ညောင်တုန်း ၃၁ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၁၉-၂၀၂၂ ခုနှစ်၊ သက်တမ်းကာလ အတွက် ဆန်စက်လုပ်ငန်းရှင်များမှ အလုပ်အမှုဆောင်အသစ် ပြန်လည်ရွေးချယ်တင်မြောက်ပွဲ အခမ်းအနားကို ယနေ့နေ့လယ် ၂ နာရီက ညောင်တုန်းမြို့နယ်၊ အမှတ် (၇) ရပ်ကွက်ရှိ၊ ဆန်စက်လုပ်ငန်းရှင်များအသင်းခွဲရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဆန်စက်လုပ်ငန်းရှင်များ အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ဖွဲ့စည်းရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မြင့်က ညောင်တုန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းသည် အသင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုရှိကြောင်း၊ ထိုက်သင့်သလောက် အောင်မြင်မှုများလည်းရှိကြောင်း၊ လိုအပ်ချက်အနည်းငယ်လည်း တွေ့ရှိရကြောင်းနှင့် အသင်းကို ပိုမိုအားရှိအောင် ယခုလို ၂၀၁၉-၂၀၂၂ ခုနှစ် သက်တမ်းကာလအတွက် အလုပ်အမှုဆောင်အသစ်များ ပြန်လည်ရွေးချယ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၁၆-၂၀၁၉ ခုနှစ် သက်တမ်းကာလအတွက် ဆောင်ရွက်ခဲ့သည့် အလုပ်အမှုဆောင်အဖွဲ့များက နှုတ်ထွက်ကြောင်း ကြေငြာခြင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ဆန်စက် လုပ်ငန်းရှင်များ အမှုဆောင်အဖွဲ့များ ရွေးချယ်တင်မြောက်ခြင်း၊ ရွေးချယ်ပြီးပါက အသစ်ပြန်လည် ဖွဲ့စည်းပုံအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၁၉-၂၀၂၂ ခုနှစ် သက်တမ်းကာလအတွက် အလုပ်အမှုဆောင်အဖွဲ့ရွေးချယ်ခြင်းကို မဲစနစ်ဖြင့် အသစ်ပြန်လည် ရွေးချယ်တင်မြောက်ပေးခဲ့သည်။
ယင်းနောက် ၂၀၁၉-၂၀၂၂ ခုနှစ် သက်တမ်းကာလအတွက် ရွေးချယ်ခံရသော ဆန်စက်လုပ်ငန်းရှင်များ အလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးကျော်လင်းမောင်က အသင်းတာဝန်များကို ကိုယ်စွမ်းရှိသမျှ ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့အတူ ဆန်စက်ပိုင်ရှင်များမှလည်း အသင်းရန်ပုံငွေများကို မှန်မှန်ကန်ကန် ထည့်သွင်းပေးသွားခြင်းဖြင့် အသင်း၏ လုပ်ငန်းများမှာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ၂၀၁၉-၂၀၂၂ ခုနှစ် သက်တမ်းကာလအတွက် ညောင်တုန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များ အလုပ်အမှုဆောင်အဖွဲ့ကို ဥက္ကဋ္ဌ ဦးကျော်လင်းမောင်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်သိန်း၊ အတွင်းရေးမှူး ဦးစောဝင်းကြည်၊ တွဲဖက်အတွင်းရေးမှူး ဦးအောင်ရွှေ၊ ဘဏ္ဍာရေးမှူး ဦးမျိုးလွင်ကျော်၊ စာရင်းစစ် ဦးကျော်ကျော်မိုးနှင့် အဖွဲ့ဝင်များ စုစုပေါင်း ၁၅ ဦးအား အသစ်ပြန်လည်ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
ဝဠာနိုင်(ညောင်တုန်း)


