ရွှေဘို ၂၄ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ဆိုင်ကယ်များ ခိုးယူသည့်တရားခံ (၅) ဦးနှင့်အတူ ဆိုင်ကယ် (၁၅) စီးကို ဒီဇင်ဘာ ၂၄ ရက်က ဖမ်းဆီးရမိကြောင်း ရွှေဘိုမြို့မရဲစခန်းမှုး ဒုရဲမှုးသိန်းဆန်းဦးထံမှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၃ ရက် ည ၉နာရီခွဲက ရွှေဘိုမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်း ရဲအုပ်ပြည့်ဖြိုးသူ ဦးဆောင်သော နယ်ထိန်းတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် အမှတ်(၆)ရပ်ကွက်၊ အောင်မြေဘုရားဝန်းအတွင်း နန်းလင်း(ခ)ဂျော်ကာ၊ အောင်မြင့်သန်း၊ ဟိန်းမိုး(ခ)ကိုကိုနိုင်၊ ကျော်မျိုးခိုင်(ခ)ဘဂျမ်းနှင့် နန်းဇော်ဦးတို့အား နံပါတ်မပါ ဂျမ်ဘို 125 နီ/နက်ကြား ဆိုင်ကယ်၊ နံပတ်မပါ CANDA နီ/နက်ရောင် ဆိုင်ကယ်၊ (၈) တီဆိုဒ်ဖြင့် ပြုလုပ်ထားသော ဆိုင်ကယ်သော့ဖွင့်ရာတွင် အသုံးပြုသည့် သောတု (၁) ချောင်းတို့နှင့်အတူ တွေ့ရှိရပြီး ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း တစ်စုံတစ်ရာ အထောက်အထား မပြနိုင်ဘဲ ခိုးယူလာသည်ဟု ယူဆရသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
ထို့နောက် ရွှေဘိုခရိုင်နှင့် ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များမှ ခိုးယူထားသော ဆိုင်ကယ် (၁၅) စီးအား ဒီဇင်ဘာ ၂၄ ရက်က သိမ်းဆည်းနိုင်ခဲ့ပြီး ကျန်ရှိနေသော ဆိုင်ကယ်များ ဆက်လက် သိမ်းဆည်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆိုင်ကယ်ခိုးယူသူများဖြစ်သည့် ဒီပဲယင်းမြို့နယ် လက်လှုပ်ကျေးရွာနေ နန်းလင်း(ခ)ဂျော်ကာ ၃၄ နှစ်၊ ကုန်းတဲကျေးရွာနေ အောင်မြင့်သန်း ၃၀နှစ်၊ ကုန်းတဲကျေးရွာနေ ဟိန်းမိုး(ခ)ကိုကိုနိုင် ၂၁ နှစ်၊ ကုန်းတဲကျေးရွာနေ ကျော်မျိုးခိုင်(ခ)ဘဂျမ်း ၁၉နှစ်နှင့် ကုန်းတဲကျေးရွာနေ နန်းဇော်ဦး ၁၉ နှစ်တို့အား ရွှေဘိုမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ထွန်းမြင့်အောင်(ရွှေဘို)


