မော်လမြိုင် အောက်တိုဘာ ၆

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စဉ်ဆက်မပြတ် လာရောက်ဖူးမြော်နေကြပြီး ယနေ့သီတင်းကျွတ်လပြည့်နေ့တွင် ပြည်တွင်း၊ ပြည်ပဘုရားဖူးပြည်သူပေါင်း လေးသောင်းကျော် လာရောက်ဖူးမြော်ခဲ့ကြကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

 

စည်ကားများပြား

 

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာရောက်ကြသူများ စိတ်ချမ်းမြေ့စွာ ဘုရားဖူးမြော်နိုင်ရန်အတွက် ရင်ပြင်တော်သန့်ရှင်းသာယာရေးကို အထူးအလေးထား ဆောင်ရွက်နေကြောင်း၊ ၎င်းအပြင် လုံခြုံရေး၊ တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘုရားဖူးပြည်သူများ လွယ်ကူအဆင်ပြေစွာ တက်ရောက်ဖူးမြော်နိုင်ရန် တောင်တက်ကား ၁၅၂ စီး စီစဉ်ထားပြီး လူဦးရေနှင့် ယာဉ်စီးခနှုန်းထားများကို သတ်မှတ်ပေးထားကြောင်း၊ ဘုရားပွဲတော်ကာလအတွင်း၊ အပြင် တစ်နှစ်ပတ်လုံးတောင်တက်ကားများဖြင့် စေတီတော်မြတ်ကြီးအား တက်ရောက်ဖူးမြော်နိုင်ကြောင်း၊ ဘုရားဖူးပြည်သူများ စည်ကားများပြားသည့်အတွက် ကျိုက်ထီးရိုးတောင်တော်တစ်လျှောက် အထင်ကရနေရာများဖြစ်သည့် မုဆိုးတောင်တော်၊ ကျီးကန်းပါးစပ်လိုဏ်ဂူတော်၊ ကျောက်ထပ်ကြီးစေတီတော်၊ ရေတံခွန်စသည့်နေရာများ၊ ရင်ပြင်တော် ဈေးဆိုင်တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ၊ အမှတ်တရအရောင်းဆိုင်များ၌ ဘုရားဖူးများဖြင့်စည်ကားနေသည့်အပြင် အခမဲ့နှင့်အခပေးတည်းခိုဆောင်များ၊ ရင်ပြင်တော်၌လည်း တည်းခိုနေထိုင်သူများပြားလျက်ရှိကြောင်း၊ ယနေ့သီတင်းကျွတ်လပြည့်နေ့တွင် ဆွမ်းဆန်တော်လောင်းလှူခြင်း၊ တိုင်းရင်းသားရိုးရာ အကအလှများဖြင့်ဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားလျက်ရှိသည်။

 

လာရောက်ဖူးမြော်

 

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတွင် ယခုနှစ်ဘုရားပွဲတော်ကာလ ၂၀၂၅ ခုနှစ် ယနေ့ သီတင်းကျွတ်လပြည့်နေ့တွင် ပြည်တွင်းဘုရားဖူး လေးသောင်းကျော် လာရောက်ဖူးမြော်ခဲ့ကြကြောင်း သိရသည်။

 

စည်သူ(ပြန်/ဆက်)