နေပြည်တော်   ဇူလိုင်    ၃၁

 

၂၀၂၂   ခုနှစ်   အောက်တိုဘာလက  ကျင်းပခဲ့သော    မြန်မာ့ဆန်စပါး ညီလာခံ   ၂၀၂၂  ၏  ဖော်ထုတ်ချက်များ၌   ပါရှိခဲ့သော   “ဆန်စပါး ကြိတ်ခွဲထုတ်လုပ်မှု   ကဏ္ဍတွင်   လူ့စွမ်းအားအရင်းအမြစ်   ဖွံ့ဖြိုး တိုးတက်ရေးအတွက်    ဝန်ကြီးဌာနများနှင့်   မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို့   ပူးပေါင်းဆောင်ရွက်ရန်”    ဖော်ထုတ်ချက်နှင့်အညီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့်   မြန်မာနိုင်ငံ  ဆန်စပါးအသင်းချုပ်တို့   ပူးပေါင်းဖွင့်လှစ်ခဲ့သော ဆန်စပါးကြိတ်ခွဲ     ထုတ်လုပ်ရေးနည်းပညာဆိုင်ရာ    ကျွမ်းကျင်မှု သင်တန်းဆင်းပွဲ အခမ်းအနားကို  ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီက စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ရုံးအမှတ် (၃) ညီလာခံခန်းမ၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  စက်မှုဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊     မွေးမြူရေးနှင့်     ဆည်မြောင်းဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီးများ၊ ဦးစီးဌာနများမှ  တာဝန်ရှိသူများ၊  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့်  အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက် ကြသည်။

 

အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မြန်မာ့ ဆန်စပါး  ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု၊ ကြိတ်ခွဲပြုပြင်ခြင်းလုပ်ငန်းမှသည် ပြည်တွင်း ပြည်ပ ဖြန့်ဖြူးရောင်းချသည်အထိ    ထုတ်လုပ်မှုကွင်းဆက်   (Supply    Chain) တစ်လျှောက်  ဟန်ချက်ညီညီ  ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊   အစားအစာ ဘေးကင်းလုံခြုံရေးနှင့်  အရည်အသွေးကောင်းမွန်သည့်ဆန်များ ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီသိုလှောင်ရုံများ၊ အခြောက်ခံစက်များ၊ ခေတ်မီဆန်စက်များ စသည့်အခြေခံ  အဆောက်အဦများ ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့  စပါးအခြောက်ခံခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ ပြည်ပတင်ပို့ခြင်း  စသည့်  ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချရန်လည်း လိုအပ်လျက်ရှိပါကြောင်း၊     ဆန်စပါးကဏ္ဍ ကွင်းဆက်တစ်လျှောက်  ပါဝင်ဆောင်ရွက်မည့်သူများ အထူးသဖြင့် ဆန်စက်အင်ဂျင်နီယာများ၊  ဆန်စက် ကိုင်တွယ်မောင်းနှင်သူများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ ဆန်စက်အခြေခံ     နည်းပညာ များနှင့် ခေတ်မီဆန်စက် နည်းပညာများအား  လက်ဆင့်ကမ်းမျှဝေနိုင်‌စေရေး၊   ရိတ်သိမ်းချိန်လွန်ကဏ္ဍမှာ  ဆန်အရည်အသွေးနှင့် ပတ်သက်ပြီး ကြုံတွေ့နေရသည့် ပြဿနာများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စေ ရေးတို့အတွက် ယခုသင်တန်းကို ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့်     မြန်မာ့ဆန်များ ကမ္ဘာ့ဈေးကွက်ဝေစု ပိုမိုရရှိစေရေး အားလုံးဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ကြောင်း  အမှာစကား    ပြောကြားသည်။

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ဆန်စပါးအရည်အသွေးမြှင့်တင်ရေးနှင့်      မျိုးကောင်း မျိုးသန့်စပါးများ  တိုးချဲ့စိုက်ပျိုးနိုင်ရေး၊    ထွက်ရှိလာသော   စပါးများကို ခေတ်မီနည်းပညာများဖြင့်  ကြိတ်ခွဲ  ထုတ်လုပ်နိုင်ရေးတို့ အတွက် အချိတ်အဆက်မိမိ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊  ဆန်စက်များ ကိုင်တွယ်မောင်းနှင်ရာတွင်    ကျွမ်းကျင်ပိုင်နိုင်စေ ရေးအတွက်  မိမိတို့ဝန်ကြီးဌာန အောက်ရှိ ဆင်တဲစက်မှုသင်တန်း ကျောင်းတွင် ပူးပေါင်းသင်ကြားပေးခဲ့ပါကြောင်း၊ သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားများအနေဖြင့်     ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍကနေ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း  ပြောကြားသည်။

 

စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဆန်စပါးသည်    မိမိတို့ နိုင်ငံ၏ အဓိကစားသုံးသီးနှံဖြစ်သည့် အပြင် ပြည်ပပို့ကုန်ဝင်ငွေ ရှာဖွေပေးလျက်ရှိသည့် ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊    စပါးကောင်းမှ  ဆန်ကောင်းမည်ဖြစ်သကဲ့သို့ ဆန်စက်ကောင်းမှ ဆန်အရည်အသွေးကောင်းမွန်မည် ဖြစ်ပါကြောင်း၊          ဆန်အထွက်နှုန်း ကောင်းမွန်မှသာ စိုက်ပျိုးသည့်တောင်သူများ ဝင်ငွေပိုမိုရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ ဆန်စပါးကဏ္ဍ    တစ်ခုလုံး      ဖွံ့ဖြိုး တိုးတက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊  အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ၊ တောင်သူ များက  ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌတို့က  သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ပေးပြီး သင်တန်းသားတစ်ဦးက သင်တန်းဖွင့်လှစ်ပေးခြင်းအပေါ် ကျေးဇူးတင်စကား ပြောကြားသည်။ ဆန်စပါး ကြိတ်ခွဲ ထုတ်လုပ်ရေး နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းကို  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်ပစ္စည်းစစ်ဆေးရေးနှင့်   အရည်အသွေးစီမံခန့်ခွဲ ရေးဌာနနှင့်    စက်မှုဝန်ကြီးဌာန  ဆင်တဲ စက်မှုသင်တန်းကျောင်း တို့တွင်     ဆန်စပါးကဏ္ဍနှင့် ဆက်နွှယ်သည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပညာရှင်များနှင့် ဆန်စပါးကဏ္ဍ၌     လက်တွေ့ ဆောင်ရွက်နေသည့် အင်ဂျင်နီယာများက    ဆန်စပါး စိုက်ပျိုး၊ ထုတ်လုပ်၊ ကြိတ်ခွဲ၊ သိုလှောင်၊ တင်ပို့၊       ရောင်းချခြင်းဆိုင်ရာ နည်းပညာများ၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် အခြေခံလျှပ်စစ် ကဏ္ဍတွင် သိသင့်သိထိုက် သည့်  ပညာရပ်များ၊ စက်ရုံအလုပ်ရုံသုံး  ဘွိုင်လာနည်းပညာများ၊ အခြေခံဂဟေဆက် နည်းပညာများ စသည့်     ပညာရပ်များကို   ရက်ပေါင်း  ၄၀ ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပြီး  သင်တန်းသား  သင်တန်းသူ  စုစုပေါင်း ၄၂ ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်