mdn

သတင်းဆောင်းပါး - အေးညွန့်ကြည်

ရန်ကုန်တက္ကသိုလ်ကြီးဟာ   ပညာရေးကို  အဓိကအခြေပြုပြီး  အမျိုးသားရေးနဲ့   နိုင်ငံရေးလှုပ်ရှားမှုများ၊ စာပေနဲ့  အနုပညာလှုပ်ရှားမှုများနဲ့အတူ   အားကစားလှုပ်ရှားမှုများဟာလည်း အရေးပါတဲ့နေရာမှာ ပါဝင်ခဲ့ပါတယ်။ အားကစား လှုပ်ရှားမှုတွေထဲမှ တက္ကသိုလ်ရေကူးပြိုင်ပွဲများဟာလည်း ကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့တာမို့ နှစ် (၁၀၀)  ပြည့် ရန်ကုန်တက္ကသိုလ်ကို ဂုဏ်ပြုပြီး  ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါတယ်။

စနစ်သစ်ပညာရေးအစ ၁၉၆၄ မှ ၁၉၆၈ နှစ်များအတွင်း   တက္ကသိုလ်နယ်မြေ  သထုံ လမ်းရှိ တက္ကသိုလ် ရေကူးကန်နဲ့ အင်းယား ကန်မှာ   ကျင်းပခဲ့တဲ့    ရေကူးပြိုင်ပွဲများနဲ့ ယင်းပြိုင်ပွဲတွေမှာ   မြန်မာနိုင်ငံအရပ်ရပ်မှ ရန်ကုန်ရှိ တက္ကသိုလ်ကျောင်းများသို့  ပညာ ဆည်းပူးရန် ရောက်ရှိလာကြတဲ့ ကျောင်းသားကျောင်းသူများ  ယှဉ်ပြိုင်ကူးခတ်ခဲ့ကြပုံများနဲ့ ပတ်သက်ပြီး  ကျွန်မကိုယ်တိုင်   တက္ကသိုလ်ကျောင်းသူဘဝက       ရေကူးပြိုင်ပွဲဝင်သူ တစ်ယောက်အနေနဲ့ တွေ့ကြုံခဲ့ရသည်များကို မှတ်မိသလောက် ဖော်ပြလိုက်ပါတယ်။

ယခုရေးမယ့်  အကြောင်းအရာမှာပါတဲ့ ရေကူးကန်မှာ   သထုံလမ်းမှာ    တည်ရှိတဲ့ ရေကူးကန်ဖြစ်ပြီး   ၁၉၇၀   နောက်ပိုင်းမှာ တက္ကသိုလ်များရေကူးကန်  (သထုံလမ်း)   ဟု အမည်ပြောင်းခဲ့ပါတယ်။    ကျွန်မကတော့ ကျွန်မထက်  အသက်ငယ်သူများနဲ့ စကားပြောရင်တော့  သထုံလမ်းကန်လို့ပဲ  ပြောပါ တယ်။ ဘာကြောင့်လဲဆိုတော့ အင်းယားလမ်းပေါ်မှာ   ဘွဲ့နှင်းသဘင်    အနောက်ဘက်မှာရှိတဲ့ ရန်ကုန်တက္ကသိုလ်     ရေကူးကန်   (ယခု စိမ်းလန်းစိုပြေဥယျာဉ်ဝင်ပေါက်အနီး) ရှိတဲ့ အတွက် ခွဲခြားပြီးသိအောင်ပြောရခြင်း ဖြစ်ပါ တယ်။ သထုံလမ်းရေကူးကန်ကတော့ အလျား ၃၃ (၁/၃)  ကိုက်(ပေ ၁၀၀)  နဲ့   ပြိုင်ပွဲဝင် ၆ယောက် ယှဉ်ပြိုင်နိုင်တဲ့အကျယ်ရှိပါတယ်။ ၅ မီတာ၊ ၃ မီတာ၊ ၁ မီတာ အမြင့် အသီးသီး ရှိတဲ့ ဒိုင်ဗင် စင်မြင့်များရှိကြပြီး ဒိုင်ဗင်ဧရိယာ က ရေအနက် ၉ ပေရှိပါတယ်။
၁၉၆၄ မတိုင်မီအထိ မြန်မာနိုင်ငံရေကူး အဖွဲ့ချုပ်မှ ကျင်းပတဲ့  ရေကူးနဲ့  ဒိုင်ဗင်ပြိုင်ပွဲ များကိုလည်း ဤကန်မှာပင် ကျင်းပခဲ့ပါတယ်။ ၁၉၆၁  ဒီဇင်ဘာလမှာ  ကျင်းပတဲ့  ဒုတိယ အကြိမ်မြောက် အရှေ့ တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲအမီ အမျိုးသားရေကူးကန် ကို    ဆောက်လုပ်ခဲ့ကြပြီး   ပြိုင်ပွဲများကို ယင်းကန်၌ပင်    စတင်ကျင်းပခဲ့ကြပါတယ်။ ဒါကြောင့်  ယခုရေးမယ့်ဆောင်းပါးမှာ သထုံ လမ်းကန်၊  တက္ကသိုလ်ရေကူးကန်ဆိုပြီးသုံး သွားမှာ ဖြစ်ပါတယ်။

စစ်ကြိုခေတ် 
စစ်ကြိုခေတ် တက္ကသိုလ်ရေကူးလောက

ကျွန်မတို့ရဲ့   ပါမောက္ခချုပ်  ဒေါက်တာမောင်မောင်ခ၊   အတွင်းဝန်ချုပ်   ဦးရွှေမရ၊ အတွင်းဝန်များ  ဖြစ်ကြတဲ့  ဦးထွန်းသောင်းနဲ့ ဦးစောသာ၊ ဦးထွေးမောင် (ရန်ကုန်မြူနီစပယ် စာရင်းကိုင်ချုပ်၊ မြန်မာနိုင်ငံ ရေကူးအသင်း ဥက္ကဋ္ဌ)၊  ဦးကာကျန်း  (မြန်မာ့လက်ရွေးစင်ရေကူးသမား  ကိုအေးကျော်၏  ဖခင်)၊ ဦးဘသောင်း(Central Sports) ၊ Mr. Dina Nath တို့ဟာ ထင်ရှားတဲ့ အင်းယားကန်ဖြတ်ရေကူး သမားများ  ဖြစ်ကြပါတယ်။    ဒိုင်ဗင်သမား ဦးဆစ်ဒနီသွင်  (KLM Airline)၊   ရေကူးနှင့် ဒိုင်ဗင်သမား Lt. Col. John Smyth ၊ အမျိုး သမီး အားကစားသမား    Alice Set (ရေကူး)နဲ့    ပညာရေးတက္ကသိုလ်က    ပါမောက္ခ ဒေါက်တာဒေါ်ခင်မြ  (ဒိုင်ဗင်)   တို့ကလည်း ထင်ရှားသူများ ဖြစ်ကြပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလ

လွတ်လပ်ရေးရပြီးသည့်ကာလမှ ၁၉၆၄ မတိုင်မီ  တက္ကသိုလ်ရေကူးပြိုင်ပွဲတွေမှာလည်း တံခွန်စိုက်ဖလား   ချီးမြှင့်လေ့ရှိကြပါတယ်။ နှစ်အလိုက် ဖော်ပြရရင် ၁၉၆၀ မှာ ကိုသန့်ဇင်၊ ၁၉၆၁ မှာ ကိုတင်မောင်နီ၊ ၁၉၆၃ မှာ  ကိုအေးကျော်တို့   ရရှိခဲ့ပါတယ်။  ၁၉၅၉   ခုနှစ် ပထမ အကြိမ်မြောက် အရှေ့တောင် အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲမှာ  တက္ကသိုလ်လက်ရွေးစင် ရေကူးအားကစားသမားများဖြစ်တဲ့  ကိုတင်မောင်နီ၊    ကိုစောအောင်သိန်းနဲ့   Derek Lynsdale     (ရန်ကုန်တက္ကသိုလ်   ရုက္ခဗေဒ ပါမောက္ခ Dr. Lynsdale ၏သား) တို့မှာ မြန်မာ့ လက်ရွေးစင်အဖြစ်    ရွေးချယ်ခြင်းခံခဲ့ရပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ  ဆုတံဆိပ်များ လည်း ရရှိခဲ့ကြပါတယ်။ ဆုတံဆိပ်များရရှိခြင်းကြောင့် သူတို့သုံးဦးဟာ ရန်ကုန်တက္ကသိုလ်ရဲ့ University Gold ဆု ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ ကိုသက်ဝင်းကတော့ အရန်အဖြစ်   ပါဝင်ခဲ့ပါ တယ်။ ရန်ကုန်မြို့မှာ  ၁၉၆၁ ခုနှစ်က ကျင်းပ တဲ့ ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲမှာတော့ ကိုတင်မောင်နီ၊ ကိုစောအောင်သိန်း၊ Derek Lynsdale တို့နဲ့အတူ ကိုအေးကျော်ပါ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး၊  ဆုတံဆိပ်များလည်း  ဆွတ်ခူးနိုင်ခဲ့ကြ ပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ    ၁၉၈၉-၉၁ အထိ ဒုတိယပါမောက္ခချုပ်တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာလှဖေကလည်း   အင်းယားကန်ဖြတ်ရေကူးသမား ဖြစ်ခဲ့ပါတယ်။

အမျိုးသမီး    ရေကူးသမားတွေကတော့ ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ တွဲဖက် ပါမောက္ခ  ဒေါ်ခင်ခင်ဆွေ   (Valerie Po Saw)၊ သူ့ညီမ     အင်္ဂလိပ်စာဌာနမှ      ကထိက ဒေါ် Penny Po Saw နဲ့  ပြေးခုန်ပစ် ချန်ပီယံ လည်းဖြစ်သူ Dr. Rena Mya တို့က ထင်ရှား ခဲ့ပါတယ်။ ၁၉၆၃-၆၄ Inter Club ပြိုင်ပွဲမှာ တော့ Mabel Wong ၊  Agnes Soon  နှင့် Elizabeth Pe တို့ပါဝင်တဲ့  အမျိုးသမီးအဖွဲ့က ရန်ကုန်တက္ကသိုလ် ကိုယ်စားပြုပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။

စနစ်သစ်ပညာရေးအစ   
တက္ကသိုလ် ရေကူးပြိုင်ပွဲများ

ကျွန်မတို့ တက္ကသိုလ်စတင်တက်ရောက်တဲ့  ၁၉၆၄  မှစတင်ပြီး  စနစ်သစ်ပညာရေး စတင်ခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်ကို   ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်(ရန်ကုန်) - Arts and Science University (Rangoon) ပြောင်းလဲခေါ်ဝေါ် ခဲ့ပါတယ်။    ထိုအချိန်က ဘာသာရပ်အလိုက် ရေကူးပြိုင်ပွဲများ      မကျင်းပနိုင်သေးပါဘူး။ ကျွန်မ တက္ကသိုလ်စတင်တက်ရောက်တဲ့နှစ်က ရေကူးပြိုင်ပွဲများကို ပထမပညာသင် နှစ်ဝက် ဇန်နဝါရီလနှောင်းပိုင်း        တနင်္ဂနွေနေ့နဲ့ဖေဖော်ဝါရီလ ပထမပတ်တနင်္ဂနွေနေ့များမှာ ကျင်းပလေ့ရှိပါတယ်။ ထိုအချိန်က RASU ရဲ့ ပါမောက္ခချုပ်မှာ လူအများက ချစ်ခင်လေးစား စွာ   ဆရာခလို့ခေါ်ကြတဲ့   ဒေါက်တာမောင်မောင်ခဖြစ်ပြီး  ရေကူးဆပ်ကော်မတီဥက္ကဋ္ဌကတော့ ရူပဗေဒပါမောက္ခ  ဦးစံသာအောင်ဖြစ် ပါတယ်။

RASU အင်းယားကန်ဖြတ်ရေကူးပြိုင်ပွဲများ

ကျွန်မ တက္ကသိုလ်ရောက်စနှစ် ၁၉၆၄-၆၅ ပညာသင်နှစ်အတွက် အင်းယားကန်ဖြတ်ရေကူးပြိုင်ပွဲကို  ၁၉၆၅  ခုနှစ်   ဇန်နဝါရီလ ၃၁ ရက်နေ့မှာ   ကျင်းပခဲ့ပါတယ်။  Dubern ကျွန်းဆွယ်     (ယခု    မေလိခလမ်းအဆုံး) အင်းယားလိတ်ဟိုတယ်အနီးကနေ  တာထွက် ပြီး၊   တက္ကသိုလ်လှေလှော်အသင်း   (ယခင် RUBC ဟု   ခေါ်သည့်နေရာ)မှာ    ပန်းဝင်ရပါ တယ်။ ခရီးအကွာအဝေးက  မီတာ ၂၀၀၀ ရှိပါ တယ်။ ကျွန်မရဲ့ ပထမဦးဆုံး  အင်းယားကန် ဖြတ်ကူးတဲ့ပွဲဖြစ်သလို  တက္ကသိုလ်ကျောင်းသူ ဘဝရဲ့ ပထမဆုံး ပါဝင်ယှဉ်ပြိုင်တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်   အမျိုးသား   ၈   ဦးနဲ့ အတူ စုစုပေါင်း ၉  ဦး ပြိုင်ပွဲဝင်ကြပါတယ်။ B.A နောက်ဆုံးနှစ်မှ ကိုသောင်းထွန်းက စံချိန် ၂၉ မိနစ် ၅၈ စက္ကန့်နဲ့  ပထမရရှိပြီး ကျွန်မက ၃၇ မိနစ်  ၆ စက္ကန့်နဲ့   သတ္တမနေရာကနေ ပန်းဝင်ခဲ့ပါတယ်။

ရန်ကုန်စက်မှု    တက္ကသိုလ်ကလည်း ကျွန်မတို့နဲ့     တစ်ရက်တည်း၊    တစ်ချိန်တည်း ကျင်းပပြီး ပြိုင်ပွဲဝင် အမျိုးသား ၉   ဦး ဝင်ပြိုင် ကြပါတယ်။ ကျွန်မတို့တက္ကသိုလ်နဲ့ တစ်ပြိုင် တည်း တာထွက်ပြီး၊ တက္ကသိုလ် နှစ်ခုစလုံးမှ ပြိုင်ပွဲဝင် ၁၈ ဦးစလုံး ပန်းတိုင်ရောက်အောင် ကူးခတ်နိုင်ခဲ့ကြပါတယ်။ စက်မှုတက္ကသိုလ်ရဲ့ ပြိုင်ပွဲမှာတော့ ကိုဌေးအောင်က ပထမရခဲ့ပါ တယ်။

၁၉၆၆ ခုနှစ်အတွက် ကန်ဖြတ်ကူးပြိုင်ပွဲ ကိုတော့ ဇန်နဝါရီ ၂၃  ရက်နေ့တွင်  နံနက် ၈ နာရီမှာ ကျင်းပပါတယ်။ အမျိုးသားပြိုင်ပွဲဝင် များက    ယခင်နှစ်ထက်   ပိုများလာပြီး အမျိုးသမီးကတော့ ကျွန်မ  တစ်ဦးတည်းပါ။ ဒီနှစ်မှာတော့ မနှစ်က စံချိန်ကိုချိုးပြီး ၃၃ မိနစ် ၃၀ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ပါတယ်။ အမျိုးသားပွဲ မှာတော့ William Smyth က စံချိန် ၂၆ မိနစ် ၄၇ စက္ကန့်ဖြင့် ပထမရပါတယ်။ မနှစ်ကလိုပဲ ရန်ကုန်စက်မှုတက္ကသိုလ်က  တစ်ပြိုင်တည်း တာလွှတ်ခဲ့ပြီး ကိုဌေးအောင်ကပဲ ဆက်လက် ဗိုလ်စွဲပါတယ်။ ကျွန်မ  နှစ်အတိအကျတော့ မမှတ်မိသော်လည်း ၁၉၆၅-၆၆ ဝန်းကျင်နှစ် များမှာ ရန်ကုန်စက်မှုတက္ကသိုလ်က ကိုကိုကိုအေးနှင့်  ကိုမျိုးသန့်တင်တို့လည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာကို မှတ်မိပါတယ်။

၁၉၆၇ ခုနှစ် ကန်ဖြတ်ကူးပြိုင်ပွဲကိုတော့ ဇန်နဝါရီ ၂၉ ရက်နေ့ နံနက်တွင် ကျင်းပပါ တယ်။  ၁၉၆၄  ခုနှစ်ကတည်းက တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲမှာ   ကူးခဲ့တဲ့   Rosie Hoe (သင်းသင်းခိုင်)ပါ ကျွန်မနဲ့အတူ  ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး၊ စုစုပေါင်း အမျိုးသမီး ၂ ဦး အပါ အဝင်   ၄၉    ဦး   ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အမျိုးသားပြိုင်ပွဲတွင်   ပထမရတဲ့   William Smyth  ရော၊  ကျွန်မပါ   ယခင်နှစ်စံချိန်ကို မချိုးနိုင်ခဲ့ကြပါ။ ပထမမှ ဆဋ္ဌမအထိ ပန်းဝင် သူများကိုတော့   ဆုတံဆိပ်များ  ချီးမြှင့်ပြီး၊ ကျန်ပန်းဝင်သူများကိုတော့ ကန်ဖြတ် ရေကူး သမား ရင်ထိုးတံဆိပ် ချီးမြှင့်ခဲ့ပါတယ်။ စီးပွားရေးတက္ကသိုလ်ကလည်း ၁၉၆၇ မှာ အင်းယား ကန်ဖြတ်ကူးပြိုင်ပွဲ   ကျင်းပခဲ့ပြီး  ရေကူး ချန်ပီယံ    ရင်ရင်မြင့်က    အမျိုးသားများရဲ့  အရှေ့ကနေ      ဦးစွာ     ပန်းဝင်ခဲ့ပါတယ်။   ဦးထင်ကျော် (နိုင်ငံတော်သမ္မတ(ငြိမ်း)) သည် လည်း  စီးပွားရေးတက္ကသိုလ်ရဲ့  ကန်ဖြတ် ရေကူးသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။
၁၉၆၈ ခုနှစ်ပြိုင်ပွဲကိုတော့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ   ပြုလုပ်ပါတယ်။  မြန်မာ့လက်ရွေးစင် ဆယ်လီစိုး (Sally Soe) တက္ကသိုလ်ရောက်ရှိလာပြီဖြစ်လို့  အမျိုးသမီးပြိုင်ပွဲဝင် ၃ ဦး  ယှဉ်ပြိုင်ခဲ့ပြီး၊ ဆယ်လီစိုးက  ပထမ၊ ကျွန်မက ဒုတိယနဲ့ Rosie Hoe က တတိယ ဖြစ်ပါတယ်။ ဆယ်လီစိုးက အမျိုးသားများ ကိုဖြတ်ကျော်ပြီး ရှေ့ဆုံးကနေ  ပန်းဝင်သည် သာမက ၁၉၆၆ က ကျွန်မတင်ထားတဲ့ စံချိန်ရော၊ William Smyth တင်ထားတဲ့ စံချိန် ထက်ပါ သာလွန်ခဲ့ပါတယ်။

တာတိုပြိုင်ပွဲများ

၁၉၆၅ ခုနှစ်အတွက် တာတိုရေကူးပြိုင်ပွဲ များကို ဖေဖော်ဝါရီလ ၇ ရက်က သထုံလမ်း ကန်မှာ  ကျင်းပခဲ့ပါတယ်။  အမျိုးသားပွဲစဉ် တွေကတော့ ကိုက်  ၁၀၀  (ကန်သုံးခေါက်)  အလွတ်ကူး၊ ပက်လက်ကူး၊ ရင်ပေါင်တန်းကူး၊  လိပ်ပြာကူးတို့ဖြစ်ပြီး၊ အမျိုးသမီးပွဲစဉ်တွေကတော့ အဆိုပါ  ရေကူးနည်းများဖြင့်ပင်   ၆၆ (၂/၃ကိုက်) (ကန်နှစ်ခေါက်)   ပွဲများပဲ     ဖြစ်ပါ တယ်။ အမျိုးသားများအတွက် ကိုက် ၂၀၀၊ ကိုက်၄၀၀ အလွတ်ကူးပြိုင်ပွဲများပါပါတယ်။ အမျိုးသမီးပြိုင်ပွဲအတွက်   ကျွန်မနဲ့  ဘက်တီ ခင်ခင်ရီတို့  ၂    ဦးသာရှိတာမို့   အလွတ်ကူးနဲ့  ရင်ပေါင်တန်းကူးသာ ကျင်းပပါတယ်။

၁၉၆၆ ခုနှစ်ပွဲကို ဇန်နဝါရီလ  ၃၀  ရက်နေ့မှာ ကျင်းပခဲ့ပြီး၊ လူသစ်တန်းပြိုင်ပွဲများပါ ပါဝင်လာခဲ့ပါတယ်။ အမျိုးသားလူသစ်တန်းကတော့ ကိုက် ၁၀၀ အလွတ်ကူးနဲ့  ရင်ပေါင် တန်းကူး၊ အမျိုးသမီးကတော့ ကိုက် ၃၃ (၁/၃)  အလွတ်ကူးပြိုင်ပွဲများ      ပါဝင်ပါတယ်။ အမျိုးသားများအတွက်  ကိုက်  ၁၀၀  ပွဲများ ဖြစ်ပြီး အချို့ကူးနည်းများအတွက် ကိုက်၂၀၀၊ ကိုက် ၄၀၀၊  ကိုက် ၈၀၀  တို့  ပါဝင်ပါတယ်။ အမျိုးသမီးပွဲမှာလည်း ကိုက် ၁၀၀၊ ကိုက် ၂၀၀ အလွတ်ကူး၊ ကိုက် ၁၀၀ ရင်ပေါင်တန်းကူးနဲ့   ၆၆ ( ၂/၃) ကိုက်            
ပက်လက်ကူးတို့  ပါဝင်ပါတယ်။ အမျိုးသမီး ပြိုင်ပွဲဝင်   ၅  ဦး  ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

၁၉၆၇ ခုနှစ်မှာ  ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်  ကျင်းပခဲ့ပြီး၊ ၁၉၆၈ ခုနှစ်ပြိုင်ပွဲကတော့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ကျင်းပခဲ့ ပါတယ်။ ယခင်နှစ်များထက်  ပြိုင်ပွဲဝင်သည့်သူ ပိုများလာပြီး၊ ပွဲစဉ်အသစ်များလည်း တိုးချဲ့ ကျင်းပခဲ့ကြပါတယ်။ အမျိုးသားဒိုင်ဗင်ပြိုင်ပွဲ ကို ၁၉၆၄  မှစတင်ကျင်းပနိုင်ခဲ့ပြီး၊ အမျိုးသမီး ဒိုင်ဗင်ပြိုင်ပွဲကိုမူ   ၁၉၆၇   မှသာ   စတင် ထည့်သွင်းနိုင်ခဲ့ပါတယ်။

တက္ကသိုလ်ပေါင်းစုံရေကူးပြိုင်ပွဲများ

တက္ကသိုလ်ပေါင်းစုံ    ရေကူးပြိုင်ပွဲကို ဒုတိယပညာသင်နှစ်ဝက် မိုးတွင်းကာလမှာ ကျင်းပလေ့ရှိပါတယ်။   သထုံလမ်းကန်မှာ ရေကူးလမ်းကြောင်း  ၆  ကြောင်းသာရှိတဲ့ အတွက် ပြိုင်ပွဲဝင် ခြောက်ဦးကျော်တဲ့ ပွဲစဉ် တွေမှာ  လူရွေးပွဲကို  အရင်ကျင်းပပါတယ်။ တာဝေးပြိုင်ပွဲများဖြစ်တဲ့ ကိုက် ၈၀၀ နဲ့ ကိုက် ၁၅၀၀   ပြိုင်ပွဲများကိုလည်း    ကြားရက်မှာ ကျင်းပလေ့ရှိပါတယ်။     တာဝေးပွဲများကို ၁၉၆၅ နဲ့ ၁၉၆၆ခုနှစ်များက သထုံလမ်းကန် မှာ ကျင်းပပေမယ့်   ၁၉၆၇   ခုနှစ်ကစပြီး  အင်းယားကန်ပေါင်မှာပဲ  ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံ   ရေကူးအဖွဲ့ချုပ်က   သတ်မှတ်ခဲ့ တဲ့   စည်းမျဉ်းများအတိုင်း၊   ပွဲစဉ်တစ်ခုကို  တက္ကသိုလ်တစ်ခုစီမှ     ပြိုင်ပွဲဝင်    နှစ်ဦး ယှဉ်ပြိုင်နိုင်ပြီး၊   တစ်ဦးချင်းပြိုင်ပွဲတွေမှာ ပြိုင်ပွဲဝင်တစ်ဦးက  ပြိုင်ပွဲ  ၃  ခုထက်ပိုပြီး ယှဉ်ပြိုင်ခွင့်မရှိပါ။  ထိုစဉ်က  တက္ကသိုလ် အသီးသီးရဲ့     ရေကူးလေ့ကျင့်ခြင်းများကို သထုံလမ်းကန်မှာ မနက်  သို့မဟုတ် ညနေ အချိန်များမှာ   လေ့ကျင့်ကြသည်သာမက အမျိုးသားရေကူးကန်၊ ကုက္ကိုင်းရေကူးကန်၊ Orient Club ရေကူးကန် (ယခု ကန်တော်ကြီးရေကူးကန်)     မှာလည်း    မိမိအစီအစဉ်နဲ့ ဖြစ်စေ၊  အဖွဲ့လိုက်ဖြစ်စေ   လေ့ကျင့်ကြပါ တယ်။

၁၉၆၄-၆၅ ပညာသင်နှစ် ပြိုင်ပွဲများကို သြဂုတ်လ  ၁ ရက်နေ့မှာ  ကျင်းပခဲ့ပါတယ်။ ကျွန်မတို့  ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ( RASU) အနေနဲ့ အမျိုးသမီးအသင်းမှာ နောက်ဆုံးမှ သာ ပန်းဝင်ခဲ့ပြီး  RASU  အမျိုးသားအသင်းကတော့ ပွဲစဉ်တိုင်းဝင်ပြိုင်နိုင်ပြီး ဆုတံဆိပ်များ ရရှိခဲ့ပါတယ်။ အမျိုးသမီးအသင်းကမူ ပွဲစဉ် တိုင်း    ဝင်ရောက်နိုင်ခြင်း     မရှိတဲ့အတွက် ငွေတံဆိပ်နှစ်ခု၊   ကြေးတံဆိပ်တစ်ခုသာ ရခဲ့ပါတယ်။  အမျိုးသမီးပြိုင်ပွဲဝင်များဟာ လည်း တစ်ဦးချင်း ဆုတံဆိပ်ရရှိရေးကို ပဓာန မထားဘဲ၊     မိမိတို့   တက္ကသိုလ်အသင်း အမှတ်များများရရှိရေးအတွက် အားကစား စိတ်ဓာတ်အပြည့်နဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ RASU  အမျိုးသားပြိုင်ပွဲနဲ့  အမျိုးသမီးပြိုင်ပွဲ များအားလုံးမှာ ရရှိတဲ့ ရမှတ်များရဲ့  စုစုပေါင်း ရမှတ်ဟာ အခြားအသင်းတွေ ရမှတ်ထက် အများဆုံးရရှိခဲ့လို့   ၁၉၆၅     ခုနှစ်အတွက် တက္ကသိုလ်ပေါင်းစုံရေကူးပြိုင်ပွဲမှာ တံခွန်စိုက် ဒိုင်းဆု ရရှိခဲ့ပါတယ်။

အဲဒီနှစ်မှာ  ဆရာများအတွက်   ပြိုင်ပွဲ လည်း  ကျင်းပပေးခဲ့ပါတယ်။   ပြိုင်ပွဲဝင်သူ အားလုံးကိုတော့ မမှတ်မိပါ။ ကျွန်မတို့ RASU မြန်မာစာဌာနမှ    လက်ထောက်ကထိက ဦးစံတင်နဲ့  ဆေး(၁)မှ   မော်ကွန်းထိန်း ဦးကျော်ခင်တို့ ပထမပူးတွဲရပါတယ်။ ဆေး(၁)မှ  ဒေါက်တာမြင့်သိန်းလည်း    ဝင်ရောက် ယှဉ်ပြိုင်ပါတယ်။ 

ထိုနှစ် သြဂုတ်လနောက်ဆုံးပတ် စနေနေ့မှာ  ကျွန်မတို့ရဲ့   ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာမောင်မောင်ခက   သူ့ရဲ့နေအိမ်မှာ  တံခွန်စိုက်ဒိုင်းရရှိခဲ့တဲ့ ကျွန်မတို့ တက္ကသိုလ် ရေကူးအသင်းနဲ့ ဘောလုံးအသင်းကို ညစာ စားပွဲနဲ့ ဂုဏ်ပြုပါတယ်။ သင်္ချာပါမောက္ခ ဆရာကြီး      ဦးဘတုတ်နဲ့   ဇနီး၊   ရေကူး ဆပ်ကော်မတီဥက္ကဋ္ဌ ရူပဗေဒပါမောက္ခ ဆရာ ကြီး ဦးစံသာအောင်နဲ့   တက္ကသိုလ်အားကစား အရာရှိ ဆရာငြိမ်းတို့လည်း ပါကြပါတယ်။ တက္ကသိုလ်အနုပညာအသင်းမှ ပတ္တလားဆရာ တစ်ဦးနဲ့    အမျိုးသမီးအဆိုတော်   နှစ်ဦးက လာရောက်    ဖျော်ဖြေပါတယ်။    ဆရာခက ကိုယ်တိုင်    တယောထိုးပြီး၊  ဆရာခရဲ့ဇနီး အန်တီရူဘီ(Ruby)က သီချင်းဆိုပါတယ်။ ခေတ်ဟောင်းသီချင်းများ သီဆိုကြပါတယ်။ ဆရာငြိမ်းက စစ်ကြိုခေတ်က University Team ဘောလုံးပွဲနိုင်ခဲ့စဉ်က  သီဆိုခဲ့ကြတဲ့ သီချင်းကို ဆိုပြပါတယ်။ ဆရာခက ကျွန်မတို့ အမျိုးသမီးများကိုလည်း     ပါဝင်စေလိုသဖြင့် “ခဏခဏ     မကြာမကြာ   ပြောဖူးပါတယ်၊  မောင့်ကိုသာ အချစ်ဆုံးကွယ်ဆိုတဲ့ သီချင်းလေးရော မဆိုတတ်ဘူးလား”လို့   မေးပြီး ကျွန်မတို့ကို ဖိတ်ခေါ်ပါတယ်။

ကျွန်မက အင်းယားကန်ကို အမျိုးသား များနဲ့ တစ်ယောက်တည်း ယှဉ်ကူးနိုင်သော် လည်း လူစိမ်းများရှေ့မှာ တစ်ယောက်တည်း သီချင်းဆိုဖို့ သတ္တိမရှိပါ။ ဒါပေမယ့် အဲ့ဒီညက ကျွန်မတို့ရတဲ့     ခေတ်ဟောင်းတေးတွေကို သံပြိုင်တော့ သီဆိုခဲ့ကြပါတယ်။ ကျွန်မတို့ အမျိုးသမီးများကို ကဖို့တောင်းဆိုကြသော် လည်း  မကရဲကြသဖြင့်        ငြင်းဆန်ကြပါတယ်။ နောက်ဆုံးတော့    ကျွန်မတို့       အသင်း ခေါင်းဆောင်  မြန်မာ့လက်ရွေးစင်    ရေကူး သမား ကိုအေးကျော် (စနစ်ဟောင်း  B.Sc Final)က “ရန်ကုန်သူ သီချင်း”နဲ့  ကပြပါတော့ တယ်။ ညစာစားပွဲအပြီးမှာ   အန်တီရူဘီ (Ruby)ကိုယ်တိုင်   ကျွန်မတို့ အမျိုးသမီးတွေ ကို  အိမ်တိုင်ရာရောက်   ပြန်ပို့ပေးခဲ့ပါတယ်။

၁၉၆၅-၆၆ ပညာသင်နှစ် ရေကူးပြိုင်ပွဲကိုတော့ ဇူလိုင်လနှောင်းပိုင်းမှာ ကျင်းပပါတယ်။ ဆရာခနဲ့ ဆရာ ဦးစံသာအောင်တို့က ကျွန်မ တို့ရေကူးလေ့ကျင့်နေတဲ့ သထုံလမ်းကန်ကို နေ့စဉ်လာရောက်ပြီး  အားပေးပါတယ်။ အဲဒီ နှစ်က ကျွန်မဖခင် အဝေးရောက်နေချိန်ဖြစ်ပြီး မိခင်ကလည်း   နှလုံးရောဂါ   ခံစားနေရတာကြောင့် ဆရာဝန်က အနားယူခိုင်းထားတာမို့  ရေကူးကန်ကို သွားရောက် ရေကူးလေ့ကျင့်ဖို့ အခက်အခဲရှိတာကို ဆရာခ သိရှိသွားတဲ့တွက်  မော်ကွန်းထိန်း ဒေါ်စိန်စိန်ကို ကျွန်မ သွားရေး လာရေး     စီစဉ်ပေးဖို့    တာဝန်ပေးပါတယ်။ အန်တီစိန်က သူ့ ရုံးကားနဲ့  နံနက် ၅ နာရီခွဲ အိမ်ကနေ လာကြိုဖို့နဲ့   နံနက်  ၇  နာရီမှာ ရေကူးကန်ကနေ   အိမ်ပြန်ပို့ဖို့    စီစဉ်ပေး ပါတယ်။

အဲဒီနှစ်ကလည်း   ကျွန်မတို့  RASU  နဲ့ ဆေး(၁)တို့ အကြိတ်အနယ်  ယှဉ်ပြိုင်ခဲ့ရပါ တယ်။ ပွဲစဉ် အသစ်များလည်း ထပ်တိုးသလို အမျိုးသမီးပြိုင်ပွဲဝင်အင်အားလည်း တိုးလာ ခဲ့ပါတယ်။ ကျွန်မတို့ RASU က အမျိုးသမီး ပြိုင်ပွဲဝင် ၅ ယောက်ပဲ ရှိပါတယ်။ ထိုအထဲက တစ်ဦးဖြစ်တဲ့     ကန်တစ်ခေါက်ကူးနိုင်တဲ့ ကျွန်မ  အတန်းဖော်သူငယ်ချင်းကို   ဒိုင်ဗင် ပြိုင်ပွဲဝင်နိုင်ဖို့   အရေးပေါ်လေ့ကျင့်ပေးပြီး ပြိုင်ပွဲဝင်ခဲ့ကြရပါတယ်။  ဆေး(၁)မှ မြင့်မြင့် စိန်နဲ့ မီမီဇင်တို့  ပြိုင်ပွဲတိုင်း  ပထမရရှိကြပါ တယ်။ မြင့်မြင့်စိန်က    မြန်မာနိုင်ငံရေကူး အဖွဲ့ချုပ်မှ ကျင်းပတဲ့ပြိုင်ပွဲများနဲ့  ၁၉၆၂-၆၃ ကျောင်းပေါင်းစုံ        ရေကူးပြိုင်ပွဲများမှာ ဆုများစွာ ရရှိထားသူဖြစ်သလို   ဒိုင်ဗင်ပြိုင်ပွဲ မှာလည်း ဆုရရှိသူဖြစ်ပါတယ်။ ကျန် ဆေး (၁)အမျိုးသမီး    ရေကူးသမားတွေကလည်း ကျွန်မတို့အသင်းမှ   ရေကူးသမားများထက် ပိုတော်ကြပါတယ်။  စီးပွားရေးတက္ကသိုလ်မှ ရင်ရင်မြင့်သည်လည်း    ပွဲတိုင်းပထမရခဲ့ပါ တယ်။ ယမန်နှစ်ကလိုပဲ  အမျိုးသမီးအသင်း က  ငွေ နှစ်ခု၊ ကြေးတစ်ခုနဲ့  အလွတ်ကူးနဲ့ လေးမျိုးကူး    လက်ဆင့်ကမ်းပြိုင်ပွဲနှစ်မျိုး စလုံးမှာတော့ စတုတ္ထနေရာကနေ မတက်သေးပါ။ သို့သော် ကျွန်မတို့ အမျိုးသမီးအသင်း အနေနဲ့    ဆုတံဆိပ်ရဖို့   အခွင့်အရေးမရှိကြောင်း   သိသော်လည်း    မိမိတို့တက္ကသိုလ် တံခွန်စိုက်ဒိုင်းရရှိရေးအတွက် အမှတ်ပိုမိုရရှိအောင်  တတ်နိုင်သည့်ဘက်မှ    အားကစား စိတ်ဓာတ်အပြည့်နဲ့ ကြိုးစားယှဉ်ပြိုင်ခဲ့ကြ ပါတယ်။

ကျွန်မတို့ တက္ကသိုလ်အမျိုးသားပွဲစဉ်များ မှာတော့ အခြားတက္ကသိုလ်များနဲ့ ကြိုးစား ယှဉ်ပြိုင်ခဲ့ကြရပြီး ပွဲတိုင်းမှာ ဆုတံဆိပ်များ ရရှိကြပါတယ်။ ပြိုင်ပွဲကျင်းပနေစဉ်အတွင်း အသင်းလိုက်ရရှိကြတဲ့ အမှတ်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီ   ကြေညာပေးလျက်ရှိ သဖြင့်  ပြိုင်ပွဲများမပြီးခင်အထိ ဆေး(၁)က အမှတ်သာလိုက်၊  RASU   က အမှတ်သာလိုက် ဖြစ်နေပါတယ်။  ပွဲစဉ်အားလုံး    ပြီးဆုံးသွားတဲ့ နောက်   နောက်ဆုံးရလဒ်မှာ   ဆေး(၁)  က RASU ထက်   ၆   မှတ်အသာနဲ့  ၁၉၆၆ ခုနှစ် အတွက် ရေကူးတံခွန်စိုက်ဒိုင်းကို  ရရှိသွား ခဲ့ပါတယ်။

ဝါတာပိုလိုဗိုလ်လုပွဲတွင်   ဆေး(၁)  နဲ့  စီးပွားရေးတို့  အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပါ တယ်။   စီးပွားရေးတက္ကသိုလ်အသင်းမှာ  ရစ်ချက်ရှိန်၊ ကိုထင်ကျော် (နိုင်ငံတော်သမ္မတ (ငြိမ်း))၊ ကိုမြင့်သောင်း (ရန်ကုန်တိုင်း စီမံ/ဘဏ္ဍာဝန်ကြီး (ကွယ်လွန်))  တို့လည်း ပါဝင် ကြပါတယ်။ ဆေး(၁)မှပင်   အနိုင်ရသွားခဲ့ပါ တယ်။ ထိုစဉ်က ဆေး(၁) ရဲ့ အားကစားနည်းပြ က   မြန်မာ့လက်ရွေးစင်    ဒိုင်ဗင်သမား ဦးသက်ဝင်း ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

စာရေးသူ၏ ကိုယ်ရေးအကျဉ်း
-------------------------------
- အမည်  အေးညွန့်ကြည်
- မွေးသက္ကရာဇ် - ၉-၈-၁၉၄၇
- ဇာတိ- ရန်ကုန်
- ပညာအရည်အချင်း   Methodist English High School မှ (ယခု အ.ထ.က (၁) ဒဂုံ)   ၁၉၆၄ တွင် တက္ကသိုလ်ဝင်တန်း  အောင်မြင်ခဲ့ သည်။ B.Sc. (Industrial Chemi-try)  ဘွဲ့ကို   ရန်ကုန်တက္ကသိုလ်မှ ၁၉၆၈ တွင်လည်းကောင်း၊ M.Sc (Industrial Chemistry) ဘွဲ့ကို ရန်ကုန်တက္ကသိုလ်  ၁၉၇၇  တွင် လည်းကောင်း ရရှိခဲ့ပါသည်။
- အလုပ်အကိုင်  ၁၉၆၉  မှ ၁၉၈၆ အထိတွင် သရုပ်ပြ၊ လက်ထောက် ကထိက       ရာထူးများဖြင့် မော်လမြိုင်ကောလိပ်၊      ဆေး တက္ကသိုလ်(၁)၊  ရန်ကုန်တက္ကသိုလ် နှင့်  ရန်ကုန်စက်မှုတက္ကသိုလ်တို့ ၏  ဓာတုဗေဒဌာနများတွင်လည်းကောင်း၊ ၁၉၈၆ မှ ၁၉၉၅ အထိ ကထိက၊ တွဲဖက်ပါမောက္ခရာထူး များဖြင့်    ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်  ဓာတုဗေဒဌာနတွင် လည်းကောင်း၊ ၁၉၉၅ မှ ၂၀၀၄ အထိ ပါမောက္ခ/ဌာနမှူးအဖြစ် ဒဂုံတက္ကသိုလ်၊  ကုန်ထုတ်ဓာတုဗေဒဌာနတွင်    လည်းကောင်း၊ ၂၀၀၄ မှ ၂၀၀၇ အထိ ပါမောက္ခ/ဌာနမှူးအဖြစ် ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်   ဓာတုဗေဒဌာနတွင် လည်းကောင်း  အသီးသီးတာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၀၇၊ ဒီဇင်ဘာ တွင် သက်ပြည့်အငြိမ်းစားယူခဲ့ ပါသည်။ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ၁၉၉၀ မှ ၉၅ အထိ လည်း ရန်ကုန်တက္ကသိုလ် ရေကူး ဆပ်ကော်မတီ   ဥက္ကဋ္ဌတာဝန် ယူခဲ့ပါသည်။ အငြိမ်းစားယူပြီးနောက်ပိုင်း   ဆက်လက်၍ အချိန် ပိုင်းပါမောက္ခအဖြစ် ကုန်ထုတ် ဓာတုဗေဒဌာန၊ ရန်ကုန်တက္ကသိုလ် တွင်လည်းကောင်း၊   ကုန်ထုတ် ဓာတုဗေဒဘာသာရပ်၏  သင် ကြားရေး    အဖွဲ့ဝင်အဖြစ်လည်းကောင်း၊  ကုန်ထုတ်ဓာတုဗေဒ ဘာသာရပ်၏   ပါရဂူသင်တန်း ဦးစီးကော်မတီဝင်အဖြစ်လည်းကောင်း၊  မြန်မာနိုင်ငံ   ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များအဖွဲ့၏ အဖွဲ့ဝင် ဖြစ်လည်းကောင်း  တာဝန်ထမ်းဆောင်လျက်ရှိပါသည်။