၁၁ ဇန်နဝါရီ
လူနှင့်သက်ရှိများ အသက်ရှင်ရေးအတွက် ရေကို မရှိမဖြစ် လိုအပ်သည်။ ကမ္ဘာ့မျက်နှာပြင်၏ ၇၀ ရာခိုင်နှုန်းသည် ပင်လယ်၊ သမုဒ္ဒရာများက ရေထုအဖြစ်ဖုံးလွှမ်းနေသည်။ ကမ္ဘာ့ရေထုအားလုံး၏ ၉၈ ရာခိုင်နှုန်းသည် ပင်လယ်နှင့် သမုဒ္ဒရာများတွင်သာ ရှိနေပြီး ၎င်းတို့သည် သောက်သုံး၍ မရသော ဆားငန်ရေများ ဖြစ်နေကြကာ ၂ ရာခိုင်နှုန်းမျှသော ကမ္ဘာ့ရေထုသည်သာ ရေချိုအဖြစ် တည်ရှိနေသည်။ ရေချိုများအနက် အများစုသည် ဝင်ရိုးစွန်းဒေသများတွင် ရေခဲတောင်အဖြစ် တည်ရှိနေကြပြီး ဝ ဒသမ ၃၆ ရာခိုင်နှုန်းသော ရေချိုကို မြေအောက်မှ တူးဖော်ရရှိနိုင်သည်။ မြစ်ချောင်း၊ အင်းအိုင်များတွင် တွေ့မြင်နေရသည့် ရေထုသည် ၀ ဒသမ ၀၃၆ ရာခိုင်နှုန်းမျှသာ ဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် အလွန်နည်းသော်လည်း ဂါလန်အားဖြင့် အမြောက်အမြား ရှိနေသောကြောင့်သာ ကျွန်ုပ်တို့ နေ့စဉ် ရေအတွက်မပူမပင် သုံးစွဲနေရခြင်းဖြစ်သည်။ လူ့ခန္ဓာ ကိုယ်တွင်လည်း ရေသည် ၆၅ ရာခိုင်နှုန်း ပါဝင်နေပြီး သာမန်အားဖြင့် လူတစ်ယောက်သည် တစ်နေ့လျှင် ရေနှစ်လီတာခန့် သောက်သုံးရန်လိုအပ်သည်။
ကမ္ဘာ့ရေထုတွင် မြေပေါ်ရေ၊ မြေအောက်ရေဟူ၍ နှစ်မျိုးရှိသည်။ မြေအောက်ရေဆိုသည်မှာ ကမ္ဘာမြေကြီး၏ အပေါ်ယံမြေလွှာအောက်တွင်ရှိသော ရေများကိုဆိုလိုသည်။ မြေအောက်ရေသည် သဲလွှာနှင့် ကျောက်စရစ်လွှာ ကြားတွင် ရှိနေတတ်ပြီး ရွှံ့စေး(မြေစေး)မြေများဖြင့် ခုခံထားသည်။ ထိုမြေစေးပေါ်တွင်ရှိသောရေများကို Unconfined Aquifer opsatig: ca:sicodziewcmo Confined Aquifer op satasu 3988038:43:50 28 ရွှံ့စေးမြေအောက်မှ ရရှိသော ရေကြည်ရေသန့်များ ဖြစ်ကြသည်။
မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအတော်များများတွင် ရာသီဥတုပြောင်းလဲလာမှုကြောင့် ရေအတွက် ပြဿနာမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။ တစ်နှစ်ထက်တစ်နှစ်တိုး၍ ရာသီဥတုပြောင်းလဲမှု ပြင်းထန်လာခြင်းသည် လူမှုအဖွဲ့ အစည်းများ၊ လူနေမှုများ၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ စိုက်ပျိုးရေ စသည့် ဘက်ပေါင်းစုံအပေါ် ဆိုးကျိုးများ သက်ရောက်နေသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ်များ ယိုယွင်းပျက်စီးလာခြင်းကို ရင်ဆိုင်လာရသည်။ အပူချိန်မြင့်တက်လာခြင်း၊ အလွန်အကျွံမိုးရွာခြင်း၊ ရေကြီးရေလျှံခြင်း၊ ကမ်းရိုးတန်း ဒေသ မြစ်ဝကျွန်းပေါ်ပင်လယ်နှင့်နီးသည့် မြေနိမ့်ရပ်ဝန်းများ၌ ပင်လယ်ရေမြင့်တက်လာခြင်း၊ လယ်မြေများ ဆားပေါက်ကုန်သဖြင့် ထွန်ယက်မရခြင်း၊ မြေအောက်ရေထဲသို့ ပင်လယ်ရေငန် ထိုးဝင်ခြင်း၊ မိုးခေါင်ရေရှားခြင်းများကို ပိုမိုကြုံတွေ့ခံစားနေရပြီဖြစ်သည်။
မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ကြွယ်ဝမှု၌ ကမ္ဘာ့ထိပ်တန်းနိုင်ငံများစာရင်းတွင် ပါဝင်သော်လည်း မြေပေါ်မြေအောက် ရေအရင်းအမြစ်များသည် ရာနှုန်းပြည့် အရည်အသွေးမကောင်းတော့ပေ။ ပတ်ဝန်းကျင်နှင့် သယံဇာတထုတ်လုပ်သည့်လုပ်ငန်းများ၏ စွန့်ပစ်ပစ္စည်းများနှင့် ဘေးထွက်ဆိုးကျိုးများကြောင့်ဖြစ်သည်။ ကျေးလက်ဒေသများ၊ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်ဒေသများတွင် သောက်သုံးရေ၊ စိုက်ပျိုးရေများရရှိရန် ခက်ခဲလာပြီး ရေအရင်းအမြစ်များ လျော့နည်းခန်းခြောက်လာ လျက်ရှိသည်။
လူနေထူထပ်သော ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စသည့် မြို့ကြီးများတွင်လည်း ရေကြီးရေလျှံ၊ မြောင်းပိတ်၊ ချောင်းပိတ်ဖြစ်နေသည်။ မြို့ပြလူနေအဆောက်အအုံများ များပြားလာသည်နှင့်အမျှ မိုးရေများ မြေကြီးထဲသို့ စိမ့်ဝင်ရန် မြေသားဧရိယာ နည်းပါးလာသဖြင့် ရေစိမ့်ဝင်မှု မရှိသလောက်ဖြစ်ပြီး မြေပေါ်တွင် ရေစီးဆင်းမှု ပိုမိုများပြားလာသည်။ မြို့လယ်လမ်းများ၊ မြောင်းများ ရေလျှံကုန်သည်။ မြို့ပြဝန်းကျင်ရှိ မြေအောက်ရေသည်လည်း ရေဝင်ရေထွက် မမျှတတော့ပေ။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံ၍ စီးပွားရှာသည့်နိုင်ငံ ဖြစ်သောကြောင့်ရေမြေသည် အဓိကဖြစ်သည်။ ပထဝီအနေအထားနှင့် ရာသီဥတုကွဲပြားခြားနားသည့် နေရာဒေသများသည် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများကို ကွဲပြားစွာ တွေ့ကြုံခံစားရခြင်းကြောင့် ရေရရှိရေးနှင့် မြေယာကောင်းမွန်စေရေးကို ဦးစားပေးရမည်ဖြစ်သည်။
ကျေးလက်ရေပေးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရေအရင်းအမြစ်များ ရှာဖွေခြင်း၊ မြေအောက်ရေရရှိရေးအတွက် ဘူမိရူပ တိုင်းတာသည့်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စက်ရေတွင်း ဆိုင်ရာအချက်အလက် ပြုစုခြင်း၊ လက်ရှိ ရေသုံးစွဲမှု အခြေအနေပြ မြေပုံ၊ မြေအောက်ရေတည်နေရာပြ မြေပုံများ ရေးဆွဲပြုစုခြင်း၊ ကျေးရွာများ၏ ရေပေးဝေရေးအချက် အလက်နည်းပညာ(RwSMIS)အသုံးပြု၍ အချက်အလက် များကို စီမံခန့်ခွဲခြင်း၊ ရေအရည်အသွေး စမ်းသပ်စစ်ဆေးခြင်း၊ သောက်သုံးရေ အရည်အသွေးနှင့် မြေအောက်ရေ ရရှိနိုင်မှု အခြေအနေကို စောင့်ကြည့်စစ်ဆေး အကဲဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းများ ပြုလုပ်ရသည်။
ကျေးရွာများ၏ ရေပေးဝေရေး အချက်အလက်နည်းပညာ(Rural Water Supply Management Information System-RWSMIS) ဆိုသည်မှာ ကျေးလက်သောက်သုံးရေရရှိရေးအတွက် ရေသုံးစွဲမှုအခြေအနေများကို စစ်တမ်း ကောက်ယူခြင်းဖြစ်သည်။ ထိုသို့ ကျေးလက်သောက်သုံး ရေရရှိရေး ရေသုံးစွဲမှုအခြေအနေ စစ်တမ်းကောက်ယူခြင်းဖြင့် ကျေးလက်နေပြည်သူများအနေဖြင့် သန့်ရှင်း၍ ဘေးကင်းသောသောက်သုံးရေ လုံလောက်စွာရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ ဤအချက်အလက်နည်းပညာသည် ကျေးရွာများ၏ ရေပေးရေးဆိုင်ရာ အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြနိုင်သည်။
ဘူမိရူပတိုင်းတာရေး(Geophysical Survey)တွင် မြေပေါ် ဘူမိရူပတိုင်းတာရေး(Surface Geophysical Survey Measurement)နှင့် မြေအောက်ရေဘူမိရူပတိုင်းတာရေး (Sub-surface Geophysical Survey Measurement) ဟူ၍ ရှိသည်။
မြေပေါ် ဘူမိရူပတိုင်းတာရေး နည်းစနစ်အမျိုးမျိုး ရှိသည့်အနက် DirectCurrent Resistivity Method နှင့် Electromagnetic Method တို့မှာ အသုံးများသော နည်းလမ်းများဖြစ်သည်။ မြေအောက် ဘူမိရူပတိုင်းတာရေးမှာ စက်ရေတွင်းများတူးဖော်ပြီး ပိုက်မချခင် တွင်းထဲသို့ Electrode ချပြီး Gamma, SP, Resistivity တန်ဖိုးများကို တိုင်းတာခြင်း(Logging Measurement)ဖြစ်သည်။ တွင်းနက်များနှင့် မြေနမူနာရယူရန် ခက်ခဲသော စက်ရေတွင်းများ အထူးသဖြင့် အပူပိုင်းဇုန်ဒေသရှိ စက်ရေတွင်းနက်များ တူးဖော်ခြင်းလုပ်ငန်းတွင် Logging Measurement သည် လွန်စွာအသုံးဝင်သည်။
သဘာဝအတိုင်းရရှိသောရေသည် အများအားဖြင့် သောက်သုံးရန် သင့်လျော်မှုမရှိကြောင်း တွေ့ရှိရသည်။ ရေကို ညစ်ညမ်းစေသည့် ပစ္စည်းများကို အောက်ပါအတိုင်း ခွဲခြားထားသည်။
(၁) ရုပ်သဘောအရ ညစ်ညမ်းစေသည့်ပစ္စည်း ၊
(၂) ဓာတ်သဘောအရညစ်ညမ်းစေသည့်ပစ္စည်းနှင့်
(၃) ပိုးမွှားဘက်တီးရီးယားများကညစ်ညမ်းစေသည့် ပစ္စည်းဟူ၍ ဖြစ်သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ပြည်နယ်ရုံးများရှိ ဓာတ်ခွဲခန်းများတွင် pH, Chloride, Sodium, TDS, EC, Turbidity and Ecoli အစရှိသော Parameter ၁၂ မျိုးကို စမ်းသပ်နိုင်သည်။ စက်ရေတွင်းများတူးဖော်ရာတွင် အခြေခံအားဖြင့် အောက်ပါနည်းလမ်းနှစ်မျိုးဖြင့် တူးဖော်ကြသည်။
(၁) လွန်ကဲ့သို့ဖောက်၍ တူးခြင်း (Rotary Drilling Method)
အဆိုပါနည်းသည် ရွှံ့ရည်ကို တိုက်ရိုက်လည်ပတ် တူးဖော်သောနည်း (Direct Circulation Method) ဖြစ်သည်။ (၂) ဆောင့်ရိုက်တူးခြင်း (Percussion Method (or) Down the Hole Hammer Method)
မာကျောသော ကျောက်လွှာများတွင် တူးဖော်ဆောင်ရွက်နိုင်သည်။ စက်များအသုံးပြုပြီး လေအားဖြင့် ရိုက်ကာ စက်ဖြင့်လှည့်၍ တူးဖော်ရသောနည်းလမ်းဖြစ်သည်။
စက်ရေတွင်းတူးဖော်ရာတွင် အသုံးပြုသော တွင်းတူးစက်အမျိုးအစားများမှာ လက်လှည့်တွင်းတူးစက်(Water Jet)၊ စက်လှည့်တွင်းတူးစက်(Crown Jet)နှင့် တွင်းတူး စက်ကြီး(Drilling Rig)ဟူ၍ အမျိုးအစား သုံးမျိုးရှိသည်။
၂၀၀၀-၂၀၀၁ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အထိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုတွင် တွင်းနက်ပေါင်း ၁၁၃၃၆ တွင်းကို တူးဖော်ခဲ့သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုတွင် တွင်းနက်ပေါင်း ၂၉၀၄ တွင်း တူးဖော်ခဲ့သည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ တွင်းနက်များကို တူးဖော်ရာတွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် တွင်းပေါင်း ၂၆၂ဝ ကိုလည်းကောင်း၊ JICA က တွင်းပေါင်း ၉၇ တွင်းကိုလည်းကောင်း အပူပိုင်းဇုန် တိုင်းဒေသကြီးသုံးခုရှိ မြို့နယ်ပေါင်း ၂၄ မြို့နယ်တွင် တူးဖော်ပေးခဲ့သည်။ CDD) VDP နှင့် WSAP အဖွဲ့အစည်း များကလည်း တိုင်းပေါင်း ၁၇၂ တွင်းကို လှူဒါန်းခဲ့သည်။ ထို့အပြင် ပုဂ္ဂလိက စေတနာရှင်များကလည်း တွင်းပေါင်း ၁၅ တွင်းကို သဒ္ဓါတရားထက်သန်စွာ လှူဒါန်းခဲ့ကြသည်။
စက်ရေတွင်းတူးဖော်မည့်နေရာတွင် ဘူမိရူပ တိုင်းတာချက်အရ တူးဖော်ရမည့်အနက်ပေနှင့် ပတ်ဝန်းကျင် စက်ရေတွင်းများ၏ Well Data များကို ဦးစွာလေ့လာ၍ တူးဖော်ရမည်။ စက်ရေတွင်း တူးဖော်ရန် ပြင်ဆင်ထားသောနေရာတွင် စက်ကို ရေပြင်ညီကျအောင် အထိုင်ချပြီး လိုအပ်မည့်ရွှံ့၏စေးပြစ်နှုန်း (Mud Viscosity 35-40 Second)ရရှိအောင် တိုင်းတာ၍ ရွှံ့ဖျော်ပြီး စတင်တူးဖော်ရပါမည်။ တူးဖော်လိုသည့် တွင်းအရွယ်အစားအပေါ် မူတည်၍ ယာယီတွင်းကာပိုက် (Temporary Casing) အရွယ်အစားကို မြေပြိုကျခြင်းမှ ကာကွယ်ရန် ရွေးချယ်အသုံးပြုရပါမည်။ စက်ရေတွင်း တူးဖော်ရာတွင်အနက် တစ်မီတာခန့်ရောက်တိုင်း တူရွင်းဆင်းနှုန်း၊ ကြာချိန်နှင့်မြေနမူနာကို သေချာစွာ ကောက်ယူမှတ်သားခြင်းဖြင့် ရေကြောနေရာကို ခန့်မှန်းသိရှိနိုင်မည်ဖြစ်သည်။ ဤသို့ အဆင့်ဆင့်ဆောင်ရွက်သွားပြီး လိုအပ်သော အနက်ပေအထိရောက်အောင် တူးဖော်ရမည်ဖြစ်သည်။
ရေထွက်နှုန်းတိုင်းတာချက်အရ ရရှိသော အချက်အလက်များအပေါ် မူတည်တွက်ချက်၍ ရေတင်စက်ကို ရွေးချယ်ရမည်။ ထုတ်ယူနိုင်မည့် ရေထွက်နှုန်းအရ တပ်ဆင်မည့် ရေထုတ်ပန့်၏ (Capacity)၊ တင်ရမည့်အမြင့်ပေ (Pump Head)နှင့် ပန့်ကို မည်သည့်အနက်တွင် ထားရှိမည်(Pumping Setting)စသည်တို့ကို ရွေးချယ်မှုပြုရပါ မည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နှစ်အလိုက် တူးဖော်ခဲ့ပြီးသော ရေတွင်းပေါင်း ၂၉၀၄ တွင်းတွင် ဘဏ္ဍာ နှစ်အလိုက် တပ်ဆင်ထားသော ပန့်အမျိုးအစားနှင့် အရေအတွက်မှာ အောက်ပါဇယားအတိုင်းဖြစ်သည်။
ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်(၆) မျှော်မှန်းချက်ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် ကျေးလက်နေ ပြည်သူများအားလုံး လက်လှမ်းမီသော သန့်ရှင်းသည့် သောက်သုံးရေရရှိရေး မျှော်မှန်းချက်ကို ပြည့်မီစေရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များ၌ ကျေးလက်ဒေသ ရေရရှိရေးလုပ်ငန်းများ အပြင် ပြည်တွင်း/ပြည်ပ အလှူရှင်များ၊ ဆက်စပ်ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရေရှည်တည်တံ့ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော လုပ်ငန်းများအဖြစ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပေသည်။
အိဇာနိုင်(ကျေးလက်ဉီးစီး)


