နေပြည်တော် ၃ ဧပြီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် ယနေ့ နံနက်ပိုင်းက နယ်သာလန်နိုင်ငံ AERES Group မှ Mr. Ariede. Jong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ စိုက်ပျိုးရေးသိပ္ပံများ ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးကောလိပ် ဖွင့်လှစ်သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးကြသည်။

 

ဆွေးနွေးစဉ် စိုက်ပျိုးရေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးသိပ္ပံများမှ သင်ကြားမှု တိုးတက်မြင့်မားစေရေးအတွက် သင်ကြားနည်းစနစ် လေ့ကျင့်ပညာပေးရေး သင်တန်းဆိုင်ရာ ကိစ္စရပ်များ၊ ဆရာ/မများအတွက် ဆရာဖြစ်သင်တန်း (၁)နှစ်တာကာလ ပို့ချပေးရန်နှင့် သင်တန်းအတွက် သင်ခန်းစာများရေးဆွဲရာတွင် ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ညှိနှိုင်းရေးဆွဲကာ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သင်တန်းဆင်းလက်မှတ် ပေးအပ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် နယ်သာလန်နိုင်ငံ၏ အထောက်အပံ့ဖြင့် စိုက်ပျိုးရေးသိပ္ပံများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှစ၍ ရှေ့ပြေးစမ်းသပ်မှုအဖြစ် ပျဉ်းမနား၊ ရွှေဘို၊ သာယာဝတီ၊ ဟဲဟိုး၊ ဇွဲကပင် စိုက်ပျိုးရေးသိပ္ပံ (၅)ကျောင်းတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေးကောလိပ်တစ်ခု ထူထောင်ဖွင့်လှစ်နိုင်ရေးကို ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)