တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ

 

မြန်မာ - တရုတ် သံတမန်ဆက်ဆံရေးထူထောင်မှု နှစ် (၇၀) ပြည့် နှစ်နိုင်ငံချစ်ကြည်ရေး ဂုဏ်ပြုဆောင်းပါး

ယမန်နေ့မှအဆက်


တရုတ်နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအတွေ့အကြုံများ၊ ပြည်တွင်းအခြေအနေများ၊ ပြည်သူတို့၏ လိုအင်ဆန္ဒများ၊ မြန်မာနိုင်ငံ၏ ပကတိ အခြေအနေများနှင့် ကိုက်ညီမှုရှိသည့် နိုင်ငံရေးစနစ်နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ဆောင်ရွက်ချက်များ၊ တည်ငြိမ်ရေးတို့အတွက် ကြိုးပမ်းလျှောက်လှမ်း အကောင် အထည်ဖော်နေခြင်းများအပေါ် ခိုင်မာစွာထောက်ခံကာ ခင်မင်ရင်းနှီးသည့်ဆက်ဆံရေးကို ထိန်းသိမ်းခဲ့ပါသည်။ ဆက်ဆံရေးနှစ် (၇၀) ကာလအတွင်း မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ်များ မည်သို့ပင်ပြောင်းလဲခဲ့စေကာမူ အိမ်နီးချင်းတရုတ်နိုင်ငံအနေဖြင့် ချစ်ကြည်ရင်းနှီး သည့် ဆက်ဆံရေးကို အလေးထားခဲ့ပါသည်။


လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်းတွင် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် ကြိုးပမ်းခဲ့ခြင်း အပေါ်တွင်လည်း မြန်မာနိုင်ငံဘက်မှ ပြတ်သားစွာ ရပ်တည် ပေးခဲ့ပါသည်။ ကမ္ဘာ့မျက်နှာစာတွင် မြန်မာနိုင်ငံ ရရှိရမည့် တရားဝင်ရပိုင်ခွင့်နှင့် အခွင့်အရေးအတွက် အတူလက်တွဲခဲ့ပါသည်။ လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးဆွေးနွေးပွဲ များမှတစ်ဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အတွက် အပြုသဘောဆောင်သည့် အကူအညီများစွာ ပေးအပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလ ကြိုးပမ်းမှုများကို အိမ်နီး ချင်းကောင်းပီသစွာဖြင့် နားလည်မှုရှိစွာ အပြုသဘော ရပ်တည်ပေးလျက်ရှိပါသည်။


တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များ NCA လက်မှတ်ရေးထိုး၍ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်လာစေရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက် မှုများအပေါ်တွင်လည်း နားလည်မှုရှိကာ ကူညီပေးလျက်ရှိပါသည်။


မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝများ တိုးတက်ကောင်းမွန် စေရန်အတွက် ကြိုးပမ်းမှုများကို တရုတ်အစိုးရနှင့် ပြည်သူများက ကူညီထောက်ပံ့မှုများစွာ ပေးခဲ့ကြပါသည်။ သမ္မတမစ္စတာရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအား တရုတ်ယွမ်မင်ဘီ (၄) ဘီလီယံ အကူအညီပေးအပ် ခဲ့ပါသည်။ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် ကျန်းမာရေး စသည့် ပြည်သူချင်းဆက်ဆံရေးကဏ္ဍများအပါအဝင် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အကူအညီများ ပေးလျက်ရှိပါသည်။


ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံက မှန်ကန်စွာနှင့် ခိုင်မာစွာ ရပ်တည်ခဲ့ပါသည်။ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးတို့အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများကိုလည်း ထောက်ခံအားပေး လျက်ရှိပါသည်။ ဒေသတွင်းနှင့် နိုင်ငံတကာစာမျက်နှာ များတွင်လည်း အိမ်နီးချင်းကောင်းနိုင်ငံအနေဖြင့် နီးကပ်စွာရပ်တည်ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။


မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ်များ မည်သို့ပင်ပြောင်းလဲခဲ့စေကာမူ အိမ်နီးချင်းတရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို နှစ်နိုင်ငံအစိုးရ အဆက်ဆက်နှင့် ပြည်သူများက ထိန်းသိမ်းနိုင်ခဲ့ကြကာ တိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့ကြပါသည်။ နှစ်နိုင်ငံအကြား ကျင့်သုံးသည့် နိုင်ငံရေးနှင့် လူမှုရေးစနစ်များ မတူညီသော်လည်း ချစ်ကြည်ရင်းနှီးမှုခိုင်မာစွာဖြင့် ဆက်ဆံရေး ထူထောင်နိုင်ခြင်းတွင် ကမ္ဘာ့စံနမူနာပြ အိမ်နီးချင်းဆက်ဆံရေးအဖြစ် တည်ရှိနေပါသည်။


ကျွန်တော်ပါဝင်ခဲ့သည့် (၂+၂) အဆင့်မြင့်ဆွေးနွေးပွဲများ

မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် အရေးကြီးသည့် မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက်တွင် တည်ငြိမ် အေးချမ်းမှုထိန်းသိမ်းရန်၊ ပြည်သူများ၏နေ့စဉ်ဘဝများ သာယာဝပြောစေရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် တို့အတွက်ရည်ရွယ်၍ မြန်မာနှင့်တရုတ်နှစ်နိုင်ငံ နိုင်ငံ ခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနများအကြား (၂+၂) အဆင့်မြင့်ဆွေးနွေးပွဲ ယန္တရားထူထောင်သွားရေးအတွက် တရုတ်နိုင်ငံဘက်မှ စတင်အဆိုပြုခဲ့ပါသည်။ ထို့နောက် (၂+၂) အဆင့်မြင့်ဆွေးနွေးပွဲများကို နှစ်နိုင်ငံတွင် အလှည့်ကျ ကျင်းပသွားရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၂၀၁၆ ခုနှစ် သြဂုတ်လ တရုတ်နိုင်ငံခရီးစဉ်အတွင်း သဘောတူ ခဲ့ပါသည်။


ကျွန်တော့်အနေဖြင့် (၂+၂) အဆင့်မြင့်ဆွေးနွေးပွဲများ စတင်ကျင်းပရေးအတွက် ကနဦးပြုလုပ်သည့် နှစ်ဖက် Working Level အဆင့်မြင့်ဆွေးနွေးညှိနှိုင်းကတည်းကပင် ထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ်မှသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ် (၂+၂) အဆင့်မြင့်ဆွေးနွေးပွဲ အထိ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေး များတွင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများက ခေါင်းဆောင်များအဖြစ် ဦးဆောင်ကာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများမှ ဒုတိယဗိုလ်ချုပ်ကြီးများက ဒုတိယခေါင်းဆောင်များအဖြစ်နှင့် သက်ဆိုင်ရာ ဌာနကိုယ်စားလှယ်များ ပါဝင်ကြပါသည်။


အစည်းအဝေးများသည် အဆင့်မြင့်ဆွေးနွေးပွဲများ ဖြစ်သည့်အလျောက် နှစ်နိုင်ငံနယ်စပ်ဒေသ စီမံခန့်ခွဲမှုများကို အသေးစိတ်ဆွေးနွေးခြင်းမပြုဘဲ မူဝါဒပိုင်းဆိုင်ရာကိုသာ အဓိကထား ဆွေးနွေးခဲ့ကြပါသည်။ နှစ်နိုင်ငံအကြား ရရှိထားပြီးဖြစ်သည့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများ ဆက်ဆံရေးအား အခြေပြု ၍ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် ထိုမူဘောင်အောက်ရှိ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ စီမံကိန်းလုပ်ငန်းကြီးများ
အကောင်အထည်ဖော်ရာတွင် နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဦးတည်ဆွေးနွေးခဲ့ပြီး မပါမဖြစ်ဆွေးနွေးရမည့် နယ်စပ်ဒေသစီမံခန့်ခွဲမှု ကိစ္စရပ်အချို့ကိုလည်း ထိတွေ့ဆွေးနွေး ခဲ့ပါသည်။


(၂+၂) အဆင့်မြင့်ဆွေးနွေးပွဲများအား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းကောင်းပီသမှုအပေါ် အခြေခံကာ အပြန်အလှန်နားလည်မှုအပြည့်ဖြင့် အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့ပါသည်။ (၂+၂) အဆင့်မြင့်ဆွေးနွေးပွဲ များသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ အပြုသဘော ကူညီဆောင်ရွက်ပေးလိုသည့် စိတ်ကောင်း စေတနာနှင့် အိမ်နီးချင်းကောင်းပီသစွာ ပါဝင်လျက်ရှိကြောင်းပြသသည့် ထိရောက်သောဆက်ဆံရေး ယန္တရားတစ်ခုဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။


နှစ်နိုင်ငံဆက်ဆံရေးမှသည် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး မျက်နှာစာသို့

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အပြန်အလှန် အလေးထားအသိအမှတ်ပြုမှု၊ တန်းတူညီတူရှိမှုနှင့် ချစ်ကြည်မှုတို့အပေါ်အခြေပြု၍ ၁၉၅၅ ခုနှစ်တွင် မြန်မာနှင့် တရုတ်နိုင်ငံတို့သည် အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်း မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အာရှ-အာဖရိက ညီလာခံတွင် ဘက်မလိုက် အခြေခံမူကြီးများကို အတူတကွ အဆိုပြုချမှတ် နိုင်ခဲ့ပြီး ယနေ့ထက်တိုင် ဘက်မလိုက် လှုပ်ရှားမှုညီလာခံများ အတူတကွ လက်တွဲဆောင်ရွက်လျက်ရှိပါသည်။


မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံအသင်းကြီးသို့ ဝင်ရောက်ခဲ့ပြီးနောက် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများနှင့်အတူ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ခဲ့ပါသည်။ အာဆီယံနှင့် ဆက်စပ် အစည်းအဝေးများဖြစ်သည့် အာဆီယံ+၃နှင့် အာဆီယံ+၁ အစည်းအဝေးများနှင့် အခြားဆက်စပ် အစည်းအဝေးများတွင် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများနှင့်အတူ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးတို့အတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့အပြင် နှစ်စဉ်ကျင်းပသော အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွင်လည်း တရုတ်နိုင်ငံ၊ အာဆီယံနိုင်ငံများနှင့်အတူ အာဆီယံ ၏ ဆွေးနွေးဖက်နိုင်ငံများဖြစ်သော သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ အမေရိကန်၊ ရုရှား စသည့် နိုင်ငံပေါင်း ၁၈ နိုင်ငံနှင့် ဒေသတွင်းလုံခြုံရေး၊ ဖွံ့ဖြိုးရေးများအတွက် ဆွေးနွေးမှုများတွင် ပါဝင်လျက်ရှိနေပါသည်။

 

ထို့အပြင် မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ်မှ စတင်၍ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့နှင့် အတူ မဲခေါင် - လန်ချန်းဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တွင် ပါဝင်ခဲ့ပြီး နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံရေး မဏ္ဍိုင်များတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိနေပါသည်။


မြန်မာနိုင်ငံသည် ဟိုင်နန်ကျွန်း ဘိုအောင်းမြို့တွင် ဘိုအောင်းအာရှဆိုင်ရာဖိုရမ်အား ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ လ ၂၇ ရက်နေ့တွင် စတင်ဖွဲ့စည်းစဉ်မှပါဝင်ခဲ့ပြီး နှစ်စဉ်ဖိုရမ် အစည်းအဝေးများတွင် ပါဝင်တက်ရောက်ခဲ့ရာ မြန်မာ အကြီးအကဲများ ဦးဆောင်တက်ရောက်ခဲ့သည်များလည်း ရှိခဲ့ပါသည်။ ထို့အပြင် ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ နန်နင်းမြို့တွင် ကျင်းပပြုလုပ်သည့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့လည်း နိုင်ငံတော်အကြီးအကဲများ ဦးဆောင် ၍ နှစ်စဉ်တက်ရောက်လျက်ရှိပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ကမ္ဘာ့ကုလသမဂ္ဂ မျက်နှာစာများတွင် အပြန်အလှန် ရပ်တည်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။


ခေါင်းဆောင်တွေ ပုံဖော်ပြောကြားတဲ့ ပြည်သူအချင်းချင်း ဆက်ဆံရေး

နှစ်နိုင်ငံပြည်သူများအကြား ရင်းနှီးခင်မင်စွာ ကူးလူး ဆက်ဆံခဲ့ကြသည်မှာ ရှေးပဝေသဏီကပင်ဖြစ်ကြောင်း တင်ပြခဲ့ပြီးဖြစ်ပါသည်။ ခေတ်အဆက်ဆက်တွင် ပြည်သူများ လက်ဆင့်ကမ်း ဆောင်ကြဉ်းလာခဲ့ကြသော ပြည်သူချင်း ခင်မင်ကျွမ်းဝင်မှုများမှာ နှစ်နိုင်ငံဆက်ဆံရေး၏ အဓိကမောင်းနှင်အားများ ဖြစ်ကြပါသည်။


သမ္မတ မစ္စတာရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ၁၇-၀၁-၂၀၂၀ ရက်နေ့ ညပိုင်းတွင် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ်စတင်ခြင်း အထိမ်းအမှတ် အခမ်းအနားများကို နေပြည်တော် မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် နှစ်နိုင်ငံပြည်သူများ၏ ချစ်ခင်ရင်းနှီး မှုနှင့် အပြန်အလှန်နားလည်မှုများ၏ အရေးကြီးပုံ၊ ပြည်သူတို့၏ သဘောဆန္ဒများ အဓိကကျပုံနှင့် နှစ်နိုင်ငံ ဆက်ဆံရေးတွင် ပဓာနကျပုံများကို ခေါင်းဆောင်များက ထုတ်ဖော်ပြောကြားခဲ့ပါသည်။


နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၂ မှာ တရုတ်အစိုးရ၏ အကူအညီဖြင့် ဆောက်လုပ် ခဲ့ခြင်းဖြစ်ကာ ၂၀၀၉ ခုနှစ်က သမ္မတ မစ္စတာ ရှီကျင့်ဖျင်မှ တရုတ်ဒုတိယသမ္မတအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က တရားဝင်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း အလျဉ်းသင့်၍ ဖော်ပြအပ်ပါသည်။

 

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံမှုသည် နိုင်ငံများအကြား ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ထွန်းကားရှင်သန်ရေးအတွက် အခြေခံကျသည့် အချက် တစ်ချက်ဖြစ်သည်ကို မိမိအမြဲတမ်း ပြောကြားလေ့ရှိပါကြောင်း၊ ပြည်သူများ၏ ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် ရင်းနှီးမှုနှင့် နားလည်မှုများ ပိုမိုရရှိပြီး နှစ်နိုင်ငံဆက်ဆံရေး ကို ရေရှည်ခိုင်မာစေမည်ဖြစ်ပါကြောင်း၊ ပြည်သူအချင်းချင်း နားလည်မှုရှိခြင်း၊ ချစ်ကြည်ရင်းနှီးမှုရှိခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးကို များစွာအထောက်အကူဖြစ်စေသည့်အတွက် ပြည်သူချင်းဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက် ရန် လိုအပ်ကြောင်းဖြင့် ပြည်သူချင်းဆက်ဆံရေးအရေးပါမှု ကို အခမ်းအနားတွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။


အလားတူပင် သမ္မတ မစ္စတာရှီကျင့်ဖျင်က အဖွင့် မိန့်ခွန်းပြောကြားရာ၌ တရုတ် - မြန်မာ ယဉ်ကျေးမှုတွင် ရှေးရေစက်ကို ယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံသည် ပထဝီ တည်နေရာချင်း နီးကပ်ပြီး ပြည်သူချင်းချစ်ခင်ရင်းနှီးကာ ယဉ်ကျေးမှုချင်းလည်း ဆက်နွှယ်နေပါကြောင်း၊ ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးသည် နှစ်ပေါင်းထောင်ချီ တည်တံ့ ခိုင်မြဲလျက်ရှိပါကြောင်း စသည်ဖြင့် နှစ်နိုင်ငံပြည်သူများ၏ အခန်းကဏ္ဍနှင့် ကူးလူးဆက်ဆံမှုများနက်ရှိုင်းကြောင်း ပြန်လည်ညွှန်းဆိုခဲ့ပါသည်။


ထို့အပြင် နှစ်နိုင်ငံသည် ပထဝီတည်နေရာချင်း နီးကပ် ပြီး ပြည်သူချင်း ချစ်ခင်ရင်းနှီးကာ ယဉ်ကျေးမှုချင်းလည်း ဆက်နွှယ်နေပါကြောင်း၊ နှစ်နိုင်ငံအကြား အေးအတူ ပူအမျှ အသိုက်အဝန်း အတူတကွ တည်ဆောက်ရန် သဘော တူညီချက်သည် နှစ်နိုင်ငံပြည်သူများ၏ အခက်အခဲကို အတူတကွရင်ဆိုင်ကြသည့် အပြန်အလှန် အကူအညီ ပေးအပ်ကြသော ညီအစ်ကိုမောင်နှမသံယောဇဉ်ကို သက်ဝင်လှုပ်ရှားစွာ ထင်ဟပ်စေပြီး နှစ်ဦးနှစ်ဖက် ဆက်ဆံ ရေး၏ အနာဂတ်လမ်းပြ မြေပုံသစ်ကို ဘက်စုံရေးဆွဲနေပြီ ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံပြည်သူများ၏ဆန္ဒ အရေးကြီး ကြောင်းကို စဉ်ဆက်မပြတ် ခိုင်ခံ့လာအောင် ဆောင်ရွက်ကာ တရုတ်-မြန်မာ ဆက်ဆံရေးကို သားစဉ်မြေးဆက် ဆက်ခံသွားရမည်ဖြစ်ကြောင်းဖြင့်လည်း ထည့်သွင်းပြောကြားခဲ့ပါသည်။


နှစ်(၇၀)ဆက်ဆံရေး၏ ကနဦးအချိန်ကာလများကို ပြန်ပြောင်းကြည့်ပါက နှစ်ဖက်ပြည်သူများ ချောင်းပေါက် မတတ် အပြန်အလှန်သွားလာခဲ့ကြပါသည်။ ယဉ်ကျေးမှု အဖွဲ့များအနေဖြင့်လည်း အပြန်အလှန်သွားရောက်ခဲ့ကြရာ ၁၉၅၅ ခုနှစ် ဇန်နဝါရီလတွင် တရုတ်ယဉ်ကျေးမှုအဖွဲ့များ ကို မြန်မာပြည်သူများက အကများဖြင့် ကြိုဆိုခဲ့ကြပါသည်။ အလားတူပင် အဆိုပါနှစ် အောက်တိုဘာလတွင် မြန်မာ့ ယဉ်ကျေးမှုအဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့စဉ် ကူမင်း မြို့တွင် တရုတ်လေယာဉ်ခြောက်စင်းဖြင့် လာရောက် ကြိုဆိုခဲ့ကာ ချုံကင်း၊ ဆီဆန်မြို့များမှတစ်ဆင့် ပေကျင်း မြို့သို့ ဆိုက်ရောက်ခဲ့ရာ တရုတ်ပြည်သူ ၄၀၀၀ ကျော်က ကြိုဆိုခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ မြန်မာ့ ယဉ်ကျေးမှုအဖွဲ့ဝင် မောင်လှမိုးနှင့် မဝင်းဝင်းကြိုင်တို့က အလင်္ကာကျော်စွာ ရွှေပြည်အေးရေးစပ်၍ မြကေ သီဆိုသော မုန့်ဆီကြော်သီချင်းအား သရုပ်ဖော်တင်ဆက်ရာ ဥက္ကဋ္ဌကြီး မော်စီတုံးနှင့် လာရောက်ကြည့်ရှုသူများ အထူး သဘောကျနှစ်သက်ကြောင်း သိရှိရပါသည်။ ထို့အပြင် စောင်းဦးဘသန်း၏ စောင်းလက်သံကိုလည်း ဥက္ကဋ္ဌကြီး မော်စီတုံးနှင့် ဝန်ကြီးချုပ် ချူအင်လိုင်းတို့က အထူးနှစ်သက် ကြသည့်အပြင် မြန်မာ့ယဉ်ကျေးမှုအဖွဲ့၏ ဖျော်ဖြေမှုကို ရုံပြည့်ရုံလျှံအားပေးခဲ့ကြကာ နေရာမရ၍ ပရိသတ် အများအပြားမှာ ရုံပြင်ပမှ အသံချဲ့စက်အသံကို နားထောင် ရကြောင်း သိရှိရပါသည်။

 

မြန်မာ့ယဉ်ကျေးမှုအဖွဲ့ကို ဥက္ကဋ္ဌကြီး မော်စီတုံး၊ ဝန်ကြီးချုပ် ချူအင်လိုင်းနှင့် တရုတ်ယဉ်ကျေးမှုဝန်ကြီးတို့က ဧည့်ခံကျွေးမွေးခဲ့ကြောင်းကိုလည်း သမိုင်းမှတ်တမ်းများမှ ထုတ်နုတ်ဖော်ပြအပ်ပါသည်။


၁၉၆၁ ခုနှစ် ဇန်နဝါရီလအတွင်း ဝန်ကြီးချုပ် ဦးနုနှင့် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းတို့ မန္တလေးမြို့သို့ ရောက် ရှိကြရာ မန္တလေးပြည်သူများက ကြိုဆိုရေးမဏ္ဍပ်ပေါင်း ၂၁ ခုဖြင့် ကြိုဆိုခဲ့ကြကြောင်း ထိုခေတ်သတင်းစာများတွင် ဖော်ပြခဲ့သည်ကို တွေ့ရှိရပါသည်။ ၁၉၆၀ ပြည့်နှစ်ကာလ များတွင်လည်း တရုတ်ဗုဒ္ဓဘာသာအဖွဲ့ လာရောက်ခြင်း၊ တရုတ်ရုပ်ရှင် သီတင်းပတ် ပွဲတော်ကျင်းပခြင်း၊ သတင်းစာ နှင့် အားကစားအဖွဲ့များ အပြန်အလှန် သွားရောက်ကြခြင်း များဖြင့် နှစ်နိုင်ငံပြည်သူများ သွားလမ်းလာလမ်းဖြောင့်ခဲ့ကြသည့်အပြင် နှစ်နိုင်ငံမှခေါင်းဆောင်များ နယ်စပ် ဒေသများတွင်တွေ့ဆုံ၍ နှစ်ဖက်ပြည်သူများ တွေ့ဆုံဖလှယ်ပွဲများသို့လည်း တက်ရောက်ခဲ့ကြပါသည်။


ကျွန်တော့်အနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း က မြန်မာ- တရုတ်နယ်စပ်ရှိ တရုတ်နိုင်ငံဘက် ရွှေလီ မြို့သို့ နယ်စပ်ကုန်သွယ်ရေးပြပွဲသို့ တက်ရောက်ခဲ့ပါသည်။ ထိုသို့ ရွှေလီမြို့သို့ ရောက်ရှိစဉ် ၁၉၅၆ ခုနှစ်က ဝန်ကြီး ချုပ် ဦးဘဆွေ မူဆယ်မြို့မှတစ်ဆင့် ရွှေလီမြစ်ကူးတံတား အား ဖြတ်ကျော်၍ ရွှေလီမြို့သို့ လာရောက်ခဲ့စဉ် တရုတ် ဝန်ကြီးချုပ် မစ္စတာချူအင်လိုင်းနှင့် တရုတ်ပြည်သူများက ကြိုဆိုဧည့်ခံကာ အတူတည်းခိုခဲ့သည့် တရုတ်အစိုးရ ဧည့်ရိပ်သာသို့ သွားရောက်လေ့လာခွင့် ရရှိခဲ့ပါသည်။ အဆိုပါ ဧည့်ရိပ်သာအား ယခုအခါ နှစ်နိုင်ငံချစ်ကြည်ရေး ပြတိုက်အဖြစ် အများပြည်သူအား ဖွင့်လှစ်ပြသထားပါသည်။ ပြတိုက်အတွင်း ထိုစဉ်က ဝန်ကြီးချုပ်နှစ်ဦး စီးနင်းခဲ့သည့် မော်တော်ယာဉ်၊ တွေ့ဆုံဆွေးနွေးခဲ့သည့် အခန်း၊ အိပ်ခန်းဆောင်များအပါအဝင် မှတ်တမ်းဓာတ်ပုံများစွာအား ပြသထားရာ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းဝင်ပြတိုက် ဖြစ်ပါသည်။


ဝန်ကြီးချုပ်ဦးနုအနေဖြင့်လည်း ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် ထိစပ်နေသည့် စစ်ဆောင်ပနား ပြည်နယ်ခွဲ သို့ သွားရောက်ခဲ့ရာ စစ်ဆောင်ပနားပြည်နယ်ခွဲ၏ မြို့တော် ကျိုင်းဟုန်မြို့ရှိ ပန်းခြံအတွင်း ဝန်ကြီးချုပ်ဦးနု လာရောက်ခဲ့ကြောင်း ဖော်ပြထားသည့်အထိမ်းအမှတ် စိုက်ထူထားသည်ကို တွေ့မြင်ခဲ့ရပါသည်။ နှစ်နိုင်ငံ ခေါင်းဆောင်များအနေဖြင့် နှစ် (၇၀) ခရီးစတင်စ အချိန်များတွင် အရေးကြီးသည့် နယ်စပ်နေပြည်သူများနှင့် ထိတွေ့ဆက်ဆံကာ ချစ်ခင်ရင်းနှီးမှုနှင့် နားလည်မှုတို့ကို မြှင့်တင်တည်ဆောက်ပေးခဲ့ပါသည်။


ထိုနှစ်နိုင်ငံဆက်ဆံရေး ပထမပိုင်းကာလများ ကဲ့သို့ပင်ဆက်ဆံရေးနှစ် (၇၀) ပြည့်မြောက်သည့် ယခုနှစ်ပိုင်း ကာလများတွင်လည်း ပြည်သူချင်း ပိုမို ထိတွေ့ဆက်ဆံကာ ရင်းနှီးခင်မင်မှု မြှင့်တင်နိုင်ရေး အတွက် ခရီးသွားလာရေး၊ သာသနာရေး၊ ယဉ်ကျေးမှုနှင့် အားကစား၊ ရုပ်မြင်သံကြား၊ သတင်းနှင့် ထုတ်ဝေရေး၊ သိပ္ပံနည်းပညာနှင့် ကျန်းမာရေး၊ ပညာရေးနှင့် လေ့ကျင့် ရေး၊ လူငယ်နှင့် အမျိုးသမီးရေးရာအဖွဲ့ စသည့်ကဏ္ဍများ အပါအဝင်ကဏ္ဍ ၁၁ ခုတွင် အစီအစဉ်ပေါင်း ၇၀ ကို ကျင်းပသွားရန် ရှိပါသည်။


တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ်သည် မြန်မာနိုင်ငံသို့ လေးကြိမ်တိုင် ကြွရောက်ဖူးမြော်ခံခဲ့ရာ ပြည်ပနိုင်ငံသို့ ကြွရောက်သည့် အကြိမ်အရေအတွက် အများဆုံးဖြစ်ပါ သည်။ ပေကျင်းမြို့မြောက်ဘက်ရှိ ဗုဒ္ဓစွယ်တော်တိုက်မှ ဆရာတော်အနေဖြင့် မြန်မာနိုင်ငံမှ လာရောက်သည့် ဧည့်သည်များအား စွယ်တော်တိုက်ကို အထူးတလည် ဖွင့်၍ ဗုဒ္ဓစွယ်တော်အား ဖူးမြော်ရန် ခွင့်ပြုပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအတွက် လှူဒါန်းမှုများအပါ အဝင် မြန်မာပြည်သူများအတွက် အစဉ်အမြဲ လှူဒါန်း လျက်ရှိပါသည်။ ဟဲနန်ပြည်နယ် လော့ယန်မြို့တွင်လည်း ရွှေတိဂုံပုံတူ စေတီတော်တည်ထားနိုင်ခဲ့ပြီး ပုဂံဒေသရှိ သဗ္ဗေညုဘုရား ပြုပြင်ထိန်းသိမ်းရေးအတွက်လည်း တရုတ်ပညာရှင်များက ကူညီပေးလျက်ရှိပါသည်။


နှစ်နိုင်ငံပြည်သူများအကြား ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများအပြင် လူမှုရေး၊ ပညာရေးနှင့် ခရီးသွားလာ ရေးဆိုင်ရာ ကဏ္ဍများတွင်လည်း သွားလာဆက်ဆံမှုများ ပိုမိုများပြားလျက်ရှိပါသည်။ တရုတ်နိုင်ငံတွင် ပညာသင် ကြားနေသည့် အစိုးရဝန်ထမ်း ပညာသင်အရေအတွက် ၇၀၀ ကျော် အပါအဝင် မြန်မာကျောင်းသား၊ ကျောင်းသူ စုစုပေါင်း တစ်သောင်းကျော်ခန့်ရှိကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံမှ မျက်စိဝေဒနာရှင်များအား ယူနန်ပြည်နယ် လူမှုရေးအဖွဲ့များနှင့် ဆရာဝန်ကြီးများက ကုသပေးခဲ့ပြီး မြန်မာနိုင်ငံမှ မွေးရာပါနှလုံးရောဂါ ကလေးငယ်များကို လည်း တရုတ်လူမှုကူညီရေးအဖွဲ့ချုပ်နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းတို့မှ ကူမင်းမြို့သို့ အသုတ်လိုက် ခေါ်ဆောင်ကုသပေးလျက်ရှိပါသည်။


၂၀၂၀ ပြည့်နှစ်အား မြန်မာ-တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ်အဖြစ် သတ်မှတ်ခဲ့ရာ နှစ်နိုင်ငံ ပြည်သူချင်း ထိတွေ့မှုများ ပိုမိုတိုးတက်လာစေမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ လာရောက်ကြသည့် တရုတ် ခရီးသွားပြည်သူများ၏ အရေအတွက် တစ်ဟုန်ထိုး တိုးတက်လာခဲ့ရာ ၂၀၁၉ ခုနှစ်အတွင်း တရုတ်ပြည်သူ ခုနစ်သိန်းခွဲခန့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး လာမည့် နှစ်များအတွင်း တရုတ်ပြည်သူနှစ်သန်းကျော် လာရောက် မည်ဖြစ်ကြောင်း ခန့်မှန်းတွက်ချက်မှုများအရ သိရှိရပါသည်။


နှစ်နိုင်ငံဆက်ဆံရေးတွင် အစိုးရများ မည်သို့ပင် ပြောင်းလဲစေကာမူ မပြောင်းမလဲရှိနေမည်မှာ ပြည်သူ များသာဖြစ်ပါသည်။ ပြည်သူများကသာ သမိုင်းကြောင်း အစဉ်အလာ ချစ်ကြည်ရေးအမွေနှင့် အပြန်အလှန် နားလည် ပေးနိုင်သည့် အစဉ်အလာကောင်းများကို ဆောင်ကြဉ်း သွားနိုင်မည်ဖြစ်ပါသည်။ ပြည်သူအချင်းချင်း ချစ်ကြည် ရင်းနှီးမှုသည် နှစ်နိုင်ငံဆက်ဆံရေး၏ အခရာဟု ဆိုချင်ပါသည်။


အများကစိတ်ဝင်စားကြသည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် မြန်မာ

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်က စတင်မိတ်ဆက် အကောင်အထည်ဖော်ခဲ့ပြီး တရုတ်နိုင်ငံမှအစပြုသည့် အရှေ့၊ အနောက် ၊ တောင်၊ မြောက် ကုန်းလမ်းနှင့် ရေလမ်း ကုန်သွယ်ရေးလမ်းကြောင်းများ ပါဝင်ပါသည်။ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် မူလက မူဝါဒရေးရာ၊ အခြေခံ အဆောက်အဦ၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် ပြည်သူများ ထိတွေ့ဆက်ဆံရေးတို့အပေါ် အခြေခံခဲ့သော်လည်း ကုန်သွယ်ရေးလမ်းကြောင်းများအား အခြေပြုကာ စီးပွား ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှုဖလှယ် ရေး၊ အပြန်အလှန် ကူးလူးဆက်ဆံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စာပေ၊ ဂီတနှင့် အနုပညာကဏ္ဍများအထိ ကမ္ဘာ့နိုင်ငံ ဒေသများအကြား ကျယ်ပြန့်စွာ ဆက်သွယ် ဆက်ဆံနိုင်မည့် ဖြစ်စဉ်ကြီးတစ်ခုဟု ဆိုနိုင်ပါသည်။


မျက်မှောက်ခေတ် မြန်မာ-တရုတ် ဆက်ဆံရေး အကြောင်းပြောပါက ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းကို ချန်လှပ်ထားခဲ့၍ ရနိုင်မည်မဟုတ်ပါ။ မြန်မာနိုင်ငံအနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင် ၂၀၁၆ ခုနှစ်မှ စတင်၍ ပါဝင်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်တွင် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၏ မူဘောင်အောက်မှ မြန်မာ-တရုတ် စီးပွားရေး စင်္ကြံ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့်လည်း ပထမနှင့် ဒုတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်များသို့ ၂၀၁၇ ခုနှစ် မေလနှင့် ၂၀၁၉ ခုနှစ် ဧပြီလများတွင် ပါဝင်တက်ရောက်ခဲ့ပါသည်။


မြန်မာနိုင်ငံသည် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၏ ဆက်သွယ်ရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်းများအနက် တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်းမှ အိန္ဒိယသမုဒ္ဒရာ ထိုမှတစ်ဆင့် ပစိဖိတ်သမုဒ္ဒရာသို့ လည်းကောင်း၊ အရှေ့ အလယ်ပိုင်းနှင့် အာဖရိကသို့ လည်းကောင်း ရေကြောင်း ဖြင့် သွားရောက်နိုင်ရေးအတွက် လွန်စွာအရေးပါသည့်
တည်နေရာတွင် တည်ရှိခြင်းကြောင့်လည်း ရပ်ဝန်းနှင့် ပိုးလမ်းမကြီးစီမံကိန်းတွင် မြန်မာနိုင်ငံ၏ ပါဝင်မှုကို စိတ်ဝင်စားကြခြင်းဖြစ်ပါသည်။


မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ ဖြစ်ပြီး နှစ်နိုင်ငံအကြားတွင်လည်း ဘက်စုံမဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးထူထောင်ထားရှိပြီးဖြစ်သည့်အပြင် နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းပီသ သည့် စံပြဆက်ဆံရေးကို ထူထောင်ထား နိုင်သည့် နိုင်ငံများဖြစ်ကြပါသည်။ ထို့အပြင် မြန်မာနှင့် တရုတ်နိုင်ငံတို့ အကြားတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း၊ နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် အဓိကကျစွာ ပါဝင်နေသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အဆင့်မြှင့်တင် ကောင်းမွန်ရေးအတွက် ကနဦးညှိနှိုင်းဆောင်ရွက်မှုများ၊ အခြေခံ အဆောက်အဦ စီမံကိန်းများနှင့် ပတ်သက်သည့် နားလည်မှုစာချွန်လွှာများကို ရပ်ဝန်းနှင့် ပိုးလမ်းမ စတင်ခဲ့သည့် ၂၀၁၃ ခုနှစ်မတိုင်မီကပင် နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်ပါသည်။


သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်း ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းဆိုင်ရာ နှစ်နိုင်ငံအကြား ဖြစ်ပေါ်တိုးတက်မှု၊ သဘောတူညီမှုနှင့် ဆွေးနွေးနိုင်မည့် အခြေအနေများအပေါ် မြန်မာနှင့် တရုတ်ပြည်သူများ သာမက နိုင်ငံတကာကပင် စိတ်ဝင်စားစွာ စောင့်ကြည့်ခဲ့ ကြပါသည်။ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ခရီးစဉ်အား တရုတ်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ကပင် တရားဝင်ထုတ်ပြန်ခဲ့ရာ တရုတ်နှင့် မြန်မာမိတ်ဆွေများ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ ပေကျင်းမြို့အခြေစိုက် နိုင်ငံခြားသံတမန်များက စိတ်ဝင်တစား ဆက်သွယ်မေးမြန်း စုံစမ်းခဲ့ကြပါသည်။


အဓိကမေးမြန်းသည့်အချက်မှာ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းဆိုင်ရာ သဘောတူညီချက်များ လက်မှတ် ရေးထိုးနိုင်မည့် အခြေအနေပင်ဖြစ်ပါသည်။


မြန်မာနှင့် တရုတ်နိုင်ငံတို့အနေဖြင့်မူ နှစ်နိုင်ငံ ပြည်သူတို့၏ စိတ်ဆန္ဒနှင့် တူညီသည့် အကျိုးစီးပွား အတွက် လက်တွေ့ကျသော ဖော်ဆောင်မှုကို ပြသနိုင်ခဲ့ ကြပါသည်။ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်း မူဆယ်-မန္တလေး ရထားလမ်းဖြစ်နိုင်ခြေလေ့လာမှု အစီရင်ခံစာ၊ မြန်မာ-တရုတ် ရွှေလီ-မူဆယ် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင်သဘောတူ စာချုပ် လုပ်ငန်းစဉ်များ လျင်မြန်တိုးတက်စေရေး နားလည်မှုစာချွန်လွှာ၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ၏ မဏ္ဍိုင်ကြီးများဟု ဆိုရမည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက် ဆိပ်ကမ်းဆိုင်ရာ သဘောတူစာချုပ်၊ ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ် စာလွှာနှင့် မန္တလေး-ထီးချိုင့်-မူဆယ် အမြန်လမ်းမကြီးနှင့် ကျောက်ဖြူ-နေပြည်တော် အဝေးပြေး လမ်းမကြီး စီမံကိန်းဖြစ်နိုင်ခြေ လေ့လာမှု အစီရင်ခံလွှဲပြောင်းခြင်း စာလွှာလဲလှယ်ခြင်း အပါအဝင် အခြားသော သဘောတူညီချက်များကို နှစ်ဖက် လက်မှတ်ရေးထိုးခြင်းနှင့် လဲလှယ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။


စီမံကိန်းများသည် မြန်မာနိုင်ငံ၏ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများနှင့် ကိုက်ညီမှုရှိ၍ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ ပြည်သူများ၏ လူမှုအခြေခံများ တိုးတက်ကောင်းမွန်စေကာ ဒေသခံပြည်သူများ ပါဝင်လာ စေရေးတို့အတွက် နှစ်ဖက်သဘောတူနိုင်ခဲ့ကြပါသည်။ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းများကို ဖော်ဆောင်ကြရာတွင် ပိုမိုအောင်မြင်မှုများ ရရှိစေရန်အတွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် ချိတ်ဆက်နေသည့် ငြိမ်းချမ်းမှုရှိရေး သည်လည်း လွန်စွာအရေးကြီးပါသည်။ နှစ်နိုင်ငံနယ်စပ်ဒေသများ အေးချမ်းတည်ငြိမ်မှသာ ဆက်သွယ်မှု လမ်းကြောင်းများ၊ စီးပွားရေးဇုန်များ၊ အခြေခံအဆောက်အဦများနှင့် စီမံကိန်းများ ဖွံ့ဖြိုးလာစေမည်ဖြစ်ကြောင်း ကိုလည်း နှစ်ဖက်သဘော တူကြပါသည်။


မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းများ၏ အောင်မြင်မှုများဖြင့် နှစ်နိုင်ငံ ပြည်သူများ၏ ဘုံအကျိုးစီးပွားနှင့် သာတူညီမျှမှုအတွက် အပြုသဘောဆောင်သည့် ရလဒ်ကောင်းကို ဖန်တီးပေး ကြရမည်ဖြစ်ပါသည်။ စီမံကိန်းများကို လက်တွေ့ကျစွာ လျင်မြန်ထိရောက်စွာ အကောင်အထည်ဖော်၍ ပြည်သူများအကျိုးကို ဖော်ဆောင်ကြ ရပါမည်။ နှစ်နိုင်ငံ ပြည်သူများ၏ လူမှုစီးပွားဘဝများကို မြှင့်တင်ပေးကြရမည်ဖြစ် ပါသည်။ ရှိရင်းစွဲ အပြန်အလှန် လေးစားမှုနှင့် နားလည်မှုများအပေါ် အခြေပြု၍ ပြည်သူချင်း တည်ငြိမ်အေးချမ်း ကောင်းမွန်ကာ တန်းတူရည်တူရှိသည့် ထိတွေ့ ဆက်ဆံရေးပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးကြရမည် ဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)