၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက် မြန်မာစံတော်ချိန် နံနက် ၇ နာရီထုတ်ပြန်ချက်
ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိကျောင်း”(MICHAUNG)အခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီ တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “မိကျောင်း” (MICHAUNG) သည် မြောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island) ၏ အနောက်ဘက် ရေမိုင် (၇၀၀) ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyigyun) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၇၇၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့(Puducherry)၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် (၁၁၅)မိုင်ခန့်၊ ချင်းနိုင်မြို့ (Chennai)၏ အရှေ့ဘက် ရေမိုင် (၇၅) မိုင်ခန့်၊ နီလိုရီမြို့ (Nellore) ၏ အရှေ့တောင်ဘက် ရေမိုင် (၁၂၅) မိုင်ခန့်နှင့် မာချီလီပတ္တနမ်မြို့ (Machilipatnam)၏ တောင်ဘက်ရေမိုင် (၁၉၀) ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေသည်။
ဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း” (MICHAUNG) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်သည်။
ဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း”(MICHAUNG)၏ တည်နေရာ၊ ဗဟိုချက်လေဖိအား နှင့် လေတိုက်နှုန်း
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း” (MICHAUNG) သည် မြန်မာစံတော်ချိန် (၀၅:၃၀) နာရီတွင် မြောက်လတ္တီကျု (၁၃.၀) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၁.၅) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၆) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက် နှုန်းမှာ တစ်နာရီလျှင် (၄၅) မိုင်မှ မိုင် (၅၀) နှုန်းခန့် ဖြစ်သည်။
နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း” (MICHAUNG) သည် မြောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက်(၁၂) နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မိကျောင်း” (MICHAUNG) အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကာ၊ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းလွန်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော တမီးလ်နာဒူး မြောက်ပိုင်းကမ်းခြေတို့သို့ ရောက်ရှိနိုင်သည်။ ထို့နောက် အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းခြေနှင့်အပြိုင် မြောက်ယွန်းယွန်းသို့ ရွေ့လျားကာ (၅.၁၂.၂၀၂၃) ရက်နေ့တွင် အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းခြေကို နီလိုရီမြို့နှင့် မာချီလီပတ္တနမ်မြို့တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ ဆိုင်ကလုန်းမုန်တိုင်း“မိကျောင်း”(MICHAUNG)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်သည်။
Credit>မိုးဇလ


