နေပြည်တော် ဩဂုတ် ၁၆
စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော သံမဏိစက်ရုံ စီမံကိန်းများနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ တာဝန်ရှိသူများ၊ စီမံကိန်းကြီးကြပ်မှု ကော်မတီ၊ သံမဏိစက်ရုံ စီမံကိန်းများ စီမံကိန်း အကောင်အထည်ဖော်ရေး ကြီးကြပ်ဆောင်ရွက်မည့်အဖွဲ့၊ စီမံကိန်း အကောင်အထည်ဖော်ရေးအဖွဲ့နှင့် စီမံကိန်းစီမံခန့်ခွဲရေးအဖွဲ့တို့မှ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သံမဏိ စက်ရုံ စီမံကိန်းနှစ်ခုနှင့် ပတ်သက်၍ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထုတ်ပြန် ထားသည့် အမိန့်ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေး၊ စီမံကိန်းလုပ်ငန်းများ သတ်မှတ် အရည်အသွေးများပြည့်မီရေး၊ လုပ်ငန်းများကို စနစ်တကျဖြင့် ရေးဆွဲထားရှိသည့် အချိန်ဇယားများအတိုင်း ပြီးစီးရေး၊ လုပ်ငန်းအကောင်အထည်ဖော်ရာတွင် တွေ့ကြုံရမည့် အခက် အခဲများရှိပါက ဝိုင်းဝန်းဖြေရှင်းနိုင်ရေး ယခုအစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်း၏ ဒုတိယအဆင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းတာဝန်ခံက စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု၊ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) စက်ရုံမှူးက နှစ်အလိုက် သံမဏိ များထုတ်လုပ်ခဲ့မှုနှင့် ကုန်ကြမ်းများ ကျန်ရှိမှုအခြေအနေ၊ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) စက်ရုံမှူးက လေသန့်စင်အလုပ်ရုံ စမ်းသပ်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်နေမှု၊ စီမံကိန်းလုပ်ငန်း များတိုးတက်မှုနှင့် တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ အရည်အသွေးပြည့်မီသည့် စီမံကိန်းလုပ်ငန်းများ ဖြစ်စေရေး ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးမှာကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


