နေပြည်တော် ၁၁ ဧပြီ

 

စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အခြေခံအဆင့် ဝန်ထမ်းများမှစ၍ သက်ဆိုင်ရာအဆင့်ဆင့်ရှိ တာဝန်ရှိသူအားလုံးတို့က အလုပ်တာဝန်၏ အရေးပါမှုကို ခွဲခြားသိမြင်တတ်ရန် လိုအပ်သကဲ့သို့ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ငန်းနယ်ပယ်အလိုက် ကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများကို တိတိကျကျ လိုက်နာဆောင်ရွက်ကြခြင်းဖြင့် ဒေသဆိုင်ရာ တာဝန်ရှိသူများ၏ စီမံဆောင်ရွက်မှုများအပေါ် ကောင်းစွာအထောက်အပံ့ပေးနိုင်သည့် အဂတိတရားကင်းသော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်စေရေး အလေးထား ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊  ဦးစားပေးလုပ်ငန်းကဏ္ဍများအလိုက် စီမံချက်များရေးဆွဲချမှတ်ပြီး တိကျသော ညွှန်ကြားချက်များ ချမှတ်ပေးခြင်း၊ လိုအပ်ချက်များ ရှာဖွေဖော်ထုတ် ဖြည့်ဆည်းပေးခြင်း၊ ထူးချွန်မှုများအလိုက် ထိုက်တန်စွာ ချီးမြှောက်ပေးခြင်း စသည်တို့ဖြင့် မိမိတို့ဌာနကြီးအား ပျော်ရွှင်အောင်မြင်သော ဝန်းကျင်တစ်ခုအဖြစ် ဖန်တီးဖော်ဆောင်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ်ကြောင်းဆွေးနွေး ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက ဒေသအလိုက် ဆောင်ရွက်ခဲ့မှုများနှင့် ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား တင်ပြကြပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဖြည့်စွက် ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် ပြည်သူအများစုနှင့် တိုက်ရိုက်ထိတွေ့နေကြရပြီး နည်းပညာနှင့် လိုအပ်ချက်များ ဝန်ဆောင်မှုပေးနေရသည့် စိုက်ပျိုးရေးဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ပြည့်ဝမှု တိုးတက်ရေးအတွက် စဉ်ဆက်မပြတ် အားထုတ်ကြိုးပမ်းရန် လိုအပ်ချက်များကိုလည်းကောင်း၊ ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက်သာမက ပြည်ပပို့ကုန် တိုးတက်ရေးအတွက် အဓိကအရေးပါသော စိုက်ပျိုးရေးထွက်ကုန်သီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှုသည် ပြောင်းလဲသက်ရောက် လာလျက်ရှိသော ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိစေရေး၊ ထုတ်လုပ်မှုတိုးတက်ရေး၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေးတို့အတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် သီးနှံပုံစံများ စနစ်တကျရေးဆွဲချမှတ် ဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်း ကောင်းအသေးစိတ် ဆွေးနွေးမှာကြားသည်။

 

မတ်လ(၃၁)ရက်နေ့အထိ ကောက်ယူရရှိသော စာရင်းဇယားများအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွင်းမိုးစပါး၊ နွေစပါးစုစုပေါင်း ၁၇၅၁၆၇၇၃ ဧက (ဧကတစ်ဆယ့်ခုနစ်သန်း ကျော်) စိုက်ပျိုးခဲ့ပြီး၊ ပဲတီစိမ်း(မိုး+ဆောင်း) ၂၈၈၇၇၂၈ ဧက၊ မြေပဲ(မိုး+ဆောင်း) ၂၆၁၃၅၁၄ ဧက၊ နှမ်း(မိုး+ဆောင်း) ၃၆၃၀၂၉၄ ဧက၊  အစေ့ထုတ်ပြောင်း(မိုး+ဆောင်း) ၁၂၈၇၀၁၄ ဧက အပါအဝင်  သီးနှံစုံ ၄၈၆၉၄၉၁၁ ဧက (ဧကလေးဆယ့်ရှစ် သန်းကျော်) စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)