နေပြည်တော် ၉ ဧပြီ
ဆဋ္ဌမအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ပူးတွဲဆွေးနွေးမှုမှတ်တမ်း လက်မှတ်ရေးထိုးခြင်းနှင့် ပူးတွဲသတင်းထုတ်ပြန်သည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Royal ACE Hotel ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် မျိုးသန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ နယ်ခြားစောင့်တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Md Shafeenul Islam, ndc, psc နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု၊ အကြမ်းဖက်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို ထိရောက်စွာ တားဆီးနှိမ်နင်းရေး၊ နှစ်နိုင်ငံ၌ ပြစ်ဒဏ်ကျခံပြီး၍ ပြန်လည်လွတ်မြောက်လာသော နိုင်ငံသားများအား အပြန်အလှန်လွှဲပြောင်းပေးရေး၊ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့်နှင့် ကွပ်ကဲရေးမှူးအဆင့် အလံတင် အစည်းအဝေးများ ပုံမှန်ကျင်းပရေး၊ မောင်တော-တက္ကနာ့ဖ် နယ်စပ်ဆက်ဆံရေးရုံးတို့၏ ပထမအကြိမ် အစည်းအဝေးကျင်းပရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီဖလှယ်ရေး၊ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းတစ်လျှောက် နှစ်ဘက်ညှိနှိုင်းကင်းလှည့်မှုများ ဆက်လက်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေးအတွက် ယုံကြည်မှု တည်ဆောက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်းသည့် ပူးတွဲဆွေးနွေးမှု မှတ်တမ်းကို နှစ်ဘက်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များမှ လက်မှတ်ရေးထိုးခဲ့ကြပြီး ပူးတွဲသတင်း ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။
သတ္တမအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များအကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


