ဆိုင်ကလုန်းမုန်တိုင်း "ပါဘက်" သည် အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားပြီ

နေပြည်တော် ၆ ဇန်နဝါရီ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ညနေ ၄ နာရီတွင် အားကောင်းသော မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၈/၂၀၁၉)ကို ထုတ်ပြန်ချက်ရာ မွန်းလွဲ ၃ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း "ပါဘက်" (Pabuk) သည် အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ အားလျော့သွားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့( Coco Island) ၏ တောင်-အနောက်တောင်ဘက် မိုင်(၁၆၀)ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyikyun)၏ တောင်-အနောက်တောင်ဘက် မိုင်(၂၈၀) ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့(Port Blair)၏ တောင်-အရှေ့တောင်ဘက် (၁၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ 

အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သော်လည်း မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းသည် အားကောင်းသော မုန်တိုင်းငယ် (Deep Depression) ၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နိုင်သဖြင့် သက်ရောက်မှု အန္တရာယ်ကို ခံစားရနိုင်သည်။

အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်းမှာ မွန်းလွဲ ၃ နာရီခွဲတွင် မြောက်လတ္တီကျု (၁၁.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၂.၈)ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)နှုန်း ဖြစ်သည်။ 

နောက်(၆)နာရီအတွင်း ခန့်မှန်းချက်အနေဖြင့် အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နောက်(၆)နာရီအတွင်း ကပ္ပလီကျွန်းစုကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။

အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့ညနေမှ နောက်(၇၂)နာရီအတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့် ရှိနိုင်သည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါသဖြင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြု ရှောင်ရှားကြပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အကြံပြုထားသည်။

MDN