ကျောက်ဆည် ၂၇ မေ
ကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက်ရှိ သစ်ပင်ချစ်သူများအဖွဲ့က ယနေ့နံနက်(၇)နာရီမှ စတင်ပြီး ရပ်ကွက်၊မြို့နယ်မှတစ်ဆင့်နိုင်ငံတစ်ဝှမ်းစိမ်းလန်းစိုပြည် သာယာလှပစေရန် ရည်ရွယ်ချက်ဖြင့် ရပ်ကွက်အတွင်းရှိ ငုဝါလမ်းလမ်းဘေးဝဲယာ လမ်းတစ်လျှောက်တွင် ငုဝါပင်များ စတင်စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
သစ်ပင်စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ “ကျွန်တော်တို့က အိမ်မှာလည်း သန့်သန့်ရှင်းရှင်း နေထိုင်တတ်သူဆိုတော့ ကိုယ်ရပ်ကွက်လမ်းတွေလည်း သန့်ရှင်းချင်တယ်၊ ဒါကြောင့်ရပ်ကွက်ထဲမှာ စိတ်တူမယ့် လူတွေစုဖွဲ့ပြီး ရပ်ကွက်ရေနုတ်မြောင်းတွေမှာ အမှိုက်ဆယ်ကြတယ်၊ ရေနုတ်မြောင်း မရှိတဲ့လမ်းတွေမှာဆို မြို့နယ်စည်ပင်သာယာရေး တာဝန်ရှိသူတွေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လမ်းညွှန်မှုကိုခံယူပြီး ရေနုတ်မြောင်းတွေတူးကြပါတယ်၊ အခုဆိုရင် အရိပ်ပိုရပြီးပို၍ လှပအောင် ငုဝါလမ်းမှာ ငုပင်များစပြီးစိုက်ပေးကြပါတယ်၊ နောက်ပြီး ခရေလမ်းမှာ ခရေပင်များ၊ ပိတောက်လမ်းမှာ ပိတောက်ပင်များ ဆက်လက်စိုက်ပေးသွားကြမှာပါ” ဟု အဖွဲ့ခေါင်းဆောင် ဦးဝင်ဦးက ရှင်းလင်းပြောကြားသည်။
အခု ငုပင်တွေကတော့ တစ်ပင်ကို (၇) ထောင်ကျပ်နှုန်းနဲ့ ဝယ်ပြီးစိုက်ကြတာပါ။ နောက်စိုက်သွားမယ့် အပင်တွေကိုတော့သစ်တောဦးစီးဌာနဲ့ ကျွန်တော်တို့ကိုယ်တိုင် ပျိုးထားတဲ့ပျိုးပင်တွေကို ဆက်လက်စိုက်ပေးသွားမှာပါ။ ရန်ပုံငွေရယ်လို့သီးသန့်မရှိပါဘူး။ လုပ်ချင်တဲ့အချိန်ကြမှ ကျွန်တော်တို့တော့ ဘာလုပ်ကြမယ် အစည်းအဝေးထိုင်ကြပြီး အသင်းသားထဲကပဲ မတည်ငွေများနဲ့ ဆောင်ရွက်သွားကြတာပါ၊ အဲ့ဒီအချိန်ကြမှအလှူရှင်ရှိလို့ အလှူငွေထည့်ရင်လည်း လက်ခံပါတယ်။ ကျန်တဲ့အချိန်များမှာတော့ ဘာငွေမှမကောက်ခံသလို လာလှူလည်းလက်မခံပါဘူး။ ဒါပေမယ့် သစ်ပင်မျိုးစေ့တွေနဲ့ ဓါး၊ တူရွင်း၊ပေါက်ပြား၊ ဂေါ်၊ တောင်း စသဖြင့် သန့်ရှင်းရေးသုံးပစ္စည်းများ လှူခဲ့ရင်တော့ လက်သင့်ခံပါတယ်” ဟု အဆိုပါပရဟိတအဖွဲ့မှ အတွင်းရေးမှူး ဦးစိုးငွေမှ ထပ်မံရှင်းလင်း ပြောကြားသည်။
သက်မောင် (ပြန်/ဆက်)


