စဉ့်ကိုင် ၁၁ မတ်
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ တောင်ရင်းကျေးရွာအနီးရှိ ကံကောင်းခြင်းရတနာ အထပ်သား စက်ရုံဝင်းအတွင်း ယနေ့ မွန်လွဲ ၁ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုသည် တောမီးမှတစ်ဆင့် ကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး စက်ရုံဝင်းအတွင်းရှိ အထပ်သား ပြုလုပ်ရန် ပါကင်ထုပ်ပိုးထားသော ကော်ထိုးအထပ်သားများကို မီးကူးစက် လောင်ကျွမ်းခြင်းဖြစ်ကြောင်း အဆိုပါစက်ရုံမှ ဝန်ထမ်းတစ်ဦး၏ ပြောချက်အရ သိရသည်။
မီးလောင်ရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ကျောက်ဆည်ခရိုင်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနတို့မှ မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်မှ တပ်ဖွဲ့ဝင်များနှင့် စက်ရုံဝန်ထမ်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)


