပ်မံဖြစ်ပွားမှု ပိုမိုမြင့်တက်လာနိုင်သည်။

အောက်တိုဘာလနောက်ပိုင်း ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများရရှိသူ ၇၄၀၀၀၀ ကျော်ရှိလာသည်ဟု သိရသည်။ ဆိုမာလီယာနိုင်ငံတွင် နှစ်စဉ်မိုးရွာသွန်းမှုသည် ဆယ်စုနှစ်တစ်စုတွင် အဆိုးရွားဆုံးဖြစ်လာသည်ဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို