သတင်းဆောင်းပါး - ကြည်ဝေ( ဆည်မြောင်း)
ကမ္ဘာတစ်ဝန်းပြောင်းလဲလာသော ရာသီဥတုနှင့်အတူ လူတို့အသုံးပြုနေသော ရေချိုရှားပါးမှုသည်လည်း တစ်စထက်တစ်စ တိုးမြှင့်လာလျက်ရှိရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ဆည်မြောင်း တာတမံများအား ထိန်းသိမ်းစောင့်ရှောက်သည့်လုပ်ငန်းများ ဆောင်ရွက်နေသည့် နည်းတူ တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေများ အဆင်ပြေချောမွေ့စွာ ရယူသုံးစွဲနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ဆည်မြောင်းစနစ်ဆောင်ရွက်ချက်များ တိုးတက်လာစေရန် နည်းလမ်းများချမှတ်ဆောင်ရွက်လျက်ရှိရာ နည်းလမ်းတစ်ခုအနေဖြင့် ပူးပေါင်းပါဝင် ဆည်မြောင်းစနစ် (Participatory Irrigation Management-PIM) အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဆိုသည်မှာ ဆည်မြောင်းအဆောက် အအုံများ ရေရှည်အသုံးပြုနိုင်ရန်အတွက် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများနှင့် စိုက်ပျိုးရေးအတွက် ဆည်ရေစီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်စွာ အသုံးပြုနိုင်ရန် ရေအသုံးချသူများအသင်း (WUA) နှင့်ရေအသုံးချသူများအဖွဲ့ (WUG) များမှတစ်ဆင့် သက်ဆိုင်ရာဌာနများနှင့် ဆည်ရေကိုအသုံးပြုသည့် တောင်သူများ အတူတကွပူးပေါင်းပါဝင်သည့် ဆည်ရေ စီမံခန့်ခွဲမှုစနစ် ဖြစ်ပါသည်။
ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ကျင့်သုံးရသည့် ရည်ရွယ်ချက်အနေဖြင့် ဆည်မြောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရာတွင် ပြုပြင် ထိန်းသိမ်းမှုကုန်ကျစရိတ် ထိရောက်စေရန်နှင့် ရေကိုအကျိုးရှိစွာ အသုံးပြု နိုင်ရန်အပြင် ဆည်ရေကိုအသုံးပြုသည့် ရေအသုံးချသူများ အသင်း / အဖွဲ့ အစည်းများမှတစ်ဆင့် ဌာနနှင့်တောင်သူလယ်သမားများ ပူးပေါင်းပါဝင်သော ဆည်ရေစီမံခန့်ခွဲမှုစနစ်ကို လွယ်ကူစွာ စတင်အသုံးပြုနိုင်ရန်ဖြစ်ပါသည်။ ဒီမိုကရေစီကျင့်စဉ်တစ်ခုဖြစ်သော ရေသုံးစွဲသူများကိုယ်တိုင် ပါဝင်ဆောင်ရွက် သည့်စနစ် ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံများမှ ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်
ယခုအခါ ကမ္ဘာ့နိုင်ငံများစွာတွင် ပူးပေါင်းဆည်မြောင်းစီမံခန့်ခွဲမှုသည် အများလက်ခံနိုင်သည့် အလေ့အကျင့်ကောင်းတစ်ခုဖြစ်လာပြီး လွန်ခဲ့သော ဆယ်စုနှစ် (၂) ခုကပင် နိုင်ငံများစွာတို့သည် ဆည်မြောင်းရေ စီမံရယူလုပ်ကိုင် ခွင့်ကို အစိုးရမှ လယ်သမားအဖွဲ့အစည်းများသို့ လွှဲပြောင်းပေးလျက် ရှိကြောင်းသိရသည်။
အာရှနိုင်ငံအများစုတွင်လည်း ဆည်မြောင်းအဆောက်အအုံများ ရေအရင်းအမြစ်ထိန်းသိမ်းမှု၊ မြောင်းမကြီးနှင့် အခြားတူးမြောင်းမကြီး များတွင်သာ အစိုးရက ပိုင်ရှင်အဖြစ်အလုံးစုံတာဝန်ယူလေ့ရှိပြီး လယ်သမား ၊ အဖွဲ့အစည်းများသည် ရေပေးမြောင်းငယ်များကိုထိန်းသိမ်းရေး၊ ဆည်ရေ ရယူစီမံသုံးစွဲရေးနှင့် ဆည်ရေစနစ် ဝန်ဆောင်ခကောက်ယူရေးတို့တွင် ကြီးကြပ်သူများအဖြစ် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
ကမ္ဘာအနှံ့တွင်လည်း ပူးပေါင်းပါဝင်ဆည်မြောင်းစနစ် (Participatory Irrigation Management- PIM) အား ၁၉၅၀-၁၉၇၀ ခုနှစ်များတွင် အမေရိကန်၊ ပြင်သစ်နှင့် ကိုလံဘီယာတို့တွင် ပျံ့နှံ့ခဲ့ပြီး ၁၉၈၀-၁၉၉၀ ခုနှစ်များတွင် လက်တင်အမေရိကနိုင်ငံများ၊ အာဖရိကနိုင်ငံများ ၊ အရှေ့ အလယ်ပိုင်းနိုင်ငံများ၊ လာအို၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် စသည့် အာဆီယံနိုင်ငံများနှင့် ဂျပန်၊ ပါကစ္စတန်၊ အိန္ဒိယ သီရိလင်္ကာ၊ ဘင်္ဂလား ဒေ့ရှ်နှင့် တရုတ် စသည့် နိုင်ငံများတွင်လည်း ပျံ့နှံဆောင်ရွက်လျက် ရှိနေကြပြီ ဖြစ်ကြောင်းသိရသည်။
အကျိုးကျေးဇူးများ
ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်တွင် ရေအသုံးချတောင်သူများအနေဖြင့်လည်း ဆည်မြောင်းစနစ်တွင် ပါဝင်ဆောင်ရွက်လာနိုင်ခြင်းကြောင့် စိုက်ပျိုး ရေးလုပ်ငန်းများတွင် အဓိကဆောင်ရွက်သူများဖြစ်လာပြီး ဆည်ရေ၏ အကျိုးကျေးဇူးများကို ပိုမိုခံစားလာနိုင်မည်ဖြစ်ပါသည်။ ရေအသုံးချတောင်သူ များသည် ဆည်မြောင်းအဆောက်အအုံများကို ထိန်းသိမ်းမှုများ၌ ကိုယ်တိုင် ပါဝင်ဆောင်ရွက်လာနိုင်ခြင်းကြောင့် ၎င်းတို့ထိန်းသိမ်းသော အပိုင်းရှိ ရေပေးမြောင်းများ၏ အပျက်အစီးများကို ချက်ချင်းပြုပြင် ထိန်းသိမ်း နိုင်မည်ဖြစ်၍ ကုန်ကျစရိတ်များပိုမိုသက်သာစေပြီး အရည်အသွေးကောင်းမွန်မှုကို ထိရောက်စွာ ထိန်းသိမ်း စောင့်ရှောက်နိုင်စေမည်ဖြစ်ပါသည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းကြောင့် ရေအလေအလွင့် နည်းပါးစေခြင်း၊ အချိန်တိုအတွင်း ရေလိုအပ်သောနေရာများသို့ ပေးဝေနိုင်ခြင်းတို့အပြင် လယ်ဧကများ ပိုမိုရေပေးဝေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ပါသည်။
ကိုယ်တိုင်ပါဝင်စီမံနိုင်မည်
ရေအသုံးချသူများအဖွဲ့ WUG များ ဖွဲ့စည်းထူထောင်ခြင်းဖြင့် မြောင်းတစ်ခုတည်းမှရေရယူသော ရေအသုံးချတောင်သူများစုပေါင်း၍ မိမိတို့ စိုက်ပျိုးဧရိယာအတွင်း ရေဖြန့်ဝေမှုစနစ်နှင့် သီးနှံစိုက်ပျိုးမှုပုံစံတို့ကို စုပေါင်း၍ အကောင်းဆုံးအခြေအနေဖြစ်အောင် ကိုယ်တိုင်ပါဝင်စီမံနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိမိတို့ WUG အဖွဲ့များ၏ ရေလိုအပ်မှုပမာဏနှင့် ရေရယူမည့် အချိန်အတိအကျ စသည့်ကိစ္စရပ်များအတွက် ဌာနနှင့် ပူးပေါင်းစီမံနိုင်တော့မည် ဖြစ်ပါသည်။
ထို့ပြင် တွက်ခြေကိုက်၍ အရည်အသွေးပိုမြင့်သော လုပ်ငန်းထိန်းသိမ်း လည်ပတ်မှုများ၊ သင့်လျော်သော သီးနှံအမျိုးအစားရွေးချယ်မှု၊ သီးနှံပုံစံနှင့် စိုက်ပျိုးရေတစ်သမတ်တည်းဖြစ်မှု၊ အဖျက်ပိုးရောဂါများ လျော့နည်း မှုနှင့် ရေစီမံခန့်ခွဲမှုကောင်းမွန်မှုများကြောင့် အထွက်နှုန်းနှင့် ထုတ်ကုန်များ၏ အရည်အသွေး တိုးတက် လာနိုင်မည်ဖြစ်ပါသည်။
ပူးပေါင်းပါဝင် ဆည်မြောင်းစနစ် လမ်းညွှန်ချက်
သို့ဖြစ်ရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ် လမ်းညွှန်ချက် (PIM Guidelines) နှင့် ရေ အ သုံးချသူများအသင်းဖွဲ့စည်းထူထောင်ခြင်း လက်စွဲစာအုပ် အား (၂၀၁၇)ခုနှစ် ဧပြီလမှ စတင်ကာ JICA မှ စေလွှတ်သည့် Sanyu Consultants Inc မှ ပညာရှင်များ နှင့် ဆည်ရေ ဦးစီးဌာနမှ အင်ဂျင်နီယာများဖြင့် ပြုစုရေးဆွဲခဲ့ရာ ယခုအခါတွင် PIM လမ်းညွှန်ချက် စာအုပ်များကို ထုတ်ဝေနိုင်ခဲ့ပြီ ဖြစ်ပါသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် PIM Guideline မရေးဆွဲရသေးသည့် ၂၀၀၀ ပြည့်နှစ်ကတည်းက ရေအသုံးချ သူများအဖွဲ့ Water User Group (WUG) များကို ဆည်ရေသောက်စနစ်များတွင် စတင်ဖွဲ့စည်းထူထောင်ခဲ့ရာ ယခုအချိန်ထိ စုစုပေါင်း ၁၂၀၆ ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် PIM Guideline စတင်ရေးဆွဲခဲ့ပြီးနောက် အဆိုပါ Guideline နှင့် အညီ Water User Group (WUG) နှင့် Water User Association (WUA) များကို ဖွဲ့စည်းခဲ့ရာ ယခုအချိန်ထိ WUG ၃၈၁ ဖွဲ့၊ WUA ၈ ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သဖြင့် ယနေ့အချိန်ထိ စုစုပေါင်း WUG ၁၅၈၇ ဖွဲ့နှင့် WUA ၈ ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
ယခုအခါတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် ရေအသုံးချ သူများအဖွဲ့ WUG များ၊ ရေအသုံးချသူများအသင်း WUA များ ဖွဲ့စည်းထူထောင်ခြင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း အဆင့်ဆင့်တိုးချဲ့ ဖွဲ့စည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ
နိုင်ငံတကာအထောက်အပံ့ဖြင့် ဆောင်ရွက်သည့်စီမံကိန်းများတွင် PIM Guideline နှင့်အညီ ဆောင်ရွက်ခြင်း၊ ယခုအချိန်ထိ လိုအပ်ချက်များအရ Guideline အရ မဟုတ်သော်လည်း စီမံကိန်းဧရိယာများရှိ ရေသောက် စနစ်များတွင် ဖွဲ့စည်းပြီးဖြစ်သော WUG များကို စနစ်တကျဖွဲ့စည်းနိုင်ရန် ဆောင်ရွက်ခြင်းနှင့် WUAများအဖြစ် တိုးတက်ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်ခြင်း၊ နောင်တွင် နိုင်ငံတော်အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ရန်ရှိသည့် ရေသောက် စနစ်များ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းတွင် WUG /WUA ဖွဲ့စည်းသွားနိုင်ရန် အစီအစဉ်များ၊ ရန်ပုံငွေများထည့်သွင်းဆောင်ရွက်ခြင်း၊ ဆက်လက်ဆောင်ရွက်ရန်ရှိသည့် နိုင်ငံတကာအထောက်အပံ့ဖြင့် ဆောင်ရွက်မည့် အစီအစဉ်များတွင်လည်း WUG /WUA ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ငန်းများတွင်လည်း အစီအစဉ်များ၊ ရန်ပုံငွေများ လျာထားဆောင်ရွက်ခြင်း၊ ဖွဲ့စည်းပြီး ဖြစ်သော WUG / WUA များ ရေရှည်တိုးတက်ရှင်သန်နိုင်ရန် ငွေကြေး ထောက်ပံ့မှုများ ၊ နည်းပညာဖြန့်ဝေခြင်းဆိုင်ရာ သင်တန်းများ ပေးခြင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များအရ ရေအရင်းအမြစ်များ စီမံခန့်ခွဲမှုအပေါ် သက်ရောက်လာသည့် ဆိုးကျိုးများကိုလျှော့ချနိုင်ရန်အတွက် ရေကိုအကျိုး ရှိစွာ သုံးစွဲနိုင်ရေးတွင် ရေသုံးစွဲသူများပူးပေါင်းပါဝင်လာမှုသည် အရေးကြီး သည့် အခန်းကဏ္ဍမှ ပါဝင်လာသည်ကို သိသာထင်ရှားစေပြီး ရေရှည်တည်တံ့ နိုင်သည့် ပံ့ပိုးမှုအစီအမံများ ဆောင်ရွက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
တောင်သူများ၏ ဝင်ငွေတိုးပွားလာမည်
WUG/WUA များ ဖွဲ့စည်းပြီးသော စိုက်ပျိုးဧရိယာများတွင် တောင်သူ များ၏ မိတ်ဖက်ဌာနများဖြစ်သော စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံပုံစံများ၊ နည်းပညာများနှင့် မျိုးစေ့များထိရောက်စွာ ပါဝင်ကူညီပေးခြင်း၊ စက်မှု လယ်ယာဦးစီးဌာနမှ လယ်ယာသုံးစက်ကိရိယာများ ပံ့ပိုးကူညီခြင်း၊ အဆင့်မြင့် လယ်ယာမြေပြုပြင်မှုများ ဆောင်ရွက်ခြင်း၊ နည်းပညာများ ပါဝင် ကူညီဆောင်ရွက်ပေးခြင်းနှင့် အခြားဌာနဆိုင်ရာများမှလည်း လိုအပ်ချက် များကို ထိရောက်စွာပါဝင်ကူညီဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။ ထိုသို့ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနိုင်ခြင်းကြောင့် ဧရိယာအလိုက် ဈေးကွက် သေချာစေသော အရည်အသွေးမီ သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်း၊ စိုက်ပျိုး ထွက်ကုန်များအတွက် ဈေးနှုန်းပိုမိုရရှိနိုင်ခြင်းကြောင့် တောင်သူများ၏ ဝင်ငွေတိုးပွားလာမည်လည်း ဖြစ်ပါသည်။
သို့ဖြစ်ရာ ဆည်ရေအသုံးပြု တောင်သူဦးကြီးများအနေဖြင့် သီးနှံ စိုက်ပျိုးထုတ်လုပ်ရေးအတွက် လိုအပ်သည့် ဆည်ရေကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် ရေအသုံးချသူများ အသင်းအဖွဲ့ (WUG/WU)များမှ တစ်ဆင့် ဌာနနှင့်တောင်သူလယ်သမားများ ပူးပေါင်းပါဝင်သည့် ဆည်ရေ စီမံခန့်ခွဲမှုစနစ် (Participatory Irrigation Management-PIM) တွင် ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် မိမိ၏ အကျိုးကျေးဇူးများစွာ တိုးမြှင့်နိုင်မည် ဖြစ်ပါကြောင်း အသိပေး တိုက်တွန်းနှိုးဆော်တင်ပြအပ်ပါသည်။ ။


