စက်မှုဇုန်များရှိ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခဲ့

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ရန်ကုန် တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင်အတွင်းရှိ သာကေတစက်မှုဇုန်၊ ဒဂုံမြိ့သစ် (တောင်ပိုင်း) စက်မှုဇုန်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) စက်မှုဇုန်များရှိ စက်ရုံ/အလုပ်ရုံများမှ အလုပ်သမား များအား လုပ်ငန်းခွင်မပျက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကို အောက်တိုဘာလ ၆ ရက်တွင် ထုတ်ပေးခဲ့သည်။ အဆိုပါ လုပ်ငန်းနှင့်ပတ်သက်၍ မြန်မာ့သတင်းစဉ်က မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

 

 

 

ဦးသိန်းဆွေ 

ပြည်ထောင်စုဝန်ကြီး

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

 

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်၊ ဒဂုံ(အရှေ့ပိုင်း)မြို့နယ်၊ သာကေတမြို့နယ်တွေက စက်မှုဇုန်မှာရှိတဲ့ စက်ရုံအလုပ်သမားတွေကို လုပ်ငန်းခွင် မပျက် မှတ်ပုံတင်ကတ်ပြားထုတ်ပေးတဲ့ အခမ်းအနားဖြစ်ပါတယ်။ ဒါကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်၊ နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန် ချက်တွေပါ။ အဲဒါကိုဝန်ကြီးဌာနအနေနဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ အလုပ်သမားဝန်ကြီးတို့နဲ့ ညှိနှိုင်းပြီးတော့မှ စက်မှုဇုန် အားလုံးမှာ အလုပ်သမား တွေအနေနဲ့ လုပ်ငန်းခွင်မပျက် မှတ်ပုံတင်ကတ်ပြားရအောင် ဆောင်ရွက်ပေးနေပါတယ်။ ဒီနေရာမှာလည်း အလုပ်သမား ၁၂၀ဝ ကျော်ကို ကတ်ပြားထုတ်ပေး နိုင်ပါတယ်။ 

 

 

အဓိကက မှတ်ပုံတင်ကတ်ပြားလုပ်မယ်ဆိုရင် ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်ကို သွားပြီးတော့ အိမ်ထောင်စုစာရင်းယူရပါတယ်။ ယူပြီးမှ သူလုပ်လိုတဲ့ မြို့နယ်မှာ လာပြီးဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒီမှာကတော့ သစ္စာ စီမံချက်အတိုင်းပဲ လုပ်လိုတဲ့ ပြည်သူတွေအနေနဲ့ မြို့နယ်ရုံးသွားပြီး နေတဲ့မြို့ ဥပမာ-ပခုက္ကူဆိုရင် ပခုက္ကူကို သူ့အိမ်ထောင်စုစာရင်းရှိသလား၊ မှတ်ပုံတင်ထုတ်ပေးမှု ရှိသလားစတဲ့ အချက်ကို စုံစမ်းပြီး   Viber ကနေတစ်ဆင့် ဒီကိုအထောက်အထား ပြန်ပို့တယ်၊ သတ်မှတ်တဲ့အချက်အလက်နဲ့ ညီတယ်ဆိုရင် ဒီစက်မှုဇုန်မှာပဲ သူ့ကိုထုတ်ပေး လိုက်တာဖြစ်ပါတယ်။ ထုတ်ပေးတဲ့နေရာမှာလည်း စက်မှုဇုန် ကြီးကြပ်ရေးအဖွဲ့တွေက  ဝိုင်းဝန်းကူညီပါတယ်။ အလုပ်သမားတွေလည်း တစ်ပတ်လောက် ပြန်ရတဲ့ခွင့်ကိစ္စတွေ၊ လမ်းခရီးကုန်ကျစရိတ်တွေ လုပ်အားဆုံးရှုံးမှုတွေမဖြစ်တော့ဘူး။ စက်ရုံကလည်း သူ့လုပ်အားအပြည့်အဝရရှိနိုင်သလို လုပ်ငန်းခွင်မပျက် မှတ်ပုံတင်ပျောက်တာတွေ အသစ်လုပ်တာတွေ ဆောင်ရွက်ပေးနိုင်တဲ့အတွက် အလုပ်သမားများရော စက်မှုဇုန် တာဝန်ရှိသူတွေရော ဌာနအတွက်ရော အကျိုးရှိတယ်လို့ပြောချင်ပါတယ်။ 

 

 

ဒီကိစ္စတွေကို တစ်ခြားစက်မှုဇုန်တွေမှာလည်း စာရင်းကောက်တာတွေရှိပါတယ်။ လုပ်ငန်းစဉ်တွေကတော့ သက်ဆိုင်ရာ မြို့နယ်တွေကို မေးမြန်းတာတွေ အချက် အလက်ဖြည့်သွင်းတာတွေ၊ သူတို့ကိုဓာတ်ပုံ ရိုက်တာတွေ၊ မှတ်ပုံတင်ကတ်ပြားမှာ ဖြည့်စွက်တာတွေ လုပ်ငန်းစဉ်က အဆင့်(၅)ဆင့် လောက်ရှိပါတယ်။ ဒီအဆင့်တွေကို တခြား စက်မှုဇုန်တွေမှာလည်း အချိန်နဲ့တပြေးညီ ဆောင်ရွက်နေပါတယ်။ ဆက်လက် ပြီးတော့လည်း  ရှေ့အပတ်တွေမှာ အလားတူစက်မှုဇုန်တွေမှာ အလုပ် သမားတွေကို လုပ်ငန်းခွင်မပျက် မှတ်ပုံတင်ကတ်ပြား ထုတ်ပေးတဲ့ကိစ္စတွေကို ဆက်လက်လုပ်ပေးမှာ ဖြစ်ပါတယ်။ 

 

 

ဌာနအနေနဲ့ နှစ်စဉ်နှစ်တိုင်း ကျောင်းဖွင့်ချိန်မှာ ကျောင်းသားတွေကို (၁၀)နှစ် မှတ်ပုံတင်ထုတ်ပေးတာရှိပါတယ်။ ဒီနှစ်မှာလည်း ကျောင်းသား (၆)သိန်းကျော်လောက် ထုတ်ပေးနိုင်ခဲ့ပါတယ်။ မြို့နယ်တွေမှာလည်း သစ္စာစီမံချက်နဲ့ မှတ်ပုံတင်ကတ်ပြားထုတ် ပေးတာတွေ အိမ်ထောင်စု စာရင်းထုတ်ပေးတာတွေ ဆောင်ရွက်နေပါတယ်။ ဒါကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားမှာပါ။ အထူးသဖြင့် မလိုအပ်ဘဲ သွားရတဲ့ကိစ္စတွေ၊ ထောက်ခံချက်တောင်းတဲ့ကိစ္စတွေကို ဖုန်းအသုံးပြုပြီး လျှော့ချပြီးမှ မှန်လည်းမှန်ကန်အောင်၊ မြန်လည်း မြန်ဆန်အောင် အချိန်၊ လူ၊ ငွေ သက်သာအောင် ဝန်ကြီးဌာနအနေနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်လို့ ပြောကြားလိုပါတယ်။ ဒီလိုလုပ်ငန်းတွေ အောင်မြင်ဖို့  တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေရဲ့ ကူညီမှုတွေ၊ ဌာနဆိုင်ရာအဆင့်ဆင့် ပူးပေါင်းဆောင်ရွက်မှုတွေ၊ စက်မှု ဇုန်တာဝန်ရှိသူတွေ၊ ဇုန်ကြီးကြပ်ရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး လိုပါတယ်။ 

 

 

 

 

ဦးစောနိုင်

ညွှန်ကြားရေးမှူး

လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊  ရန်ကုန်တိုင်းဦးစီးမှူးရုံး

 

တော်တော် များများက နေ့စဉ်အလုပ်ဖွင့်တဲ့ရက်မှာ အလုပ်သွားနေရတဲ့အတွက် သက်ဆိုင်ရာ မြို့နယ်ရုံးတွေမှာ ဆောင်ရွက်နေတာလည်း အားနည်းနေကြတာဖြစ်ပါ တယ်။ စားဝတ် နေရေးနဲ့လုံးပန်းနေတဲ့ အနေအထားမျိုးမှာ ကျွန်တော်တို့ဝန်ကြီးဌာန အနေနဲ့ နိုင်ငံတော်အကြီးအကဲနဲ့ ပြည်ထောင်စုဝန်ကြီးတို့ရဲ့ လမ်းညွှန်ချက်အရ (၈)လပိုင်း ကုန်လောက်က စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ သစ္စာစီမံချက်က ရန်ကုန်တိုင်း ဒေသကြီးအတွင်း စုစုပေါင်းအလုပ်သမားတွေ သုံးသိန်းကျော်ရှိတဲ့ နေရာမှာ ကိုင်ဆောင်မှု မရှိတဲ့သူ အများအပြားရှိနိုင်ကြောင်း တွက်ချက်ကြည့်တာ တစ်သောင်းလောက်ရှိနိုင်မယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။ တကယ့် မြေပြင်မှာကောက်ရင် စာရင်းအရ ထပ်ပြီးတိုးရင်လည်း တိုးနိုင်ပါတယ်။ စီမံချက် ကာလကို နှစ်လသတ်မှတ်ထားပေမယ့်လည်း ဒီကာလအတွင်း နှစ်သောင်း၊ သုံးသောင်း၊ ငါးသောင်း ဆောင်ရွက်နိုင်မယ်လို့ မျှော်မှန်းပြီးလုပ်ဆောင်နေတာ ဖြစ်ပါ တယ်။ 

 

 

အခက်အခဲကတော့ IT များများမသုံးနိုင် သေးတဲ့ အားနည်းချက်ပါပဲ။ IT နည်းစနစ်တွေသုံးနိုင်မယ်ဆိုရင်တော့ မေးမြန်းတာတွေ၊ အကြောင်းပြန်ကြားတာတွေ စသဖြင့် နိုင်ငံသားစိစစ်ရေးကတ်ဆိုတာ သက်ဆိုင်ရာကာယကံရှင်နဲ့ ဆက်စပ် ပတ်သက်နေတဲ့ မိဘဘိုးဘွားအထောက်အထားများနဲ့ ဆောင်ရွက်ပေးရတာဖြစ် ပါတယ်။ အဲဒီမှာ မှားယွင်းလို့မရပါဘူး၊ အကြောင်းပြန်ချက်တွေလည်း မြန်ဆန်နေ ရမယ်၊ ချောမွေ့နေရမယ်။ အဲဒီအပေါ်မှာ အခြေပြုပြီးမှ အထောက်အထား အချက် အလက် ခိုင်မာတယ်၊ မှန်ကန်တယ်၊ ပြည့်စုံတယ်ဆိုရင် သက်ဆိုင်ရာ နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် အကြောင်းပြန်ကြားချက်တွေက အချိန်တစ်ခုတော့ပေးရမှာဖြစ်ပါတယ်။ မြန်လား၊ မမြန်လားက ကျွန်တော်တို့ဆောင်ရွက် ချက်အနေအထားနဲ့ ခရီးအကွာအဝေးအပေါ် မူတည်မှာဖြစ်ပါတယ်။ တချို့က ချောလမ်းကြောင်းက သွားတယ်၊ တချို့က အွန်လိုင်းကသွားတယ် စသဖြင့် ဒီလိုမျိုး တွေသုံးစွဲပြီး လုပ်ကိုင်နေပါတယ်။ 

 

 

စက်မှှုဇုန်တွေ၊ အလုပ်သမားတွေကို စာရင်းလည်း ကောက်၊ သက်ဆိုင်ရာ နိုင်ငံသားစိစစ်ရေးကတ်ပေးနိုင်ဖို့ အမှုတွဲဖိုင်ကိုလည်းလုပ်၊ တစ်ပြိုင်တည်းသွားနေ ရတာဖြစ်ပါတယ်။  ဒီနေ့ထုတ်ပေးတဲ့ ၁၂၀ဝ အရေအတွက်ကိုလည်း ဆောင်ရွက်ခဲ့ တာက နှစ်ပတ်၊ သုံးပတ်လောက်အတွင်းမှာ ရရှိအောင် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံတွေနဲ့ အပြန် အလှန်နားလည်မှုယူပြီး ဆောင်ရွက်ခဲ့ရပါ တယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကူညီ ဆောင်ရွက်ပေးမှုနဲ့ပိုပြီးမြန်မယ့် အချိန်တစ်ခုပေးရတာဖြစ်ပါတယ်။ 

 

 

အဓိကအားဖြင့် နိုင်ငံသားစိစစ်ရေးကတ်က လိုအပ်မှ လုပ်ရတာ မဟုတ်ပါဘူး။ မွေးကတည်းက သေဆုံးတဲ့အထိ နိုင်ငံသားစိစစ်ရေးကတ်က အရေးပါနေပါတယ်။ နိုင်ငံသား အခွင့်အရေးအပြည့်အဝရှိမှသာ နေ့တိုင်းလုပ်ကိုင် ဆောင်ရွက်သမျှ အားလုံး က နိုင်ငံသားစိစစ်ရေးကတ်က အကျိုးသက်ရောက်မှု ရှိနေမှာပါ။ ပြောချင်တာကတော့ မျိုးဆက်များမွေးဖွားပြီဆိုရင် မွေးစာရင်းလုပ်ဖို့ လိုအပ်ပါတယ်။   ၁၀ နှစ်ပြည့် ကတ်ပြား ရှိနေရင်လည်း သက်ဆိုင်ရာလဝကရုံးမှာ သွားပြီး လျှောက်ထားမှုကို အလေးထား ဆောင်ရွက်စေချင်ပါတယ်။ ကွင်းဆင်းရာမှာ လည်း ပူးပေါင်းဆောင်ရွက်စေချင်ပါတယ်။ သက်ဆိုင်ရာဌာနက ဝန်ထမ်းတွေ အချိန်တစ်ခုပေးပြီး ကွင်းဆင်းတဲ့အခါမှာလည်း ပူးပေါင်းဆောင်ရွက်ပေးပါ။ မိမိနိုင်ငံသားဖြစ်မှုကို  သက်ဆိုင်ရာကိုင်ဆောင်သင့်တဲ့ ကတ်ပြားတစ်ခုခုကိုရရှိအောင် ကြိုးစားပေးပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။

 

 

 

ဦးတင်စိန် (ဥက္ကဋ္ဌ)

သာကေတစက်မှုဇုန်ကြီးကြပ်ကော်မတီ 

 

စက်မှုဇုန်စီမံခန့်ခွဲရေးအပိုင်းအနေနဲ့ လဝကနဲ့ ညှိနှိုင်းပြီး မြန်မြန်ဆန်ဆန်နဲ့ မှတ်ပုံတင်ရရှိအောင် စနစ်တကျဖြစ်ဖို့အတွက် ဝိုင်းဝန်းကူညီရတာပါ။ သာကေတ စက်မှုဇုန်တစ်ခုတည်းမှာပဲ မှတ်ပုံတင်မရသေးသူ   ၆၀ဝ လောက်ရှိပါတယ်။  တခြား ဇုန်တွေလည်း ဒီမှာလာပြီးတော့ ပူးတွဲလာယူကြတယ်လို့သိရပါတယ်။ မှတ်ပုံတင် လုံးဝ မရှိတဲ့သူဆိုရင် ထောင်ဂဏန်းလောက်ရှိမယ် ထင်တယ်။ မှတ်ပုံတင်စုတ်ပြဲသွားတာတို့ ဓာတ်ပုံပျက်စီးတာတို့ အဲဒါတွေက ရာဂဏန်းလောက်ရှိပါတယ်။ ဒီနေ့ ပြန်ပေးအပ် မှာပါ။ ကျွန်တော်ဆောင်ရွက်တာခန့်မှန်းခြေ ၁၀ ရက်လောက်ရှိပါတယ်။  စက်မှုဇုန်တွေ ဒီလိုလုပ်ပေးတာ ပထမဆုံးအကြိမ်ပါ။ အင်မတန် ကောင်းမြတ်တဲ့လုပ်ငန်းစဉ်ပါ။ အလုပ်သမားတွေမှာ မှတ်ပုံတင်မရှိရင် လူမှုဖူလုံရေးကတ်ပြားထုတ်ပေးလို့ မရပါဘူး။   လူမှု ခံစားခွင့်၊ လူမှုဖူလုံရေး ပေးသွင်းပြီး ခံစားခွင့်မရတဲ့အနေအထားမှာ မှတ်ပုံတင် ရတော့ အကုန်အဆင်ပြေတာပေါ့။ နောက်တစ်ခု အလုပ်ရှင်တွေအနေနဲ့ အလုပ်ခန့်တဲ့ နေရာမှာလည်း မှတ်ပုံတင်မရှိတဲ့လူတစ်ယောက်ကို အလုပ်ခန့်ဖိို့ခက်တယ်။ နိုင်ငံသားမှန်းတော့ သိပါရဲ့၊  ဒါကြောင့် ဒီလိုမျိုးလုပ်ပေးတဲ့အတွက်  ဝမ်းသာပါတယ်။   အရင်က မှတ်ပုံတင်လုပ်ရင် ခွင့်ယူရတယ်။ ခွင့်ယူပြီး မိမိသက်ဆိုင်ရာ နယ်ကိုပြန်ရတာ၊ ကုန်ကျစရိတ် အမျိုးမျိုးရှိတယ်။ အခု မြန်မြန်ဆန်ဆန် လုပ်ငန်းခွင်ထဲမှာ  အလုပ်မပျက်ဘဲ ထုတ်လုပ်မှုမှာလည်း မကျဆင်းဘူး၊ အားလုံး အဆင်ပြေပါတယ်။

 

 

 

မသိရီဖြိုးပြည့်

သာကေတစက်မှုဇုန်

ကျွန်မ မူရင်းနေထိုင်ရာဒေသက ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ကပါ။ စက်ရုံ၊ အလုပ်ရုံတွေကိုလုပ်ငန်းခွင်မပျက် မှတ်ပုံတင်လာရောက်လုပ် ပေးတဲ့ အတွက် တော်တော်အဆင်ပြေပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ နေရပ်ကို ပြန်သွားလုပ်ရမှာ မလွယ်ဘူး။ ၂ ရက်၊ ၃ ရက် ခွင့်ယူရမှာ။ အခုက လုပ်ငန်းခွင်မပျက် လာရောက်လုပ်ပေးတဲ့အတွက် ကိုယ့်လုပ်ငန်းမပျက် ငွေကြေးလည်း မကုန်ဘူး။ အခက်အခဲလည်းမရှိခဲ့ပါဘူး။ အားလုံးကလည်း ဝိုင်းဝန်း ကူညီပေးပါတယ်။    အားလုံးအဆင်ပြေပါတယ်။ မရှိသေးတဲ့သူတွေကိုလည်း လုပ်ဖို့ တိုက်တွန်းပါတယ်။ မှတ်ပုံတင်နဲ့ပတ်သက်လို့က အရင်ကမရှိတဲ့အတွက် မှတ်ပုံတင် ပြုလုပ်ဆဲနဲ့ အလုပ် လုပ်နေရပါတယ်။ အခု မှတ်ပုံတင်ရလာပြီဆိုတော့   ဘယ်နေရာ သွားသွား အဆင်ပြေပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ မှတ်ပုံတင်ရှိသင့်တယ်လို့ ထင်ပါတယ်။ မှတ်ပုံတင်ရလို့ ဝမ်းသာပါတယ်။

 

တွေ့ဆုံမေးမြန်း - ဥမ္မာသန့်

ဓာတ်ပုံ - ရဲထွဋ်