နေပြည်တော် ဇန်နဝါရီ ၆
စီမံကိန်းနှင့်မူဝါဒဆိုင်ရာ ချေးငွေထုတ်ချေးရန် စိစစ်ရေးအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/ ၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်တွင်းအခွန်များဦးစီးဌာန ရုံး အမှတ် (၄၆) ၌ ကျင်းပရာ စိစစ် ရေးအဖွဲ့ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထိန်လင်းဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ စီးပွားရေး မူဝါဒများကို ဆောင်ရွက်ရာတွင် ငွေရေးကြေးရေးကဏ္ဍသည် အဓိကပါဝင်လျက်ရှိရာ ပြည်သူများ၏ အပ်နှံစုဆောင်းငွေများဖြင့် နှစ်တို၊ နှစ်ရှည် ကူးသန်းရောင်းဝယ်ရေးချေးငွေ (Com-mercial) နှင့် MSME ချေးငွေများအပြင် နိုင်ငံတော်ဖွံ့ဖြိုးရေး ရေရှည်ရင်းနှီးမြှုပ်နှံရသော စီမံကိန်းနှင့် မူဝါဒဆိုင်ရာလုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ငွေကျပ်သန်း ၁၅၀၀ နှင့် အထက် တင်ပြလာသည့် ချေးငွေလျှောက်ထားမှုများကို စိစစ်နိုင်ရန် “စီမံကိန်းနှင့်မူဝါဒဆိုင်ရာ ချေးငွေစိစစ်ရေးအဖွဲ့” ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ရုံး၏ ၂-၈-၂၀၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းပေးခဲ့ကြောင်း၊ ယခင် ထုတ်ချေးထားသော စီမံကိန်းနှင့် မူဝါဒချေးငွေများအနက် ချေးငွေ အချို့သည် ပြေကျေပြီးဖြစ်ကြောင်း တွေ့ရှိရပြီး ယခုအခါ စီမံကိန်းချေးငွေ ခုနစ်ခုနှင့် မူဝါဒချေးငွေ လေးခု စုစုပေါင်း ၁၁ ခု ကျန်ရှိရာ အဆိုပါ စီမံကိန်းနှင့် မူဝါဒဆိုင်ရာ ချေးငွေ ၁၁ ခု၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို အဖွဲ့အနေဖြင့် သိရှိမှတ်တမ်းတင်နိုင်ရန်နှင့် ချေးငွေစီမံခန့်ခွဲမှုများကို အချိန်မီ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ယခုအစည်းအဝေး ခေါ်ယူခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက စီမံကိန်းနှင့် မူဝါဒဆိုင်ရာ ထုတ်ချေးထားသော ချေးငွေများအပေါ် ချေးငွေဆိုင်ရာ မူဝါဒလုပ်ထုံးလုပ်နည်းများနှင့်အညီ ချေးငွေအရင်းအတိုးများ ပုံမှန်ပေးဆပ်စေရေး၊ ချေးငွေပေးဆပ်ရန် ပျက်ကွက်မှုမရှိစေရေး ကြပ်မတ် ဆောင်ရွက်သွားရန်နှင့် ပျက်ကွက်ပါကလည်း ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များကို တင်ပြဆွေးနွေး သည်။
ယင်းနောက် တွဲဖက်အတွင်းရေးမှူး မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးက ယခင်စီမံကိန်းနှင့် မူဝါဒဆိုင်ရာ ချေးငွေစိစစ်ရေးအဖွဲ့ ၁/၂၀၂၂ ၏ အစည်းအဝေး ဆုံးဖြတ်ချက်နှင့် အစည်းအဝေး ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် စီမံကိန်းနှင့် မူဝါဒဆိုင်ရာချေးငွေ များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာထိန်းလင်းဦးက ချေးငွေများနှင့်စပ်လျဉ်း၍ ဥပဒေပိုင်း ဆိုင်ရာကိစ္စရပ်များကိုလည်း ကောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်က ချေးငွေပြန်လည် ပေးဆပ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်နိုင်သည့် အခြေအနေများကိုလည်းကောင်း တင်ပြ ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


