အောင်ကျော်သူ(လက်ထောက်သုတေသနအရာရှိ)

မိုးရေထိန်းသိမ်းသိုလှောင်ခြင်းအားဖြင့် လူနှင့် တိရစ္ဆာန်များအတွက် သောက်သုံးရေရရှိခြင်း၊ စိုက်ပျိုးရေးကဏ္ဍ တွင် သီးနှံပင်အတွက် လိုအပ်သောရေကို အထောက်အပံ့ ပြုနိုင်ခြင်း၊ သစ်တောစိုက်ခင်းများတွင် အပင်စတင်စိုက်ပျိုး ချိန်၌ အပင်ရှင်သန်နိုင်ရန်အတွက် လိုအပ်သောရေရရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။


မိုးရေထိန်းသိမ်းစုဆောင်းနည်းစနစ်များ
မိုးရေထိန်းသိမ်းစုဆောင်းနည်းစနစ် အမျိုးမျိုးမှာ-မြေအောက်ရေအဖြစ် ထိန်းသိမ်းစုဆောင်းခြင်း (Grou-ndwater harvesting)၊ စီးဆင်းလာသော မိုးရေကို ထိန်းသိမ်းစုဆောင်းခြင်း (Rainwater (Runoff) harvesting) နှင့် ရေလွှမ်းဒေသများတွင် ခြောက်သွေ့ရာသီအတွက် ရေကိုထိန်းသိမ်းစုဆောင်းခြင်း (Floodwater harvesting) တို့ ဖြစ်ကြသည်။


မိုးရေထိန်းသိမ်းစုဆောင်းမှု ပြုလုပ်မည်ဆိုပါက မိုးရွာသွန်းမှုနှင့် မိုးရွာသွန်းသည့် ပုံစံ၊ ရရှိမည့် ရေပမာဏတို့ကို သိရှိရန်လိုအပ်ပါသည်။ ထိုသို့သိရှိရန် မိုးရေစီးဆင်းလာသည့် ဧရိယာ၊ မိုးရေစီးဆင်းလာသည့် ရေလမ်းကြောင်း အနေအထား၊ မိုးရေသိုလှောင်ထိန်းသိမ်းနိုင်သည့် အတိုင်းအတာပမာဏနှင့် သိုလှောင်ရခြင်း၏ ရည်ရွယ် ချက်တို့ကို သိရှိရန်လိုအပ်ပါသည်။


မိုးရေထိန်းသိမ်းစုဆောင်းနိုင်သည့် နည်းလမ်းများ

စီးဆင်းလာသော မိုးရေကို ထိန်းသိမ်းစုဆောင်းခြင်းတွင် အဓိကအားဖြင့်-

အဆောက်အအုံ ခေါင်မိုးများမှ စီးဆင်းလာသော မိုးရေကို စုဆောင်းထိန်းသိမ်းခြင်း (Rooftop harvest-ing)၊ မြေမျက်နှာပြင်မှ စီးဆင်းလာသောရေကို စုဆောင်းထိန်းသိမ်းခြင်း (Micro catchment & Macro catch-ment) စသည့်နည်းလမ်းများဖြင့် ထိန်းသိမ်းသိုလှောင်နိုင်ပါသည်။


အဆောက်အအုံခေါင်မိုးများမှ စီးဆင်းလာသော မိုးရေကို စုဆောင်းထိန်းသိမ်းခြင်း

အဆာက်အအုံခေါင်မိုးများမှ စီးဆင်းလာသော မိုးရေကို စုဆောင်းထိန်းသိမ်းခြင်းဆိုသည်မှာ အဆောက်အအုံ ခေါင်မိုးများမှ ကျဆင်းလာသောမိုးရေကို စုဆောင်းထိန်း သိမ်းခြင်းမှ ရရှိလာခြင်းဖြစ်ပြီး၊ စုဆောင်းရရှိသော မိုးရေကို လူနှင့်တိရစ္ဆာန်သောက်သုံးရေအတွက် အသုံးပြုရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေးတွင် အသုံးပြုနိုင်ရန်နှင့် ဆေးကြော လျှော်ဖွပ်ရာတွင် အသုံးပြုရန်တို့အတွက် အဓိကထား စုဆောင်းကြပါသည်။


မြေမျက်နှာပြင်မှ စီးဆင်းလာသောရေကို စုဆောင်း ထိန်းသိမ်းခြင်း

မြေမျက်နှာပြင်မှစီးဆင်းလာသောရေကို စုဆောင်းထိန်းသိမ်းခြင်းတွင် စီးဆင်းလာသော ရေအနည်းအများ၊ ရွာကျလာသော မိုးရေပမာဏပေါ်မူတည်ပြီး အသေးစား တစ်ဖက်ပိတ်ဆည်ငယ်များ၊ တစ်ပိုင်တစ်နိုင် ရေကန်၊ ပလတ်စတစ် ရေကန်ငယ်များ၊ မြေအောက်အုတ်ကန်ငယ်များ စသည်ဖြင့် အမျိုးမျိုးသော ရေစုဆောင်းကန်များ ပြုလုပ်၍ သိုလှောင်ခြင်း ဖြစ်သည်။


ထို့ပြင် ကွန်တိုလိုင်းများအတိုင်း မြေယာပြုပြင်ခြင်း၊ လျှောစောက်ဖြစ်သော နေရာများတွင် ကျောက်တုံးများစီ၍ မြေမျက်နှာပြင် ညီအောင်ပြုလုပ်ခြင်း၊ မြေဆီလွှာရေထိန်းစနစ် ကောင်းမွန်လာစေရန် ဆောင်ရွက်ခြင်းတို့ဖြင့်လည်း မိုးရေကို ထိန်းသိမ်းသိုလှောင်နိုင်ပါသည်။ တောင်သူများအနေဖြင့် တစ်ပိုင်တစ်နိုင် နှစ်အလိုက်ပိုင်းခြား၍ တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်သင့်သော နည်းစနစ် ဖြစ်သည်။


စိုက်ပျိုးရေအဖြစ် အကျိုးရှိရှိအသုံးချနိုင်မည့် နည်းလမ်းများ

စိုက်ပျိုးရေးကဏ္ဍတွင် မိုးရေထိန်းသိမ်း သိုလှောင်ရာ၌ အသေးစားတစ်ဖက်ပိတ်ဆည်များ တည်ဆောက်၍ သီးနှံများ အတွက်လိုအပ်သည့် ဖြည့်စွက်ရေပေးနိုင်ရန် ဆောင်ရွက်ကြသည်။ ဤနည်းစနစ်သည် ကုန်ကျစရိတ် နည်း၍ သင့်တင့်သော ရေပမာဏသိုလှောင်နိုင်ခြင်းကြောင့် တောင်သူများအတွက် အကျိုးရှိသည့် နည်းလမ်းတစ်ခုဖြစ် သည်။ အဆိုပါ နည်းစနစ်သည် ရေရရှိနိုင်သော ဧရိယာများသည့် ဒေသနှင့် လျှိုမြောင်များသည့် နေရာများတွင် အဓိကသင့်လျော်သော နည်းစနစ်တစ်ခုဖြစ်သည်။


စိုက်ကွက်အတွင်းတွင် ရေကန်ငယ်များ တူးဖော်၍ ကျောက်စီခြင်း၊ အုတ်ပတ်ခြင်းများ ဆောင်ရွက်၍ စီးဆင်း လာသောမိုးရေကို ထိန်းသိမ်းသိုလှောင်ခြင်းသည်လည်း ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရာတွင် ဖြည့်စွက်ရေ ပေးသွင်းနိုင်သော အသုံးဝင်သည့် နည်းစနစ်တစ်ခုဖြစ်သည်။ တောင်သူများအနေဖြင့် တစ်ပိုင်တစ်နိုင်ဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသင့်သော နည်းစနစ်ဖြစ်ပါသည်။


ရေစုကန်ငယ်တည်ဆောက်ပြီး သီးနှံပင်အတွက် ဖြည့်စွက်ရေကို ရေအစက်ချနည်းစနစ် (Drip Irrigation) နှင့် ရေပေးသွင်းခြင်းအားဖြင့် စိုက်ပျိုးဧရိယာ အနည်းငယ်အပေါ်မှ စျေးကောင်းရရှိမည့် သီးနှံများ (ဟင်းသီးဟင်း ရွက်)ကို ရွေးချယ်စိုက်ပျိုး၍ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိနိုင်ပါသည်။ အစက်ချရေပေးသွင်းခြင်းစနစ်သည် စိုက်ပျိုးရေကို ချွေတာသုံးစွဲနိုင်ပြီး လေလွင့်ဆုံးရှုံးမှု နည်း ခြင်းကြောင့် စိုက်ပျိုးရေအကျိုးရှိစွာ အသုံးပြုနိုင်သည့် နည်းစနစ်တစ်ခု ဖြစ်သည်။


နှစ်ရှည်ပင်သီးနှံများ စိုက်ပျိုးရာတွင် မိုးရေကို သိုလှောင်နိုင်ရန် အပင်ဘေးတွင် လခြမ်းပုံသဏ္ဌာန်ပေါင် ဖော်ခြင်း၊ စတုဂံပုံအကွက်များဖော်၍ စိုက်ပျိုးခြင်းများ ပြုလုပ်နိုင်သည်။


သီးနှံစိုက်ခင်းအတွင်း စိုက်ပျိုးရေသိုလှောင်ခြင်း (သို့မဟုတ်)

သီးနှံစိုက်ခင်းအတွင်း မိုးရေစုဆောင်းခြင်း နည်းလမ်းများ

ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှု ကြောင့် တစ်နှစ်နှင့်တစ်နှစ် မိုးရေရရှိမှုမတူညီခြင်း၊ ရွာသွန်းမှုပုံစံ မတူညီခြင်း၊ မိုးရေထိန်းသိမ်းရရှိမှုသည် ရွာသွန်းသည့် မိုးရေပေါ်တွင် အဓိကမှီတည်ခြင်း စသည်တို့ကြောင့် ရာသီဥတု ကြိုတင်ခန့်မှန်းခြင်းနှင့် ခန့်မှန်းချက် တိကျသေချာမှုတို့သည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်။


စိုက်ခင်းအတွင်း မိုးရေခံမြောင်း တူးခြင်းသည် ယာသီးနှံစိုက်ခင်းများအတွက် သင့်လျော်သော နည်းစနစ် တစ်ခုဖြစ်သည်။ စိုက်ခင်းပတ်လည်တွင် မိုးရေခံမြောင်း အကျယ် တစ်ပေခွဲ၊ အနက်တစ်ပေခွဲနှင့် အရှည်လိုက်တူး မည်ဆိုပါက မိုးရွာသည့်အခါတွင် မိုးရေခံမြောင်းအတွင်း သို့ ရေဝင်ရောက်ပြီး ရေစုဆောင်းနိုင်မည် ဖြစ်ပါသည်။ အဆိုပါရေများကို အချိန်ကာလအတိုင်းအတာတစ်ခုအထိ သိုလှောင်နိုင်ပြီး သီးနှံပင်အတွက် လိုအပ်သည့် စိုက်ပျိုး ရေကို အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။


မိုးရေခံမြောင်းတူးရာတွင် စိုက်ခင်း၏ လျှောစောက် အနေအထား၊ ရေလာရာလမ်းကြောင်း၊ အကွက်အရွယ် အစား၊ စိုက်ပျိုးသီးနှံ၊ သီးနှံပင်၏ အမြစ်ပုံသဏ္ဌာန်နှင့် အမြစ်အတို/ အရှည်၊ မြေအမျိုးအစား၊ သီးနှံပင်သက်တမ်း၊ စိုက်နည်းစနစ်၊ မိုးရွာသွန်းမှုတို့ပေါ်တွင် အခြေခံ၍ မိုးရေခံမြောင်းကို လိုအပ်သလို တူးရမည်ဖြစ်သည်။


သီးနှံပင်ကို အတန်းလိုက်စိုက်ပြီး၊ တန်းကြားကို ထယ်ပေါင်နက်နက်ဖော်ပေးထားခြင်းဖြင့်လည်း မိုးရေကို စုဆောင်းနိုင်ပါသည်။ အဆိုပါနည်းစနစ်သည် တန်းကြားကျယ်ကျယ် စိုက်ပျိုးသော ပြောင်း၊ ပဲစင်းငုံ၊ နေကြာ အစရှိသော သီးနှံများအတွက် သင့်လျော်သည့် နည်းလမ်းဖြစ်ပါသည်။ ထယ်‌ပေါင်နက်နက် ဖော်ထားခြင်းဖြင့် ထယ်ကြောင်းများအတွင်း မိုးရေကို လှောင်ထားနိုင်၍ အချိန်အတိုင်းအတာတစ်ခုအထိ သီးနှံပင်မှ လိုအပ်သော အစိုဓာတ်ရရှိနေမည် ဖြစ်သည်။


မြေမျက်နှာပြင်မှ ရေငွေ့ပျံဆုံးရှုံးမှုနည်းစေရန် ဆောင်ရွက်ခြင်း၊ မြေဆီလွှာရေထိန်းစနစ် ကောင်းမွန်လာ စေရန် ဆောင်ရွက်ခြင်း၊ နွေထယ်ရေးခံခြင်း၊ မြေဖုံးပင်များ စိုက်ပျိုးခြင်း၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြေဆီ မြေနှစ် ကောင်းမွန်စေရန် ဆောင်ရွက်ခြင်းနှင့် မြေတွင်းအစိုဓာတ်များလာရန် ထိန်းသိမ်းဆောင်ရွက်ခြင်းတို့ဖြင့် လည်း ထိန်းသိမ်းထားသည့် မိုးရေကို သီးနှံပင်မှ အကျိုးရှိရှိ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးနိုင်ပါသည်။


မည်သည့်သီးနှံမဆို မြေဆီလွှာ၊ မျိုး၊ စိုက်ပျိုးနည်းစနစ်၊ အပင်ပြုစုထိန်းသိမ်းမှု ကောင်းမွန်၍ ရောဂါ၊ ပိုးမွှား ကျရောက်မှုနည်းခြင်း၊ ဒေသနှင့် ကိုက်ညီမှုရှိခြင်း၊ လိုအပ်သည့် သွင်းအားစုများကို သေချာစွာထည့်သွင်းခြင်းတို့ အပါအဝင် အပင်မှလိုအပ်သော စိုက်ပျိုးရေပမာဏ လုံလောက်စွာရရှိမည်ဆိုပါက အမြင့်ဆုံးအထွက်နှုန်းကို ပေးစွမ်းနိုင်မည် ဖြစ်သည်။


ယခုအခါ ရာသီဥတုပြောင်းလဲမှုသည် စိုက်ပျိုးသီးနှံများအတွက် အဓိကစိန်ခေါ်မှုဖြစ်သောကြောင့် ပုံမှန်ဆောင်ရွက် နေသော အခြေအနေမှခွဲထွက်၍ ဆောင်ရွက် နိုင်မှသာလျှင် စီးပွားရေးအရ အကျိုးအမြတ်ရရှိနိုင်မည် ဖြစ်ပါသည်။ ရာသီဥတုအား လိုက်လျောညီထွေရှိမည့်၊ ရာသီဥတုကို ကျော်လွှားနိုင်မည့် သီးနှံမျိုးများနှင့် စိုက်နည်းစနစ်များကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် အသုံးပြုနိုင်ပါစေကြောင်း အကြံပြုတိုက်တွန်းရင်း မိုးရေထိန်းသိမ်းစုဆောင်း နည်းစနစ်များအား ဗဟုသုတအဖြစ် မျှဝေပါသည်။    ။