စင်ပေါ်မှာ ခွင့်ပြုချက်မရှိဘဲ သီဆိုကြသည့် အဆိုတော် အချို့ကို မူပိုင်ခွင့်ဖြင့် တရားစွဲဖို့ စီစဉ်နေသည့် သားစိုး

၉  အောက်တိုဘာ 

 

" ရောသမမွှေ" တေးစီးရီး ထွက်ရှိခဲ့ပြီး နောက်ပိုင်း ၊ စီးပွားရေးဘက်ကို ခြေဦးလှည့်ခဲ့သည့် အဆိုတော်သားစိုးတစ်ယောက် ၊ရွှေပိုးနန်းတော် ၊ ရောသမလ္ဘက်ချဉ်စပ်လုပ်ငန်း ၊အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းတွေ လုပ်ကိုင်ရင်း ၊ ရောသမစင်တာ ဆိုပြီး  တစ်နေရာတည်းမှာ အစားအသောက်မျိုးစုံကို ရရှိနိုင်သည့် စင်တာကို မကြာသေးမီက ဖွင့်လှစ်ခဲ့ကြောင်းသိရပြီး ၊ ယင်းအနေဖြင့်  နိုဝင်ဘာလ အတွင်း "ချိုချို" ဟုအမည်ပေးထားသော တစ်ကိုယ်တော်စီးရီးခွေ ထွက်ရှိရန်ပြင်ဆင်နေကြောင်းသိရသည် ။

 

" ချိုချို ဆိုတာ တေးသံ ချိုချိုလေးတွေကိုပြောတာပါ ၊ သင်္ကြန်မတိုင်ခင်ထွက်မှာပါ ၊ ဟစ်ဟော့ ပုံစံလေးတွေ ဖန်တီးထားပါတယ် ၊ နောက်ပြီး ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းတွေ လည်းပါမယ် ၊ " ဟက်ထိတယ် " ၊ " ကမ္ဘာကျော် " ရုပ်ရှင်ကားထဲက သီချင်းတွေပါ ၊ အဲ့တော့ အခွေမှာ ဇာတ်ဝင်တေး (၆) ပုဒ် နဲ့ သီချင်းအသစ် (၈) ပုဒ်ထည့်ထားပါတယ်၊ ကျွန်တော်  ပရိသတ်တွေ စိတ်ညစ်စေမယ် ဟာတွေမပါစေရပါဘူး ၊ကျွန်တော် အနေနဲ့ဆို သီချင်းတွေ ဖန်တီးတိုင်း ခဏခဏဆိုသလို တောင်းပန်ရတာများတယ် ၊ ဒါကလည်း ကျွန်တော်မှာ လိုအပ်ချက်လေးတွေ ရှိသွားလို့ပါ ၊ " ဟု ပြောဆိုသည်။

 

ယင်းအနေဖြင့် ခိုးကူးခွေတွေ ခေတ်စားခဲ့သော အချိန်ကလည်း အားလုံး၏ အမုန်းခံအဖြစ်ခံယူပြီး ဂီတလောက ပြောင်းလဲမှုအတွက် ကျရာနေရာမှ ပါဝင်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင်လည်း မူရင်း သီဆိုထားကြသော တေးသံရှင်များအနေဖြင့် မိမိတို့ တေးသီချင်းများကို ခွင့်ပြုချက်မတောင်းဘဲ  ငွေကြေးအရ သီဆိုကြခြင်း ၊ ထုတ်လွှင့်ကြခြင်း များရှိနေသောကြောင့် ၎င်းအနေဖြင့် ထိရောက်သော ဥပဒေကျင့်ထုံးများဖြင့် တရားစွဲဆိုရန်ပြင်ဆင်နေကြောင်း သိရသည်။

 

"ကျွန်တော် အရင်ကလည်း ဂီတအကျိုးကိုအများကြီး လုပ်ခဲ့တာဆိုတော့ ကျွန်တော့်ကို ဂီတလောကက မိတ်ဆွေက ယုံကြည်ကြတယ်၊  အဲ့တော့ ခိုးကူးတင်မဟုတ်ဘူး၊ ခိုးရိုက်တာတွေကအစ ဖမ်းမှာပါ၊ ၂၀၁၄ / ၂၀၁၅ ခုနှစ်တုန်းက ခိုးကူးတွေကို ဖမ်းခဲ့တာပါ၊ အခုဆိုကျွန်တော့်ကို  နိုင်ငံကျော် အနုပညာရှင် (၄) ဦးလောက် အပ်ထားပါတယ်၊အခုဟာက ကျွန်တော်တို့ အနုပညာသမားတွေရဲ့ မူပိုင်ခွင့်တွေကို ခိုးသုံးနေကြတာကို လုပ်မှာပါ၊ စင်ပေါ်မှာ ခွင့်ပြုချက် မရှိဘဲ ယူသုံးတာတွေကို ဆိုလိုတာပါ" ဟု ထပ်မံပြောကြားခဲ့သည်။

 

သားစိုး အနေဖြင့် သူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းတွေ အားလုံးကို မူပိုင်ခွင့်များလုပ်ဆောင်သွားမည်ဟု သိရသည်။

 

ကိုလင်း