စိန့်ပီတာစပတ်မြို့တောင်ပိုင်းရှိ  သိုလှောင်သည့် အဆောက်အဦတစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ စတုရန်းမီတာ ၁၂၀ဝ၀ ကျော် ပျံ့နှံ့ခဲ့ပြီး ယနေ့တွင် အဆိုပါ ဒေသကို အရေးပေါ်အဖြစ် ကြေညာခဲ့သည်။

 

ယမန်နေ့ ဒေသစံတော်ချိန်တွင် ၂နာရီ ၅၉မိနစ်အချိန်တွင်  အဆိုပါ မီးလောင်မှုကို အန္တရာယ်အဆင့် ၄အထိ တိုးမြှင့် သတ်မှတ်ခဲ့သည်။

 

အဆိုပါ သိုလှောင်ရုံတစ်ခုလုံး မီးလောင်ကျွမ်းခဲ့ပြီး အဆောက်အဦမှာလည်း ပြိုကျ ပျက်စီးခဲ့ကြောင်း  အရေးပေါ်အခြေအနေများဝန်ကြီးဌာန၏ ဒေသန္တရဌာနခွဲမှ ကိုယ်စားလှယ်ကို ကိုးကားပြီး စပွတ်ညစ်သတင်းဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။

 

ထိခိုက်ဒဏ်ရာရရှိသူများနှင့်ပတ်သက်ပြီး ယခုအချိန်အထိ သတင်းမရရှိသေးကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

စိန့်ပီတာစဘတ်တောင်ပိုင်း၊  မော်စကိုအဝေးပြေးလမ်းမကြီးရှိ စက်မှုဇုန်တစ်ခုတွင် တည်ရှိသည့် သိုလှောင်ရုံကြီးတစ်ခုတွင် ယမန်နေ့က ဒေသစံတော်ချိန် နံနက်၂နာရီ ၁၃မိနစ်အချိန်က လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း အရေးပေါ်အာဏာပိုင်များအဖွဲ့က ပြောကြားခဲ့သည်။

 

မီးလောင်မှုကို ငြှိမ်းသတ်ရန်အတွက် မီးသတ်သမား ၁၀ဝ ကျော်နှင့် ပစ္စည်းကိရိယာ နှစ်ဒါဇင်ကျော် သယ်ဆောင်၍ အခင်းဖြစ်ပွားရာ နေရာသို့ ချက်ချင်း သွားရောက်ခဲ့သည်ဟု ဆိုသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

 

mdn