အောင်ကျော်ကျော်

 

တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အစည်းအဝေး တစ်ရပ်ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပလျက်ရှိပါတယ်။ အဆိုပါ အစည်းအဝေးကို တရုတ်၊ ဂျပန်နဲ့ အမေရိကန်နိုင်ငံ တို့မှ ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။

 

အရေးအပေါ်အခြေအနေ ကြေညာဖို့

ဗိုင်းရပ်စ်ပိုးကြောင့် လူအများအပြား အဆုတ်ရောင်ရောဂါ ကူးစက်ခံစားရတဲ့အတွက် ကမ္ဘာတစ်ဝန်းမှာ အရေးပေါ်အခြေအနေ တစ်ရပ်ကြေညာဖို့ တာဝန်ရှိသူတွေ ဆွေးနွေးညှိနှိုင်းနေပါတယ်။

 

နိုင်ငံတကာ အရေးပေါ်အခြေအနေကြေညာဖို့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရနှုန်းဟာ လျင်မြန်စွာ မြင့်တက်လာနိုင်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ခန့်မှန်းပြောကြားကြပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အဆုတ်ရောင်ရောဂါကူးစက်မှုနှုန်းဟာ တရုတ်နိုင်ငံ ဟယ်ပယ်စီရင်စု ဝူဟန်မြို့မှာ လွန်ခဲ့တဲ့ လကတည်းက စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ကူးစက်မှုနှုန်း အလျင်အမြန် မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။ ယခုအချိန်ထိ စစ်တမ်းတွေအရ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် လူကိုးဦး သေဆုံးခဲ့ပြီး ရောဂါကူးစက်သူ ၄၄၀ ကျော် ရှိတယ်လို့ သိရပါတယ်။ ဟယ်ပယ်စီရင်စုမှာ ကူးစက်ခံရသူ ၂၇၀၊ ပေကျင်းမြို့မှာ ငါးဦး၊ ရှန်ဟိုင်းမြို့မှာ နှစ်ဦးနှင့် ဂွမ်ဒေါင်းစီရင်စုမှာ ၁၄ ဦးတို့ ကူးစက် ခံရတယ်လို့ အမျိုးသားကျန်းမာရေး တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

 

ကာကွယ်တားဆီးဖို့ ဗိုင်းရပ်စ်ပိုးကူးစက်ပြန့်ပွားမှုနှုန်းကို ကာကွယ်တားဆီးဖို့ တရုတ်အစိုးရက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် အခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကျန်းမာရေးကာကွယ်စောင့်ရှောက်မှု လုပ်ငန်းတွေကို ဆောင်ရွက် သွားမယ်လို့ တရုတ်တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

 

ဗိုင်းရပ်စ်ပိုးစတင်တွေ့ရှိခဲ့တဲ့ ဟယ်ပယ်စီရင်စုမှာ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေ လုပ်ဆောင် လျက်ရှိပြီး လူထူထပ်တဲ့နေရာတွေကို မသွားကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လင်းနို့၊ သစ်ကုလားအုတ် စတဲ့ တိရစ္ဆာန်တွေကတစ်ဆင့် လူသားတွေဆီကို ကူးစက်ပြန့်ပွား ခဲ့တာဖြစ်ပြီး လူလူချင်းကူးစက်ပြန့်ပွားမှု ထပ်မံဖြစ်ပေါ်လာခဲ့တာလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်ကိုရိုနာ ဗိုင်းရပ်စ်ပိုးဟာ ဆားစ်ရောဂါလောက်ကူးစက်မှု မမြန်ဆန်ဘူးလို့ သူတို့က ဆိုပါတယ်။

 

၂၀၀၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဝက်အပြင်းဖျား ကူးစက်ရောဂါ၊ ၂၀၁၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာ အရေးပေါ်အခြေအနေတွေ ကြေညာခဲ့ရပါတယ်။

 

ဇန်နဝါရီ ၂၂ ရက်မှာ အမေရိကန် ကျန်းမာရေးတာဝန်ရှိသူတွေက နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးကူးစက်ခံရသူ လူနာတစ်ဦး စတင်တွေ့ရှိခဲ့တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

အဲဒီဗိုင်းရပ်စ်ပိုးတွေ့ရှိသူဟာ ဇန်နဝါရီ ၁၅ ရက်က တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ဝါရှင်တန်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ လူနာတစ်ဦးဖြစ်တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ဟန့်တားရေး စင်တာတွေက ပြောကြားခဲ့ပါတယ်။ ယခု အချိန်မှာ ဆေးကုသမှုတွေ ပေးလျက်ရှိပါတယ်။ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာနိုင်ဖွယ် ရှိတယ်လို့လည်း ဆရာဝန်တွေက ဆိုပါတယ်။

 

ဗိုင်းရပ်စ်ကူးစက်မှု တားဆီးဟန့်တားနိုင်ဖို့

နယူးယောက်၊ ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိစ်လေဆိပ်တွေမှာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းကို တားဆီးဟန့်တားနိုင်ဖို့ စီစဉ် ဆောင်ရွက်မှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။

 

ဒါ့အပြင် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ် (တိုင်ပေ)နှင့် အမေရိကန်နိုင်ငံတို့မှာလည်း ဗိုင်းရပ်စ်ပိုးကူးစက်မှုတွေ တွေ့ရှိရပါတယ်။

 

ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ လေးဦးခန့်ရှိတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက အတည်ပြုပြောကြားခဲ့ပါတယ်။ အသက် ၇၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးက တရုတ်နိုင်ငံ ဂူဟန်မြို့ကနေ ပြန်လည်ရောက်ရှိခဲ့ပြီး နေမကောင်းဖြစ်လို့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေခဲ့ပါတယ်။ ထိုင်း ကျန်းမာရေးတာဝန်ရှိသူတွေက အဲဒီအမျိုးသမီးဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတယ်လို့ အတည်ပြုခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဘန်ကောက်မြို့အနီးက ဆေးရုံတစ်ရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ နောက်ထပ် ရောဂါတွေ့ရှိသူကတော့ အသက် ၆၈ နှစ် အရွယ် တရုတ်ခရီးသွားတစ်ယောက် ဖြစ်ပါတယ်။ သူကလည်း ဝူဟန်မြို့ကို အလည်အပတ် သွားခဲ့သူဖြစ်ပါတယ်။ ကျန်းမာရေးတာဝန်ရှိသူတွေက ဗိုင်းရပ်စ်ပိုးကူးစက်နိုင်မှု ဖြစ်နိုင်ခြေအများဆုံးဖြစ်တဲ့ နောက်ထပ်ရှစ်ယောက်ကို ဆက်လက်စောင့်ကြည့်လျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ တရုတ်နှစ်သစ်ကူး အခါသမယ မတိုင်မီအချိန်မှာ ထိုင်းနိုင်ငံက ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုတွေကို တင်းကျပ်စွာ လုပ်ဆောင်ခဲ့ပါတယ်။ တရုတ် ခရီးသွား သုံးသိန်းခန့်ဟာ ထိုင်းနိုင်ငံကို အလည်အပတ်ခရီး လာရောက်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံအတွင်း ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မရှိစေဖို့ ကျန်းမာရေးဆောင်ရွက်မှုတွေကို လုပ်ဆောင်လျက်ရှိပါတယ်။ တရုတ်ခရီးသွား အများစု လာရောက်တဲ့ အဓိကနေရာငါးခုမှာ ကျန်းမာရေးဆိုင်ရာလုပ်ငန်းတွေကို အဓိက ထားလုပ်ဆောင်လျက်ရှိပါတယ်လို့ ထိုင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

 

လုပ်ဆောင်လျက်ရှိ

အင်ဒိုနီးရှားနိုင်ငံကလည်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုကို ကာကွယ်ဖို့အတွက် ဂျကာတာ နိုင်ငံတကာလေဆိပ်မှာ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု ဆောင်ရွက်ချက်တွေကို လုပ်ဆောင်လျက်ရှိပါတယ်။ ဩစတြေးလျ အာဏာပိုင်တွေကလည်း တရုတ်နိုင်ငံ ဂူဟန်မြို့ကနေ ပြန်လည်ရောက်ရှိလာတဲ့ ခရီးသွားတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။

 

ဒါ့အပြင် ပေကျင်းကနေ ပြုံယမ်းကိုလာရောက်တဲ့ ခရီးသည်တွေကို လေယာဉ်စီးနင်းခွင့် ယာယီပိတ်ပင်ထားတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် လေကြောင်းလိုင်း Air Koryo က ပြောကြားခဲ့ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ဟာ ခွေးတူ ဝက်တူ သို့မဟုတ် မြေကြွက်လို တိရစ္ဆာန်တွေကနေတစ်ဆင့် စတင်ဖြစ်ပွားနိုင်ဖွယ်ရှိတယ်လို့ တရုတ်ကျန်းမာရေး ပညာရှင်တစ်ဦးက စီစီတီဗွီရုပ်သံလိုင်းရဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကျန်းမာရေးတာဝန်ရှိသူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ဘယ်လိုကူးစက်ပြန့်ပွားသလဲဆိုတာကို လေ့လာမှုတွေ လုပ်ဆောင်နေပါတယ်။

 

တိုက်တွန်းပြောကြား

ပြည်သူတွေအနေနဲ့ လူထူထပ်တဲ့နေရာတွေကိုသွားတဲ့အခါ နှာခေါင်းစည်းတွေ ဝတ်ဆင်ထားဖို့နဲ့ အအေးမိနှာစေးပြီး နာမကျန်းဖြစ်လာရင် ဆရာဝန်ဆီအမြန်ဆုံး သွားရောက်ပြသသင့်တယ်လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

ကိုးကား-အင်န်အိတ်ချ်ကေ၊

စီအင်န်အင်န်