ဆယ်လီနာရဲ့အယ်ဘမ်အသစ်မှာ ရည်းစားဟောင်းအကြောင်း ပါမလားလို့ ပရိသတ်များစိတ်ဝင်စား

၁၄ သြဂုတ်

 

ဆယ်လီနာဂိုမက်ဇ်ဟာ သုံးနှစ်အတွင်းမှာ ပထမဦးဆုံး အယ်ဘမ်အသစ်ကို အဆုံးသတ်ပြီးသွားပါပြီ။ ဆယ်လီနာရဲ့ ပရိသတ်တွေဟာ သူရဲ့သီချင်းအယ်ဘမ်အသစ်ကို နားထောင်ဖို့ သုံးနှစ်ကြာအောင် စောင့်ဆိုင်းခဲ့ရပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိလာပြီဖြစ်တဲ့ ဆယ်လီနာကတော့ သြဂုတ်လ ၁၃ ရက်နေ့မှာပဲ သူ့ရဲ့ အယ်ဘမ်အသစ် အဆုံးသတ်လို့ပြီးစီးသွားပြီလို့ ကြေညာခဲ့ပါတယ်။ 

 

သူရဲ့နောက်ဆုံးထွက်ရှိခဲ့တဲ့ အယ်ဘမ်ဖြစ်တဲ့ Revivalcame ကတော့ ၂၀၁၅ ခုနှစ် အောက်တိုဘာလက ထွက်ရှိခဲ့ပါတယ်။ မေလအတွင်းမှာတော့ ဆယ်လီနာဟာ သူအသစ်ထွက်ရှိမယ့် အယ်ဘမ်မှာ ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေပါရှိမယ်လို့ Billboard ကိုပြောခဲ့ပါတယ်။

 

အဲဒီတော့သူ့ရဲ့အယ်ဘမ်အသစ်ထဲမှာ အခုတခြားသူနဲ့ စေ့စပ်သွားပြီဖြစ်တဲ့ ရည်းစားဟောင်း ဂျက်စတင်ဘီဘာ အကြောင်း ရေးစပ်ထားတဲ့သီချင်းပါဝင်မလားလို့ ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။ ဆယ်လီနာကတော့ သူ့ရဲ့အယ်ဘမ်အသစ် လုပ်လို့ပြီးသွားတဲ့အကြောင်း ပရိသတ်တွေကို ဂုဏ်ယူတဲ့ အပြုံလေးနဲ့ အသိပေးခဲ့ပါတယ်။

 

ဆယ်လီနာရဲ့ပရိသတ်တစ်ဦးကတော့ အခုသတင်းဟာ ဆယ်လီနာအကြောင်းကြားရတဲ့ သတင်းတွေထဲမှာ အကောင်းဆုံးလို့ ပြောခဲ့ပါတယ်။ နောက်ထပ်ပရိသတ်တစ်ဦးကတော့ အယ်ဘမ်အသစ် လုပ်ပြီးသွားရင် ဘာလို့ ပရိသတ်ထံမပို့သေးတာလဲလို့ တွစ်တာမှာရေးသားခဲ့ပါတယ်။ 

 

ခွေထွက်ဖို့ကြာနေရတာကတော့ ကြားထဲမှာ ဆယ်လီနာရဲ့ကျန်းမာရေးအခြေအနေ ဆိုးသွားတာကြောင့်လည်းပါမှာပါ။ ဆယ်လီနာ ကတော့သူ့အယ်ဘမ်အသစ်ဟာ မကြာမီ ထွက်ရှိတော့မှာပါ လို့ပဲ ပြောသွားခဲ့ပါတယ်။ 

 

ခြူးစန္ဒီနွေး(မြန်မာ့အလင်း)