mdn


ကောင်းမြတ်နွယ် (စင်ကာပူ)

 

နိုင်ငံတစ်နိုင်ငံ ကမ္ဘာ့အလယ်မှာ ဝင့်ထည် မျက်နှာပန်းလှ ပြီး      အဲဒီနိုင်ငံသူနိုင်ငံသားတွေ      ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာမြင့်မားစွာ အရေးထားခံရပြီဆိုရင် အဲဒီနိုင်ငံ ဟာ အောင်မြင်တိုးတက်တဲ့နိုင်ငံလို့ သတ်မှတ်နိုင်ပါတယ်။

အာရှမှာတော့        အောင်မြင်ခံ့ညားစီးပွားရေး တိုးတက်တဲ့နိုင်ငံတွေကို   အာရှကျားလို့    ခေါ်ပါတယ်။ တစ်ချိန်က အာရှကျားတစ်ကောင်ဖြစ်ခဲ့ဖူးတဲ့  မြန်မာ ဟာလည်း    အခုအခါ         အာရှကျားတစ်ကောင်ဖြစ်ဖို့ ခေါင်းထောင်ထလာပါပြီ။


၁၉၄၈ ခုနှစ်  မြန်မာနိုင်ငံ   လွတ်လပ်ရေးရပြီးစ ကာလမှသည်  ၁၉၆၀ ပြည့်နှစ်ကျော် ကာလများအထိ အာရှမှာ ခံ့ညားလှတဲ့ အာရှကျား မြန်မာကို စင်ကာပူနိုင်ငံ စတင်ထူထောင်သူ ဝန်ကြီးချုပ် လီကွမ်ယုက မြန်မာနိုင်ငံ အောင်မြင်ခြင်း လျှို့ဝှက်ချက်များကို စထရင်းဟိုတယ် မှာ တည်းခိုကာ   လေ့လာဆည်းပူးအတုယူခဲ့ရကြောင်း သူကိုယ်တိုင်ရေးသားတဲ့ “တတိယကမ္ဘာမှ ပထမသို့ (Third World to First)” မှာ ရေးသားဝန်ခံထားပါတယ်။
စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ကွယ်လွန်သူ မစ္စတာ လီကွမ်ယုက “မြန်မာနိုင်ငံကို စင်ကာပူနိုင်ငံကမီဖို့ နှစ်ပေါင်း ၂၀ ကြိုးပမ်းရဦးမှာဖြစ်တဲ့အကြောင်း” လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၅ နှစ် စင်ကာပူနိုင်ငံကို စတင်တည်ထောင် စက ပြောကြားခဲ့ပါတယ်။ တကယ်လည်း သူပြောပြီး ၁၀ နှစ် မကြာခင် ကျော်တက်သွားခဲ့ပါတယ်။


၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်  စင်ကာပူနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ်လာရောက်စဉ် “မြန်မာနိုင်ငံ ဟာ စင်ကာပူနိုင်ငံကို နှစ်ပေါင်း ၂၀ အတွင်း ကျော်တက် မယ်”လို့ပြောခဲ့တဲ့အတွက်  မီဒီယာတွေနဲ့  ကမ္ဘာ့နိုင်ငံ တွေက အံ့ဩခဲ့ကြပါတယ်။


အခုဆောင်းပါးမှာ စင်ကာပူနိုင်ငံရဲ့ အောင်မြင်ခြင်း လျှို့ဝှက်ချက်များကို “ Fifty Secrects of Singapore’s Success” စာအုပ်မှ ကောက်နုတ်ဖော်ပြထားပါတယ်။ တိုင်းပြည်တစ်ပြည် တိုးတက်အောင်မြင်ဖို့ နည်းလမ်းတွေ ကို လေ့လာနိုင်ပါတယ်။

ဒီစာအုပ်မှာ ဘာသာရပ်အသီးသီးမှ ကျွမ်းကျင် သူတွေ၊ တက္ကသိုလ်မှပါရဂူတွေ၊ ပါမောက္ခတွေ ပါဝင် ရေးသားတဲ့ ဆောင်းပါးပေါင်း ၅၀ ကို ပရော်ဖက်ဆာ တော်မီခိုး (Professor Tommy Koh)က တည်းဖြတ် ခဲ့တာ ဖြစ်ပါတယ်။  တော်မီခိုးဟာ  စင်ကာပူ  အမျိုးသား တက္ကသိုလ်(The National University of Singapore) ဥပဒေဌာနရဲ့ ပါမောက္ခတစ်ဦးဖြစ်သလို     နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ နိုင်ငံတော်ရဲ့အရေးပါတဲ့ လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေသူတစ်ဦး ဖြစ်ပါတယ်။


ဒီစာအုပ်ဖြစ်ပေါ်လာခြင်းရဲ့          နောက်ကွယ်မှာ ပုံပြင်လေး နှစ်ပုဒ်ရှိတယ်ဆိုပါတယ်။
မက္ကဆီကိုနိုင်ငံမှ တက္ကသိုလ်ကျောင်းသူ ကျောင်း သား ၂၈ ဦးက သူတို့ပြည်နယ်အုပ်ချုပ်သူရဲ့ အကြံ ပြုချက်နဲ့အညီ    စင်ကာပူနိုင်ငံမှာ   ရက်သတ္တပတ်ကြာ နေထိုင်လေ့လာခဲ့ကြပါတယ်။  အဲဒီနောက်  တော်မီခိုးနဲ့ တွေ့ဆုံဖို့ တောင်းဆိုပြီး တွေ့ဆုံဆွေးနွေးပွဲမှာ ကျောင်းသူ တစ်ယောက်က   “စင်ကာပူနိုင်ငံ    အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်”ကို   မေးမြန်းခဲ့ပါတယ်။   ပါမောက္ခက အောင်မြင်ခြင်းဟာ         တစ်ချက်တည်းမဟုတ်ပါဘူး၊ အကြောင်းပေါင်းများစွာ   ရှိပါတယ်လို့   ပြောကြားခဲ့တဲ့ အတွက် အဲဒီကျောင်းသူက စင်ကာပူနိုင်ငံရဲ့ အောင်မြင် ခြင်း   လျှို့ဝှက်ချက်များစာအုပ်   ရေးသားဖို့ တိုက်တွန်း ခဲ့ပါတယ်။

အဲဒီနောက် ရက်အနည်းငယ်အတွင်းမှာပဲ စင်ကာပူ နိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံအမျိုးသမီး သံအမတ် ပေါ်လာ ပါဗီယမ်နန် (Paula Parviainen) ထံက မမျှော်လင့်တဲ့ လက်ဆောင်ကို လက်ခံရရှိပါတယ်။ ပေါ်လာက “ဖင်လန် နိုင်ငံ လူ့အလွှာဆန်းသစ်တီထွင်မှု ၁၀၀”(100 Social Innovation From Finland)စာအုပ်ကို ပေးပို့လိုက်တာပါ။ ဒီစာအုပ်က နိုင်ငံတကာ အရောင်းရဆုံးစာအုပ်စာရင်းဝင် ဖြစ်ပြီး ဘာသာပေါင်း  ၂၇  ဘာသာသို့ ပြန်ဆိုပြီးလည်း ဖြစ်ပါတယ်။

ဒါဟာ  တော်မီခိုးကို   စင်ကာပူအောင်မြင်မှုစာအုပ် လုပ်ဖို့ အားအင်ဖြစ်စေခဲ့တယ် ဆိုပါတယ်။
မည်သို့ပင်ဆိုစေ ဒီစာအုပ်မှ လေ့လာစရာများစွာ ပါဝင်တာတွေ့ရပါတယ်။


ယနေ့ ကမ္ဘာကြီးမှာ  သတင်းဆိုးများကသာ   စိုးမိုး ခြယ်လှယ်နေကြပြီး သတင်းကောင်းများကား ငတ်မွတ် ရှားပါးလျက်ရှိပါတယ်။ 

အောင်မြင်ခြင်းသတင်းကောင်းကို ကြွားဝါဖို့မဟုတ် ရိုးရိုးကုပ်ကုပ် နှိမ့်ချတင်ပြသကဲ့သို့ တိုးတက်မှုလမ်းစဆီ လှမ်းချီနေသောနိုင်ငံတွေအတွက်   လှုံ့ဆော်အားပေးမှု တစ်ခုဖြစ်မယ်လို့    ယုံကြည်ကြောင်း     ဒီစာအုပ်ကို  စီစဉ် တည်းဖြတ်သူ တော်မီခိုးက စကားပလ္လင်ခံထားပါတယ်။


တိုင်းပြည်က သေးငယ်နေပါစေ၊ သဘာဝ သယံဇာတ အရင်းအမြစ်က မရှိရင်နေပါစေ၊ လက်မှိုင်ချနေဖို့မဟုတ်။ သင်တို့မှာ ခိုင်မာတဲ့ နိုင်ငံရေးပေါ်လစီရှိပြီ၊ အခွင့်အလမ်း ကောင်းတွေရှိပြီ၊ အရည်အချင်းကောင်းနဲ့ ရိုးဖြောင့်တဲ့ ခေါင်းဆောင်ကောင်းရှိပြီ၊ ပြည်သူ့အမှုထမ်းကောင်းများရှိ ပြီ၊ စက်မှုလုပ်ငန်းကောင်းများနဲ့ ဆီလျော်လိုက်လျောညီ သော လူဦးရေရှိပြီဆိုလျှင် သင့်ရဲ့သဘာဝအရင်းအမြစ်မရှိမှု နဲ့    အကန့်အသတ်ဘောင်ကျဉ်းမှုအားလုံးကို  ကျော်လွှား အောင်မြင်နိုင်မှာဖြစ်ပါတယ်လို့   တော်မီခိုးက  အားပေး ပါတယ်။

စင်ကာပူနိုင်ငံဟာ စံပြနိုင်ငံရယ်လို့ မကြွားလိုပါဘူး၊ ဒါပေမယ့် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံ  ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကိုဖြေရှင်းဖို့  အဖြေရှိတဲ့  အရင်းအမြစ်ပဲ ဖြစ်ပါတယ်လို့ ဆိုပါတယ်။


စာမျက်နှာ ၃၄၀ ပါတဲ့ ဒီစာအုပ်မှာ ဆောင်းပါးပေါင်း  ၅၀ ပါဝင်ပြီး ကဏ္ဍပေါင်းကိုးခု ခွဲထားပါတယ်။

၁။ စီးပွားရေးအောင်မြင်မှု

၁၉၆၅ ခုနှစ်က ပြည်တွင်းထုတ်ကုန်ပမာဏ (Gross Domestic  Product –  GDP)    နှစ်စဉ်   ထုတ်ကုန်နှင့် ဝန်ဆောင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ  ၅၀၀ သာရှိခဲ့ရာ ကနေ ပြီးခဲ့တဲ့နှစ်က အမေရိကန်ဒေါ်လာ  ၆၄,၀၀၀ အထိ တိုးတက်လာတဲ့အတွက် အဆပေါင်း ၁၂၈ ဆ  မြင့်တက် လာတာ ဖြစ်ပါတယ်။ ၂၀ ရာစုနှစ်အတွင်း အကြီးမားဆုံး တိုးတက်မှု မှတ်တမ်းလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ဘာကြောင့် အောင်မြင်တိုးတက်ရသလဲဆိုတာကို စီးပွားရေးပရော်ဖက်ဆာ တန်ကောင်ရမ်း (နန်ယန်းနည်း ပညာတက္ကသိုလ်)က အဖွင့်ဆောင်းပါးမှာ အဖြေရှာပြထား ပါတယ်။ စင်ကာပူက အမြော်အမြင်ကြီးပြီး စိတ်ကူးဉာဏ် မြင့်မားတဲ့အပြင် ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိတဲ့  ခေါင်းဆောင် တွေ ရထားတယ်။ စွမ်းအားရှိတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ ရှိတယ်။   ဝန်ဆောင်မှုတွေကို    ဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ ပြင်ဆင်ထားတယ်။ လုပ်ဆောင်ရာမှာ ပူးပေါင်းပါဝင်မှုတွေ ရှိတဲ့အတွက် ပြည်သူ့လုပ်ငန်းတွေ ဝန်ဆောင်မှုပေးရာမှာကျွမ်းကျင်လိမ္မာအကျိုးထိရောက်မှုရှိတယ်။
မူဝါဒတွေ ချမှတ်ရာမှာလည်း လူကြိုက်များရုံ ရေတို စီမံကိန်းတွေကို လုပ်မယ့်အစား မယိုင်မလဲနိုင်တဲ့  ရေရှည် စီမံကိန်းတွေကို ဆွဲပါတယ်။ စင်ကာပူရဲ့ အစိုးရကောင်းက တာဝန်ယူမှု၊    ပွင့်လင်းမြင်သာမှု၊    ရေရှည်စီမံကိန်းနဲ့ လူမှုရေးတရားမျှတမှုရှိတယ်လို့ အဖြေထုတ်ပါတယ်။

တိုင်းပြည်များစွာ ရင်ဆိုင်နေရတဲ့ပြဿနာက အထူး သဖြင့် လူငယ်တွေအကြားမှာ အလုပ်လက်မဲ့မြင့်တက်ခြင်း ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံက အလုပ်လက်မဲ့နှုန်းအလွန်နည်းပါတယ်။ နိုင်ငံတကာကနေ အလုပ်သမားတွေ ခေါ်ခန့် ရသေးတယ်။  စင်ကာပူနိုင်ငံ  စီးပွားရေးမြင့်တက်လာတဲ့ ၁၉၇၄  ခုနှစ်ကစလို့   အလုပ်လက်မဲ့ဦးရေ   လေးရာခိုင်နှုန်း အောက်ကို ကျဆင်းသွားပြီး  လူတိုင်းအလုပ်ကိုယ်စီရှိလာ တယ်။

၁၉၇၄-၁၉၇၅ ခုနှစ် ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်မှုနဲ့ ၁၉၈၆  ခုနှစ် ကမ္ဘာ့စီးပွားရေးကပ်ကြောင့်   ဂယက်ထတာ ကလွဲရင် ၁၉၈၉ ခုနှစ်မှာ နှစ်ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ ၁ ဒသမ    ၄   ရာခိုင်နှုန်းအထိ ကျဆင်းသွား ပါတယ်။ လူတစ်ရာမှာ ၉၈ ယောက်  အလုပ်ကိုယ်စီရှိကြတယ်  ဆိုပါတော့။  ၁၉၉၇-၁၉၉၈ ခုနှစ်  အာရှစီးပွားရေးကပ်၊  ၂၀၀၃ ခုနှစ် SARS ရောဂါတွေ ပြန့်ပွားနေစဉ်မှာပင်  အလုပ် လက်မဲ့ဦးရေ လေးရာခိုင်နှုန်းထက်မပိုခဲ့ပါဘူး။

အလုပ်လက်မဲ့ဦးရေနည်းဖို့ လူတိုင်းအလုပ်လုပ်နိုင်ဖို့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပြည်တွင်းလုပ်ငန်းတွေ ပွင့်လန်းလာသလို နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ  အလုံးအရင်းနဲ့    ဝင်ရောက်လျက်ရှိပါတယ်။ နိုင်ငံခြားလုပ်ငန်းကြီးများ  ဝင်ရောက်လာတဲ့အခါ  အလုပ် အကိုင်တွေရသလို နည်းပညာတွေလည်းရပါတယ်။ 

စင်ကာပူနိုင်ငံမှာ   ရင်းနှီးမြှုပ်နှံရတာ    စရိတ်စက အလွန်ကြီးပါတယ်။ မြေဈေးကြီးတယ်၊ လုပ်အားခကြီးတယ်၊ အခွန်ကလည်း   ကုန်စည်နဲ့ ဝန်ဆောင်မှုအခွန်   ခုနစ်ရာခိုင် နှုန်းနဲ့ အစစအရာရာ အခွန်အခမြင့်ပါတယ်။ လျှပ်စစ်နဲ့ရေမီတာခကလည်းကြီးပါတယ်။

သို့သော် လျှပ်စစ်တွေ၊ ရေတွေ မပြတ်တောက်ဘူး၊ ဓာတ်ဆီ၊     ဒီဇယ်ဆီ    အလွယ်တကူဝယ်ယူရရှိတယ်။ လမ်းပန်းဆက်သွယ်ရေးက ပြောစရာမရှိ။

စိတ်ချရတဲ့ ဘဏ်လုပ်ငန်းရှိတယ်။ ခိုင်မာတဲ့ငွေကြေး စနစ်ရှိတယ်။  ငွေလဲနှုန်းနဲ့   ကုန်ဈေးနှုန်းက  တည်ငြိမ်တယ်။ ဒါကြောင့်  ရင်းနှီးမြှုပ်နှံသူတွေက   ရင်းနှီးမြှုပ်နှံမှုပမာဏ ပိုကြီးပေမယ့် စင်ကာပူနိုင်ငံကို ရွေးချယ်ကြတယ်။

လူသားအရင်းအမြစ်ကျတော့ တက္ကသိုလ်နဲ့ ကျောင်း တွေက   စက်ရုံ၊ အလုပ်ရုံလုပ်ငန်းဌာနတွေနဲ့    အံဝင်ခွင်ကျ ပညာကို  ကမ္ဘာနဲ့ရင်ပေါင်တန်းပြီး   မွေးထုတ်ပေးပါတယ်။ စင်ကာပူကုန်ထုတ်လုပ်မှု တိုးမြှင့်ရေးဘုတ်အဖွဲ့(Singapore Productivity  and  Standard  Board) က သင်တန်းနဲ့ တက္ကသိုလ်အဆင့်ပညာရပ်တွေ        အထောက်အကူပေးပါ တယ်။   သက်ကြီးရွယ်အိုအလုပ်သမားတွေ    ခေတ်မီ ကွန်ပျူတာအပါအဝင်  နည်းပညာတွေ   လေ့လာနိုင်ဖို့ ရာသက်ပန်ပညာရေး(Life  Long Learing) ကျောင်းတွေက ထောက်ပံ့ငွေပေးပြီး  ရက်ရက်ရောရော   ပို့ချပေးလျက်ရှိ တာကြောင့် အလုပ်လက်မဲ့ ပြဿနာမရှိဘူးဆိုရပါမယ်။

၂။ လူမှုရေးဆိုင်ရာအောင်မြင်မှု

လူမှုရေးနဲ့  သက်ဆိုင်တဲ့   အောင်မြင်မှု ၁၀ ခုကို တင်ပြထားပါတယ်။ ပါမောက္ခတွေ၊ ပါရဂူတွေက လာဘ်စား မှု၊ ခြစားမှုတွေကို ဘယ်လိုအောင်မြင်စွာတိုက်ဖျက်နိုင်ခဲ့သလဲ၊ လူမျိုးရေးနဲ့ ဘာသာရေး စိတ်သဘောထား ညီညွတ် အောင် ဘယ်လိုထိန်းချုပ်စီမံနိုင်ခဲ့သလဲ၊ ပြည်သူ့ စုပေါင်း အိမ်ရာစနစ်နဲ့ စင်ကာပူလူမျိုးအားလုံး  ကိုယ်ပိုင်အိမ်ရရှိ နိုင်စေခဲ့သလဲဆိုတာ  ဆောင်းပါးတစ်ပုဒ်စီ   ရေးသားတင်ပြ  ထားတာ   အလွန်စိတ်ဝင်စားစရာကောင်းသလို    စိတ်ကူး စိတ်သန်းတွေကို မျှဝေခံစားဖို့လည်း ကောင်းပါတယ်။

စင်ကာပူအုပ်ချုပ်ရေးတက္ကသိုလ်           (Singapore Management University-SMU) မှ ပါမောက္ခ လီလီ ကောင်းက ဟော့ကာစင်တာ      စားသောက်ဆိုင်တန်းရဲ့ အောင်မြင်မှုကိုရေးပါတယ်။ ချက်ပြုတ်ချိန် မရလောက် အောင် အလုပ်လုပ်နေကြရပြီး  မနက်စာ၊ ညစာကို    ဟော့ကာစင်တာလို့ နာမည်ကြီးနေတဲ့ စားသောက်တန်း မှာ မိသားစုဝင်အားလုံးက ကိုယ်ကြိုက်ရာ  ဝယ်စားကြ ရပါတယ်။ ကိုယ့်အိမ်နဲ့  မလှမ်းမကမ်းမှာ  ဟော့ကာ စင်တာ  တစ်ခုနှစ်ခုရှိစမြဲပါ။ စားသောက်ဖွယ် အမည် များစွာ ရောင်းချတဲ့ဆိုင်ပေါင်း ၁၀၀၊ ၂၀၀ အထိ ရှိတတ် ပါတယ်။ မီးဖိုချောင်နဲ့ ဧည့်ခန်း၊ အိမ်ခန်းများ   တွဲလျက် ရှိတဲ့  စင်ကာပူအိမ် ဖွဲ့တည်မှုမှာ မီးဖိုချောင်ညစ်ပတ်မှာ ကြောက်တဲ့  စင်ကာပူအိမ်ရှင်မတွေအတွက်  တွက်ခြေ ကိုက်တဲ့ ဟော့ကာစင်တာကိုပဲ အားကိုးကြရပါတယ်။

ဟော့ကာစင်တာကို မြို့နယ်အုပ်ချုပ်ရေးကောင်စီ က ရေ၊ မီး၊ အခွန်အခ၊ သန့်ရှင်းရေးအတွက် စီမံအုပ်ချုပ် ပါတယ်။ ကျီး၊ ငှက်၊ ကြွက်နဲ့ ပိုးဟပ်အပြင် ကျန်းမာရေး ဆိုင်ရာ ကွပ်ကဲအုပ်ချုပ်မှုကို အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ (National Environment Agency- NEA)က ထိန်းကွပ်ပါတယ်။ စင်ကာပူနိုင်ငံမှ ဟော့ကာစင်တာက မြန်မာနိုင်ငံရဲ့ လေဟာပြင် ညဈေး တန်း သဘောတရားဆင်တူပေမယ့် ဟော့ကာစင်တာ ယဉ်ကျေးမှုဆိုပြီး ကမ္ဘာကျော်နေပါပြီ။

အဲဒီကဏ္ဍအောက်မှာပဲ
• အမျိုးသမီးများလုပ်ပိုင်ခွင့်၊
• ကျန်းမာရေးစောင့်ရှောက်မှု၊
• မွေးကင်းစကလေးနဲ့ မိခင်သေဆုံးမှုလျော့ပါးရေး၊
• အလုပ်သမားနောင်ရေးအတွက် စုဆောင်းငွေ (Central Provident Fund –CPF)၊
• ဘာသာတရားအချင်းချင်း ညီညွတ်မှု၊
• လူမှုရေးဆိုင်ရာ ဆောင်ရွက်ချက်များ ဆောင်းပါး (၁၀)ပုဒ် တင်ဆက်ထားပါတယ်။
အလုပ်သမားနောင်ရေးစုဆောင်းငွေ CPF စနစ်က မြန်မာပြည်မှာ ရေးဆွဲခဲ့တဲ့ အိုနာစာ ရန်ပုံငွေစနစ်လို့ ကြားဖူးပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားက လစာငွေ ကတည်းက သတ်မှတ်ထားတဲ့ အချိုးကျငွေပမာဏကို အစိုးရထံ အပ်ထားရပါတယ်။ ကျန်းမာရေးအတွက် ဆေးကုရင် စုဆောင်းငွေထဲက Medisave ကိုသုံးရပါ တယ်။ အလုပ်ကအနားယူတဲ့အခါ  အထောက်အပံ့ပေးမယ့် နောင်ရေးစုဆောင်းငွေ ဆောင်းပါးက အလွန်စိတ်ဝင် စားစရာကောင်းပါတယ်။


၃။ ပညာရေးအောင်မြင်မှုများ

ပညာရေးကဏ္ဍအတွက် အရေးပါတဲ့ဆောင်းပါး တွေကို   တက္ကသိုလ်မှ   ပါမောက္ခတွေ၊   ပိုလီတက္ကနစ်မှ ကျောင်းအုပ်တွေနဲ့ အမျိုးသားပညာရေးသိပ္ပံမှ ဒါရိုက်တာ တွေက ရေးသားတင်ပြထားပါတယ်။
ကမ္ဘာ့အဆင့်မီကျောင်းပညာရေးစနစ်ကို ဘယ်လို တည်ဆောက်ထားသလဲဆိုတာကို-
• ချီးကျူးဂုဏ်ယူဖွယ်အမျိုးသားပညာရေးသိပ္ပံ၊
• စင်ကာပူ ပိုလီတက္ကနစ်ပညာရေး၊
• စင်ကာပူ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်များ၊
•  ပြည်သူ့စာကြည့်တိုက်များနဲ့
•  စင်ကာပူဂဏန်းသင်္ချာဆောင်းပါးများနဲ့တင်ပြထားပါတယ်။
၄။ ယဉ်ကျေးမှုဆိုင်ရာအောင်မြင်မှုများ
• အက်ပလဲနိတ် Esplanade Theatres by the Bay
• Singapore Symphony  Orchester စင်ကာပူ အော်ခက်စတြာ သံစုံတီးဝိုင်း
• ရုက္ခဗေဒဥယျာဉ်များ
• ရာသီဥတုပြောင်းလဲခြင်းကို  ပညာပေးထားတဲ့ ပင်လယ်အော်ဘေးက ဥယျာဉ်(Garden by the Bay)နဲ့
• ပြတိုက်များပြုပြင်ပြောင်းလဲခြင်းတို့ကို  စိတ်ဝင် စားစွာ ဖတ်ရှုနိုင်ပါတယ်။

  (ဆက်လက်ဖော်ပြပါမည်)