ခွန်စံ

 

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စားနပ်ရိက္ခာ အရင်းအမြစ်တို့မှာ ပေါကြွယ်ဝလွန်းလှပြီး ဟင်းသီးဟင်းရွက် သစ်သီးဝလံတို့မှာ တစ်နှစ်ပတ်လုံး သူ့အချိန်အခါအလိုက် ထွက်ရှိနေပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများက ထွက်ရှိသလိုပင် သဘာဝအလျောက် ပေါက်ရောက်ကြသော သီးပင်စားပင်တို့မှလည်း စားနပ်ရိက္ခာတို့ကို ရရှိကြပါသေးသည်။ ပြည်တွင်းစားသုံးရန် လုံလောက်ရုံမျှမက ပိုလျှံစွာ ထွက်ရှိနေသော အသီးအရွက်များစွာတို့ကို မူလအတိုင်း မပျက်စီးစေဘဲကာလကြာမြင့်စွာ သိုလှောင်ထားရန်မှာ စရိတ်လွန်စွာ ကြီးမြင့်လွန်းလှပေသည်။ အများအားဖြင့် ဒေသအလိုက် ရိုးရာဓလေ့နည်းလမ်းများဖြင့် အခြောက်လှန်းခြင်း၊ ဆားရည်စိမ်ခြင်းနှင့် အချဉ်တည်ခြင်း စသည့်နည်းလမ်းများဖြင့် ရေရှည်အထားခံအောင် စီမံပြုလုပ်ပြီး သိုလှောင်သိမ်းဆည်းလေ့ ရှိကြပါသည်။

 

ရာသီကုန် ဟင်းသီးဟင်းရွက်များနှင့် နွယ်ပင်မှရသော ဘူးသခွား အစရှိသည့်ဝလံမျိုးတို့ကား အရည်ဓာတ်ပါဝင်မှု များလွန်းလှသဖြင့် တာရှည်အထားမခံ ပျက်စီးလွယ်ကြ သည်။ ရာသီဥတု အခြေအနေနှင့် စားသုံးနိုင်မှု ဈေးကွက် လိုအပ်ချက်အရ စိုက်ပျိုးထုတ်လုပ်လေ့ရှိကြသော်လည်း ရံဖန်ရံခါတွင် ဈေးကွက်အခြေအနေ ပြောင်းလဲသည့်အခါ ဆွတ်ခူးရောင်းချသည့် စရိတ်ပင် ပြန်လည်မရရှိနိုင်တော့ သောကြောင့် စိုက်ခင်းများကို စွန့်လွှတ်လိုက်ရသည်အထိ စိုက်ပျိုးသူများ နစ်နာဆုံးရှုံးတတ်ကြပါသေးသည်။

 

များစွာအကျိုးဖြစ်ထွန်းစေ

 

နှစ်ရှည် သီးပင်စားပင်တို့ကမူ ရာသီအလိုက် နေ့တာ အတိုအရှည် ပြောင်းလဲခြင်းကို အရွက်များမှတစ်ဆင့် အာရုံခံ သိမြင်ကြသည့်အလျောက် အချိန်တန်လျှင် တစ်ပြိုင်နက် သီးပွင့်ကြသဖြင့် ခူးဆွတ်ရသည့် အသီးအနှံ များစွာမှာ ဈေးကွက်ထဲသို့ စုပြုံ ရောက်ရှိလာလေ့ရှိသည်။ ထိုအခါ ဝယ်လိုအားထက် ရောင်းလိုအားများခြင်း၊ ကုန်စိမ်းသီးနှံများ ရေရှည်အထားမခံခြင်းတို့ကြောင့် ဈေးကွက်ပျက်လာပြီး နှစ်နာဆုံးရှုံးလေ့ရှိတတ်ပါသည်။ ကုန်စိမ်းအခြေအနေတွင် ချက်ချင်းစားသုံးနိုင်သလောက် ကိုသာ ဖြန့်ဖြူးရောင်းချနိုင်မည်ဖြစ်၍ ပိုလျှံသော အရွက်အသီး တို့ကို နည်းပညာဖြင့် ပြုပြင်ဖန်တီး၍ဖြစ်စေ အသင့်စားသောက်ကုန်အဖြစ် ထုတ်လုပ်၍ဖြစ်စေ ရေရှည် အထားခံအောင် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးသူရော ပြုပြင်ထုတ်လုပ်သူတို့အတွက်ပါ များစွာအကျိုးဖြစ်ထွန်း စေပါသည်။

 

အသီးအရွက်များကို တာရှည်အထားခံအောင် နေရောင်ခြည်ဖြင့် တိုက်ရိုက်အခြောက်လှန်းခြင်းမှာ စရိတ်ကုန်ကျမှု အသက်သာဆုံး နည်းလမ်းတစ်ခုဖြစ်သော်လည်း မူလသဘာဝ အရောင်အဆင်း အရသာကို များစွာပျက်စီးစေသည့်အပြင် ဟင်းလင်းပြင်တွင် အကာအရံမဲ့ ထားရှိကြသဖြင့် ပိုးလောက်ကျခြင်း၊ ဖုန်မှုန့်များ ကပ်ငြိခြင်းတို့ကြောင့် သန့်ရှင်းသည့် စားသောက်ကုန်များ ဖြစ်လာနိုင်မည် မဟုတ်ပေ။ ဖန်လုံအိမ် အာနိသင်ရှိသော အလင်းပေါက် အခန်းအတွင်း နေရောင်စွမ်းအင်ဖြင့် အပူပေးကာ ပန်ကာလေစုပ်အားသုံးပြီး အသီးအရွက်များ အတွင်းရှိ ရေဓာတ်ကို လျှော့ချပေးခြင်းဖြင့် စနစ်တကျ အခြောက်လှန်းနိုင်ကြပါသည်။ ထိုသို့ နေရောင်ခြည်သုံး အခြောက်ခံစက်များကို အသုံးပြုခြင်းဖြင့် အခြောက်ခံ အသီးအရွက်များ၏ မူလအရောင်အဆင်း အရသာတို့ကိုကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သည့်အပြင် အလုံပိတ် အခန်းတွင်းဖြစ်၍ အညစ်အကြေးများ ကပ်ငြိနိုင်ခြင်း မရှိစေဘဲ သန့်ရှင်းသော စားသောက်ကုန်များကို ရရှိနိုင်ပါသည်။ တစ်ပိုင်တစ်နိုင် အသေးစားလုပ်ငန်းများအတွက် အလွယ်တကူ ရွှေ့ပြောင်းနိုင်သော မိုဘိုင်းဆိုလာ အခြောက်ခံစက်က များစွာအသုံးတည့်လှပေသည်။ အခြောက်လှန်းနိုင်သည့် မျက်နှာပြင်ဧရိယာ ၃၆ စတုရန်း ပေရှိပြီး တစ်ကြိမ်လျှင် ပျမ်းမျှသီးနှံအစို ၃၆ ကီလိုအား ရေဓာတ်ပါဝင်မှုနှုန်းကို လျှော့ချအခြောက်ခံပေးနိုင်ပါသည်။ တန်ဖိုးငွေကျပ် ၁၀ သိန်းကျော်မျှဖြင့် ဝယ်ယူ အသုံးပြုနိုင်သဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းအတွက် သင့်လျော်မှုရှိကြောင်း တွေ့ရှိရပေသည်။

 

အသင့်စားကုန်အဖြစ် ပြောင်းလဲ

 

ထို့အပြင် ကုန်စိမ်းအသီးအနှံတို့ကို အသင့်စားကုန် အဖြစ်ပြောင်းလဲထုတ်လုပ်သော စားသောက်ကုန်လုပ်ငန်းကား ကမ္ဘာတစ်ဝန်း နေရာတိုင်းမြင်တွေ့နိုင်သော စီးပွားရေးလုပ်ငန်းများပင် ဖြစ်ပါသည်။ ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများကို အခြောက်ခံခြင်း၊ အနှစ်ထုတ်ခြင်း၊ ယိုထိုးခြင်းနှင့် ဖျော်ရည်သို့မဟုတ် ဝိုင်အဖြစ် ထုတ်လုပ်ခြင်းဖြင့် အသီးအနှံများ၏ မူလတန်ဖိုးထက်ပို၍ တန်ဖိုးမြင့် ထုတ်ကုန် (Value Added Product) ဖြစ်စေပြီး စိုက်ပျိုးသူများသာမက ကုန်ချော ပြုပြင်ထုတ်လုပ်သူတို့ အတွက်ပါ အကျိုးအမြတ် ရရှိစေပါသည်။ လယ်ယာထွက်ကုန် သီးနှံများစွာကို ထိုသို့ ခေတ်မီနည်းပညာများ ပေါင်းစပ်၍ တန်ဖိုးမြှင့် ကုန်ချောထုတ်လုပ်နိုင်ခြင်းအားဖြင့် စိုက်ပျိုးသူများကိုသာမက နီးစပ်ဆက်နွှယ်သူများစွာ၏ စားဝတ်နေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများစွာကို အထောက်အကူဖြစ်စေပါသည်။

 

အလားအလာကောင်း များစွာရှိ

 

ခေတ်ကာလတို့ တိုးတက်ပြောင်းလဲလာခြင်းနှင့်အတူ စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများသည်လည်း အံ့မခန်းတိုးတက်လာနေရာ အသီးအနှံများကို အေးခဲခြောက်သွေ့စေခြင်းဖြင့်လည်း အရသာထူးကဲကောင်းမွန်သော အသီးခြောက်များကို ထုတ်လုပ်ရောင်းချနေကြပြီ ဖြစ်ပါသည်။ သရက်သီး၊ ပိန္နဲသီးနှင့် ဒူးရင်းသီးများကဲ့သို့ ရေဓာတ်အသင့်အတင့် ပါဝင်သော အသီးများကို - ၄၀°C အထိ အေးခဲစေပြီးနောက် လေဟာနယ်ခန်းတွင်း ရှိသမျှ ရေငွေ့များ ကုန်စင်သည်အထိ စုပ်ထုတ်ခြင်းဖြင့် တာရှည် အထားခံသော သစ်သီးခြောက်များကို ရရှိစေပါသည်။ ထိုနည်းစဉ်ဖြင့် ထုတ်လုပ်သော အသီးခြောက်များမှာ မူလသဘာဝထက်ပင် အရောင်အဆင်း အနံ့အရသာ ပိုမို ထူးကဲလာစေခြင်းနှင့် ခပ်ရွရွလေး ဝါးစားနိုင်သဖြင့် လူကြိုက်များလှပေသည်။ ထုတ်လုပ်မှုစရိတ် မြင့်မားသဖြင့် ဈေးကွက်အတွင်း ၁၀၀ ဂရမ်လျှင် ငွေကျပ် ၁၈၀၀၀ ခန့်ဖြင့် ရောင်းချလျက်ရှိပါသည်။ ရေမြေသဘာဝ ကောင်းမွန်လှသော မိမိတို့နိုင်ငံတွင် သရက်၊ ပိန္နဲ၊ ဒူးရင်း ကဲ့သို့ အရသာကောင်းမွန်သည့် သီးနှံများစွာ ထွက်ရှိသည် ဖြစ်ရာ ကုန်ကြမ်းတန်ဖိုး သက်သာသည့်အလျောက် အသင့်စား သီးနှံခြောက်လုပ်ငန်းကို ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင် ထုတ်လုပ်နိုင်ရန် အလားအလာကောင်းများစွာ ရှိနေပါသည်။ ။

 

mdn

 

သီးနှံများအား အသင့်စားကုန်အဖြစ် ပြုပြင်ထုတ် လုပ်ရန် နည်းလမ်းများစွာရှိသည့်အနက် အကြော်အလှော် အနေဖြင့် ထုတ်လုပ်ရောင်းချမှုကလည်း များစွာစိတ်ဝင် စားဖွယ်ကောင်းလှပေသည်။ ယခင်က အာလူးကြော် တစ်မျိုးတည်းလောက်ကိုသာ တွင်တွင်ကျယ်ကျယ် ထုတ်လုပ်ရောင်းချနေကြသော်လည်း ယခုအခါ သီးနှံများအား ရေငွေ့စုပ်ထုတ်၍ ဆီဖြင့်လျော်သည့် Vaccum Fryer စနစ် ထွန်းကာလာသည့်အလျောက် လယ်ယာထွက်ကုန်သီးနှံများကို ထိုစနစ်ဖြင့် အသင့်စားသရေစာ မုန့်ကြော်အဖြစ် ထုတ်လုပ်လာကြပါသည်။ အာလူးကိုသာ မက ပိန်းဥ၊ ကန်စွန်းဥ၊ ဖရုံသီး၊ နာနတ်သီးနှင့် ငှက်ပျောသီးများကို ကြော်လှော်ထုတ်လုပ်လျက်ရှိပါသည်။ ထိုသို့ အသီးအနှံများ၏ အရောင်အဆင်းနှင့် အာဟာရဓာတ်ကို များစွာပျက်စီးစေခြင်း မရှိသည့်အပြင် စားသုံးသူများ ခံတွင်းတွေ့စေသည့် သရေစာအကြော်လုပ်ငန်းများမှာ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း တည်ထောင်လုပ်ကိုင် လိုသူများအတွက် အလားအလာကောင်းတစ်ရပ် ဖြစ်ပါသည်။ သစ်သီးအခြေခံ သရေစာအကြော်လုပ်ငန်းများ ထွန်းကားလာပါက စိုက်ပျိုးသူ တောင်သူလယ်သမားများ အနေဖြင့် မိမိတို့ လယ်ယာထွက်ကုန်များအတွက် ယုံကြည်စိတ်ချရသော ဈေးကွက်ကို ရရှိလာနိုင်မည်ဖြစ်သလို အသေးစား အငယ်စား စီးပွားရေးလုပ်ငန်းများလည်း ပိုမိုပေါ်ထွန်းလာကာ ပြည်တွင်းပြည်ပ စားသောက်ကုန် ဈေးကွက်အတွင်း ပိုမိုဝင်ရောက်နိုင်ကြမည် ဖြစ်ပါသည်။

 

တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်

 

မိမိတို့နိုင်ငံတွင် ရာသီအလိုက် သရက်သီး၊ ပိန္နဲသီး၊ နာနတ်သီးတို့ များစွာထွက်ရှိပြီး ငှက်ပျောသီးကား ရာသီ မရွေး ပေါများစွာ ထွက်ရှိနေပေသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ဝေသော Myanmar Agriculture at a Glance -2019 ၏ စာရင်းများအရ ဂေါ်ဖီ၊ မုန်လာ၊ ခရမ်း၊ ဘူး၊ ဖရဲ အစရှိသည့် စားဖိုဆောင် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးမှုမှ စုစုပေါင်း မက်ထရစ်တန်ချိန် ၃၂ ဒသမ ၆ သိန်း ထွက်ရှိပြီး ဥယျာဉ်ခြံ သီးနှံများဖြစ်သော သရက်သီး မက်ထရစ်တန် ၇ ဒသမ ၅ သိန်း၊ နာနတ်သီး တန်ချိန် ၃ ဒသမ ၀ သိန်းနှင့် မန်ကျည်းသီးတန်ချိန် ၁ ဒသမ ၈ သိန်း ထွက်ရှိကြောင်း သိရှိရပါသည်။ ယင်းအသီးအနှံများကို လက်ရှိကုန်စိမ်းအဖြစ် စားသုံးမကုန်၊ ရောင်းမကုန် အခြေအနေမှ ကုန်ကြမ်းအခြေခံပြု အသင့်စားဟင်းရံများ ဟင်းခတ်အမယ်များနှင့် သရေစာစားသောက်ကုန်များအဖြစ် တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်သည့် အခြေအနေသို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်သော အချိန်သို့ရောက်နေပြီ ဖြစ်ပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနသည် မိသားစုတစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းများတိုးတက် ထွန်းကားစေရေးကို ဦးတည်ဆောင်ရွက်ပေးလျက် ရှိသည့်အလျောက် အသက်မွေးဝမ်းကျောင်း အတတ်ပညာများအား ကာလတို သင်တန်းများဖွင့်လှစ်ပြီး စိတ်ပါဝင်စားသူ ပြည်သူလူထုများအား အခမဲ့ လေ့ကျင့်သင်ကြားပေးလျက် ရှိပါသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အတွင်း စားသောက်ကုန်၊ လူသုံးကုန်ထုတ်လုပ်မှု၊ သစ်ဝါးအချောထည် လက်မှုအနုပညာပစ္စည်း ထုတ်လုပ်မှုတွင် သံဂဟေ အလုပ်ရုံလုပ်ငန်း၊ လျှပ်စစ်နှင့် စက်မှု စက်ပြင်လုပ်ငန်း အစရှိသည့် အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်း မျိုးစုံကို ၅၃၁ ကြိမ် ဖွင့်လှစ်၍ သင်တန်းသား ၁၁၄၆၈ ဦးကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ထိုအထဲတွင် လုပ်ငန်းသစ်တည်ထောင်လိုသူများက စိတ်ဝင်စားမှု အရှိဆုံးဖြစ်သည့် စားသောက်ကုန်ထုတ်လုပ်မှုသင်တန်းကို မဲခေါင်-လန်ချန်းစီမံကိန်း အစီအစဉ်ဖြင့် ၈၁ကြိမ် ဖွင့်လှစ် ၍ သင်တန်းသားပေါင်း ၁၇၈၃ ဦးကို သင်ကြားပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

 

ထို့အပြင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန နှင့် စားသောက်ကုန် နည်းပညာဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံ အစာအာဟာရ ဆိုင်ရာ သိပ္ပံနှင့် နည်းပညာအသင်း (Food Science and Technology Association (FOSTA-Myanmar) ကလည်း ပြည်တွင်းစားသောက်ကုန် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းအချင်းချင်း ဆက်သွယ်ဆောင်ရွက်ခြင်း နည်းပညာဖြန့်ဖြူးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခု နှစ်ဆန်းပိုင်း ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့ ဖော်ကျူးပလာဇာတွင် မြန်မာ့စားသောက်ကုန် ကုန်စည် ပြပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်း လယ်ယာ၊ ဥယျာဉ်ခြံထွက်များကို ထပ်ဆောင်း တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် အရည်အသွေးမြင့်မားစွာ ထုတ်လုပ်ရောင်းချနိုင်မှုများ၊ ဓာတုကင်းလွတ်အော်ဂဲနစ် အစားအစာ ထုတ်လုပ်ပြသမှုများကို အားတက်ဖွယ်တွေ့မြင်ခဲ့ရပါသည်။

 

အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖြစ်ပေါ်စေ

 

ကိုဗစ်-၁၉ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် မိမိ ဇာတိရပ်ရွာသို့ ပြန်လည်ရောက်ရှိလာ ကြသူများစွာ ရှိနေပြီးဖြစ်ရာ ဒေသအလိုက် လယ်ယာထွက်ကုန် သီးနှံများကို စားသောက်ကုန်ချောအဖြစ် ပြောင်းလဲစေသည့် တန်ဖိုးမြှင့် ကုန်ထုတ်လုပ်ငန်းကို ဆောင်ရွက်နိုင်ကြမည် ဆိုပါက အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖြစ်ပေါ်စေနိုင်ပြီး စားဝတ်နေရေးအတွက် အထောက်အပံ့ကောင်းများ ရရှိစေနိုင်မည် ဖြစ်ပါသည်။ ပြည်တွင်းအလွယ်တကူ ရရှိနိုင်သည့် လယ်ယာထွက်ကုန် သီးနှံများကို အခြေခံပြီး ခေတ်နှင့်အညီ စားသောက်ကုန်များ ဆန်းသစ်ဖန်တီး ထုတ်လုပ်ခြင်းဖြင့် စွန့်ဦး တီထွင်လုပ်ငန်းရှင်များအဖြစ် ရပ်တည်လာနိုင် မည်ဖြစ်ပါသည်။

 

ဘဏ်များမှတစ်ဆင့် MSME Loans ချေးငွေ တင်ပြလျှောက်ထားရရှိနိုင်

 

အသေးစားစက်မှုလက်မှု ဦးစီးဌာနအနေဖြင့် ကိုဗစ် - ၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့် ယခုနှစ်အတွင်း စားသောက်ကုန်ထုတ်လုပ်မှု သင်တန်းများအား ဒေသအသီးသီးတွင် ထပ်မံ ဖွင့်လှစ်သင်ကြားပေးသွားရန် စီစဉ်ဆောင်ရွက် လျက်ရှိသဖြင့် စိတ်ပါဝင်စားသူများနှင့်လုပ်ငန်း တည်ထောင် ဆောင်ရွက်လိုသူများအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန နေပြည်တော် (ရုံးချုပ်) တိုင်းဒေသကြီး ပြည်နယ် ဦးစီးဌာနမှူးရုံးများနှင့်ရက်ကန်းနှင့် အသက်မွေး ပညာသင်ကျောင်းများသို့ဆက်သွယ်၍ နည်းပညာအကူအညီ ရယူနိုင်ကြောင်းနှင့် လယ်ယာထွက်ကုန်သီးနှံ အခြေခံတန်ဖိုးမြှင့် စားသောက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှာ နိုင်ငံတော်မှ အားပေးနေသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများပင် ဖြစ်သည့်အလျောက် လိုအပ်သော အရင်းအနှီးများအတွက် မြန်မာ့စီးပွားရေး ဘဏ်များမှတစ်ဆင့် MSME Loans ချေးငွေ တင်ပြလျှောက်ထားရရှိနိုင်ပါကြောင်း သတင်း ကောင်းပါးတင်ပြလိုက်ပါသည်။