ဥပ‌ဒေအတွေး ရေးပါရစေ အပိုင်း(၂၃၀)

============================

ဦးဟန်ညွန့် (ဥပဒေ)

မောင်ပျင်းရိ၏မေးခွန်း
“ဆရာကြီးခင်ဗျာ ပြီးခဲ့သည့်အပတ်က ကင်းလွတ်ရမြဲအချက်များခေါင်းစဉ် နဲ့ ဆရာကြီး ဆွေးနွေးနေစဉ် ကျွန်တော်အိပ်ပျော်သွားပါတယ်။ မိုးအေးအေးနဲ့ အိပ်ပျော်သွားတာမို့ ကင်းလွတ်ရမြဲအချက်ထဲမှာ အကျုံးမဝင်သော်လည်အကျုံး ဝင်တဲ့အနေနဲ့ သတ်မှတ်ပြီး ခွင့်လွှတ်ပေးပါခင်ဗျာ။ ဆက်ပြီးတော့လည်း သိမှတ်စရာအကြောင်းအရာများကို ရှင်းလင်းရေးသားပေးပါ ဆရာကြီး” ဟု အလုပ်သင်ရှေ့နေမောင်ပျင်းရိက မေးခွန်းလည်းမေး၊ သူ့အပြစ်ကိုလည်း ခွင့်လွှတ်ပါရန် တင်ပြလာပါသည်။ ထို့ကြောင့် ဤစာကို ရေးပါသည်။
စိတ်ပေါ့သွပ်သူ၏ပြုလုပ်မှု
ရာဇသတ်ကြီးပုဒ်မ ၈၄ ။ စိတ်ပေါ့သွပ်ခြင်းကြောင့် ပြုစဉ်အခါက မိမိ၏ ပြုလုပ်မှုသည် မည်သို့သဘောရှိသည်ကိုလည်းကောင်း၊ မတော်မမှန်သည်ကို လည်းကောင်း၊ ဥပဒေနှင့် ဆန့်ကျင်သည်ကို လည်းကောင်း မသိနိုင်သောသူ၏ ပြုလုပ်မှုသည် ပြစ်မှုမမြောက်ဟု ပြဋ္ဌာန်းထားပါသည်။
ရည်ရွယ်ချက်
စိတ်ပေါ့သွပ်နေသဖြင့် မိမိစိတ်ကို မိမိမနိုင်သည့်အတွက် ကျူးလွန်သည့် ပြစ်မှုမှကင်းလွတ်ခွင့်ပြုခြင်းဖြစ်သည်။ အသက်(၇)နှစ်အောက်ကလေးတစ်ဦး သည် မိမိ၏စိတ်ကို ထိန်းသိမ်းနိုင်သည့်အခြေအနေရှိကောင်း ရှိနိုင်မည် ဖြစ်သော်လည်း စိတ်ပေါ့သွပ်နေသူ၌ ထိုကဲ့သို့ ထိန်းသိမ်းနိုင်သည့် အခြေအနေ မရှိနိုင်ပေ။ သို့ရာတွင် စိတ်ပေါ့သွပ်သူတိုင်း ဤကင်းလွတ်ချက်နှင့် အကျုံးမဝင် ပေ။ မိမိ၏ပြုလုပ်မှုသည် မည်သို့သဘောရှိသည်ဟု သော်လည်းကောင်း၊ မတော်မမှန်သည်ကိုလည်းကောင်း၊ ဥပဒေနှင့်ဆန့်ကျင်သည်ကိုသော်လည်း ကောင်း မသိမှသာ ဤကင်းလွတ်ချက်ကို ခံစားခွင့်ရှိရမည် ဖြစ်သည်။ တရားခံ အနေဖြင့် ပြစ်မှုကျူးလွန်စဉ်အချိန်က အဆိုပါ အချက်(၃)ရပ်အနက်တစ်ခုခု ရှိကြောင်း သက်သေထူရန်လိုသည်။
ဥပဒေအရ ရူးသွပ်သည်ဆိုခြင်းမှာ ဆေးဘက်ဆိုင်ရာအရ ရူးသွပ်သည် ဆိုခြင်းနှင့် မတူပေ။ အကြောင်းကြောင်းကြောင့် နဂိုအတိုင်းမရှိသည့်စိတ်ကို ဆေးဘက်ဆိုင်ရာအရ ရူးသွပ်သည့်စိတ်ဟု ခေါ်ဆိုနိုင်မည်ဖြစ်သော်လည်း ဥပဒေအရဆိုပါမူ ပြစ်မှုကျူးလွန်စဉ် အချိန်၌ တရားခံသည် ဤပုဒ်မတွင် ဖော်ပြထားသည့်အတိုင်း စိတ်ချို့ယွင်းနေမှသာ ရူးသွပ်နေပါသည်ဆိုသည့် ထုချေချက်ကိုတင်ပြနိုင်မည်ဖြစ်သည်။ ဤပုဒ်မနှင့်အကျုံးမဝင်လျှင် တရားခံ သည် လူကောင်းတစ်ယောက်ဖြစ်သည်ဟု မဆိုနိုင်စေကာမူ ကင်းလွတ်ခွင့်မရ နိုင်ဟု အငြိမ်းစားတရားရုံးချုပ် တရားသူကြီး ဦးသက်ဖေက ပြစ်မှုဆိုင်ရာဥပဒေ ၏ သိကောင်းစရာများစာအုပ်တွင် ရေးသားခဲ့ပါသည်။
သက်သေခံအက်ဥပဒေပုဒ်မ ၄၅
ရာဇသတ်ကြီးပုဒ်မ ၈၄ သည် ပြုစဉ်အခါက စိတ်ပေါ့သွပ်ခြင်းကြောင့် တော်မတော်၊ မှန်မမှန် မသိဘဲ ရူးသွပ်ပြီးပြုလုပ်မှုကို ကင်းလွတ်ခွင့်ပေးထားခြင်းဖြစ်သည်။ တရားခံသည် ရူးသွပ်ခြင်း ရှိ၊ မရှိနှင့် စပ်လျဉ်း၍ သက်သေခံ အက်ဥပဒေပုဒ်မ ၄၅ အရ ဆေးပညာပါရဂူဖြစ်သည့် ဆရာဝန်၏ ထင်မြင် ချက်ကို ရယူရမည်ဖြစ်ပါသည်။ ဤပုဒ်မသည် ရာဇသတ်ကြီးပုဒ်မ ၄၀ အရ ပြစ်မှုဆိုင်ရာ အထူးဥပဒေများ၊ ဒေသန္တရဥပဒေများနှင့်လည်း သက်ဆိုင်ပါ သည်။
သူတစ်ပါးတို့၏ ထင်မြင်ချက်များ စပ်ဆိုင်ခြင်းအကြောင်းကို သက်သေခံ အက်ဥပဒေပုဒ်မ ၄၅ တွင် ပြဋ္ဌာန်းထားပါသည်။ ရှုပါ။
သက်သေခံအက်ဥပဒေပုဒ်မ ၄၅။ ထိုးထွင်းမြော်မြင်၍ လိမ္မာရေးခြားရှိသူတို့ ၏ ထင်မြင်ချက်။
(က) အခြားတိုင်းနိုင်ငံဆိုင်ရာ တရားဥပဒေအချက်အလက်များ၊
( ခ ) သိပ္ပံပညာဆိုင်ရာအချက်အလက်များ၊
( ဂ ) ဝိဇ္ဇာပညာရပ်ဆိုင်ရာအချက်အလက်များ၊
(ဃ) လက်ရေးလက်သား တူမတူသိလိုသော အချက်များ၊
(င ) လက်ထိပ်နှိပ်ဗွေအမှတ်အသား တူမတူ သိလိုသော အချက်များ
နှင့်ပတ်သက်၍ တရားရုံးက စဉ်းစားဆင်ခြင်ရန်ရှိသည့်အခါ
အဆိုပါအချက်အလက်များနှင့် အထူးကျွမ်းကျင်သူတို့၏ ထင်မြင်
ချက်များသည် စပ်ဆိုင်သည့် အခြင်းအရာ ဖြစ်သည်။
၎င်းကျွမ်းကျင်မှုများကို ထိုးထွင်းမြော်မြင်၍ လိမ္မာရေးခြားရှိသူများဟု ခေါ်ပါသည်။
ဥပမာ- A သည် အဆိပ်ကြောင့်သေခြင်း ဟုတ်၊ မဟုတ်ကို ၎င်းပညာရပ်ကျွမ်းကျင်သောသူ၏ ထင်မြင်ချက်နှင့် စပ်ဆိုင်ပါ သည်။ A သည် အမှုတစ်မှုကိုပြုစဉ် စိတ်မကောင်းခြင်းကြောင့် ပြုလုပ်ကြောင်းသိနိုင်ရန် ချင့်ချိန်ဖို့ လိုပါသည်။ ထိုသို့ ချင့်ချိန် နိုင်ရန် ထိုးထွင်း၍ လိမ္မာရေးခြားရှိသူတို့၏ ထင်မြင်ချက်များသည် စပ်ဆိုင်ကြောင်း သက်သေခံအက်ဥပဒေက ဖော်ညွှန်းပြဋ္ဌာန်း ထားပါသည်။
မှတ်ချက်
(၁) လက်ရေးသည် မည်သူ၏လက်ရေး၊ မည်သည့်အခါက ရေးခဲ့ သည်ကို ကျွမ်းကျင်နားလည်သူ။
(၂) သေနတ်နှင့် ပတ်သက်၍ မည်သည့်နေ့က ပစ်ဖောက်သည်၊ ကျည်ဆန်ခွံသည် မည်သည့်သေနတ်မှ ပစ်ဖောက်သည် တို့ကို ကျွမ်းကျင်နားလည်သူ။
(၃) ခြေရာနှင့် ပတ်သက်၍ မည်သူ၏ ခြေရာဖြစ်သည်ဟု ခွဲခြား ရေးတွင် ကျွမ်းကျင်နားလည်သူ။
(၄) သိပ္ပံပညာ တိုးတက်ထွန်းကားလာသည်နှင့်အမျှ သိပ္ပံဆိုင်ရာ ပစ္စည်းများကို အသုံးပြု၍ ကျွမ်းကျင်နားလည်စွာ ခွဲခြား ထုတ်ဖော်နိုင်သူ။
(၅) လူ့သွေး ဟုတ်မဟုတ်၊ သွေးရှိမရှိ စသည်တို့နှင့်ပတ်သက်၍ ခွဲခြားထုတ်နိုင်သော ဓာတုဗေဒစစ်ဆေးသူ။
(၆) လက်နှိပ်စက်ရိုက်ခြင်းနှင့် ပတ်သက်၍ မည်သည့် လက်နှိပ် စက်မှ ရိုက်ခြင်းဖြစ်သည်ကို ခွဲခြားပေးနိုင်သော ကျွမ်းကျင် သူ။
(၇) လက်ဗွေပုံစံနှင့် ပတ်သက်၍ မည်သူ၏ လက်ဗွေဟု ခွဲခြား ဖော်ထုတ်ပေးရန် ကျွမ်းကျင်သူ။
(၈) ဆရာဝန်-စသူများသည် ထိုးထွင်း၍ လိမ္မာရေးခြား ကျွမ်းကျင်သူများအဖြစ် တရားဝင် သတ်မှတ်ထားပြီး မှုခင်း များတွင် ၎င်းတို့၏ထင်မြင်ချက်များကိုရယူ၍ သက်သေခံချက် ဝင်သည်။ သို့ရာတွင် ၎င်းတို့ သက်သေခံချက်တစ်ခုတည်း ဖြင့် အပြစ်မပေးနိုင်။ အထောက်အထားတစ်ခုအဖြစ်ဖြင့်မူ သက်သေခံဝင်ပေသည်။ အပြစ်ပေးနိုင်ရန်အတွက် အခြား သက်သေခံချက်များရှိရန်လိုအပ်ကြောင်း ဥပဒေ ပါရဂူများ က ထောက်ပြခဲ့ပါသည်။
သက်သေထူရန်တာဝန်
စိတ်ပေါ့သွပ်စဉ်ပြု၍ ပြစ်မှုမမြောက်ကြောင်း ထင်ရှားအောင် ပြသရန် တာဝန်မှာ တရားခံအပေါ်၌ တည်ရှိသည်။ အရွယ်ရောက်သူတိုင်းသည် စိတ် မချို့ယွင်းသည့် လူကောင်းဖြစ်သည်ဟုလည်းကောင်း၊ ရူးသွပ်သူပင်ဖြစ်လင့် ကစား စိတ်ကောင်းနေချိန်၌ ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု လည်း ကောင်း၊ ဥပဒေအရ ယူဆရမည်ဖြစ်၍ ပြစ်မှုကျူးလွန်စဉ်က တရားခံသည် ရူးသွပ်နေသည်ဟု ဆိုလျှင် ရူးသွပ်နေကြောင်းတင်ပြရန် တာဝန်ကို တရားခံ အပေါ် ချထားခြင်းဖြစ်သည်။ ထိုအတိုင်းပင် သက်သေခံအက်ဥပဒေပုဒ်မ ၁၀၅ ၌လည်း ပြဋ္ဌာန်းထားသည်။ သို့ရာတွင် တရားခံက မိမိ၏ပြုလုပ်မှုမှာ ရာဇသတ်ကြီးပုဒ်မ ၈၄ နှင့် အကျုံးဝင်သည်ဟု ထုချေခဲ့ခြင်း မပြုစေကာမူ၊ အမှုတွဲတွင် စိတ်ပေါ့သွပ်နေကြောင်း ထင်ရှားလျှင် ဤပုဒ်မ၏ အကျိုးကျေးဇူး ကို ခံစားခွင့်ရှိသည်။
စိတ်ပေါ့သွပ်ခြင်း
စိတ်ပေါ့သွပ်သူများကို အောက်ပါအတိုင်း လေးမျိုးလေးစား ခွဲခြားနိုင် သည်-
(၁) ဝမ်းတွင်းရူး၊ ငယ်စဉ်ကပင် ဝမ်းတွင်းရူးဟု အခေါ်ခံရသူ။ လက်ပြ
ခြေပြဖြင့် နားလည်နိုင်သည့် အခြေအနေရှိလျှင် ထိုသူ၏ပြုမူချက်
သည် ဤပုဒ်မနှင့်အကျုံးမဝင်။
(၂) ရောဂါတစ်ခုခုကြောင့် စိတ်ပေါ့သွပ်သူ။
(၃) သူရူး၊ ရူးသွပ်နေသူဖြစ်သော်လည်း တစ်ချိန်ချိန်၌ လူကောင်းစိတ်
ပြန်ပေါ်လေ့ရှိသည်။
(၄) အရက်သေစာကြောင့် ရူးသွပ်သူ။
စေတနာ
အလုပ်သင်ရှေ့နေမောင်ပျင်းရိ မေးမြန်းသော သိမှတ်စရာအကြောင်းအရာ(စိတ်ပေါ့သွပ်သူ၏ ပြုလုပ်မှု)ကို ရှင်းလင်းတွေးခေါ်မိသော ကျွန်တော်၏ စေတနာ ဥပဒေအတွေးမျှသာပါ.....။
မြန်မာ့အလင်း